News

POST TYPE

INTERVIEW

ခိုင်နှင်းဝေနဲ့ တွေ့ဆုံခြင်း
29-May-2019


သရုပ်ဆောင် ခိုင်နှင်းဝေနဲ့တွေ့ဆုံခိုက် မိဘမဲ့ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖြစ်ပုံနဲ့ ကိုယ်ပိုင် သမီးလေးတစ်ယောက် မွေးစားထားတဲ့အကြောင်းအပြင် ပရဟိတအလုပ်အကြောင်းတွေကိုပါ မေးမြန်းထားပါတယ်။ 

Voice : မိဘမဲ့ကလေးတွေကို ကျွေးမွေးစောင့်ရှောက်ဖြစ်နေတဲ့ အကြောင်းတွေ ပြောပေးပါဦး။
KHW : အခုဆို ကလေး ၁၅ ယောက်ရှိနေပြီပေါ့နော်။ အစ်မပင်ပန်းသမျှ တော့ သူတို့မျက်နှာလေးတွေ မြင်ရတော့ အမောကိုပြေသွားတာပဲ။ တစ်ခါတလေ ကျတော့လည်း ဒီတစ်ယောက်ပြီးရင် တော်ပြီ။ မမွေးတော့ဘူး ပင်ပန်းတယ်။ ပင်ပန်းတာထက် ရေရှည်ပေါ့။ သူတို့တွေအတွက် စိုးရိမ်တယ်။ မိစုံဖစုံရှိလို့ မမွေးနိုင်လို့ မကျွေးနိုင်လို့ ဆိုရင်တော့ အစ်မမမွေးပေးဘူး။ လမ်းမှာပစ်ထားတာတို့ မတရား ကျင့်ခံထားရလို့ ရတဲ့ကလေးတွေ အစ်မဆီ မရောက်လည်း မိဘမဲ့ကျောင်းဆီ ရောက်သွားမှာပဲ။ အစ်မနဲ့ ပဋ္ဌာန်းဆက်ရှိတဲ့ ကလေးတွေကို ကယ်ရတယ်လို့ပဲ သဘောထားပါတယ်။ ကလေးသူငယ်မုဒိမ်းမှုတွေနဲ့ ပတ်သက်ပြီး ကူညီပေးနေတယ်။ ပြီးတော့ မိဘမဲ့ကျောင်းတွေကို လိုက်ပို့ပေးတယ်။ အဲလိုပို့ပေးတော့ အစ်မလည်း စိတ်မကောင်း ဘူး။ ငါမွေးထားပြီးတော့ ဒီကလေးတွေကို စောင့်ရှောက်ပေးချင်လိုက်တာဆိုပြီး ဖြစ်တယ်။ အစ်မမှာလည်း အဲလောက်ထိ ခွန်အားမရှိသေးဘူးပေါ့။ ခြေတစ်လှမ်းကလည်း မစရင် ရောက်မှာမဟုတ်ဘူး။ အဲတော့ မွေးမယ်ဆိုပြီးတော့ အစ်မမွေးလိုက်တယ်။ မွေးရင်းနဲ့ များလာတယ်။ မပစ်နိုင်ဘူး။ အဲလိုနဲ့ ၁၅ ယောက်ဖြစ်သွားတယ်။

Voice : မခိုင်နှင်းဝေလည်း ကလေးတစ်ယောက်ကို ကိုယ်ပိုင်သားသမီးအနေနဲ့ ဘယ်လိုကြောင့် မွေးစားဖြစ်သွားတာလဲ။
KHW : မွေးထားတာကြာပြီ။ Public မှာ မချပြသေးတာ။ သမီးလေး ဆယ်လလောက်နေမှ ချပြတာပါ။ ချပြရင် ကောင်းမလား၊ မချပြရင် ကောင်းမလား စဉ်းစားနေတာ။ သမီးလေးရယ်မှ မဟုတ်ပါဘူး။ အစ်မမွေးထားတဲ့ ၁၅ ယောက်ကလည်း အရမ်းငယ်သေးလို့ အစ်မနဲ့ အတူတူ မထားတာပါ။ အစ်မလည်း စီးပွားရေးကလည်း တစ်ဖက်ဆိုတော့ အမေပဲရှိတာဆိုတော့လေ။ ကလေးတွေများရင် အမေလည်း ပင်ပန်းမှာစိုးလို့။ အရမ်းငယ်သေးတော့ တခြားနေရာမှာ ထားထားတာပါ။ ကလေးတွေ လမ်းတွေ ဘာတွေ လျှောက်တတ်ရင် အစ်မခေါ်ထားမှာပါ။ အားလုံးက အစ်မသားတွေ သမီးတွေပဲ။ တစ်ခါတလေကျရင် ငါ့သားတွေသမီးတွေ အမြန်ကြီးပါတော့လို့ ဆုတောင်းရတယ်။ အစ်မသမီးလေးနဲ့ ဆော့တယ်။ အစ်မ အေးအေးချမ်းချမ်းလေးနဲ့ နေချင်တယ်။ အစ်မသားတွေ၊ သမီးတွေကိုလှူပေးကြတဲ့ အလှူရှင်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ အစ်မကလည်း မိန်းကလေးတစ်ယောက် တည်း ရုန်းကန်နေရတာ။ ဘယ်သူကမှလည်း အတင်းမလုပ်ခိုင်းဘူး။ လှလှပပလေးနေမယ် ရုပ်ရှင်လေးရိုက်မယ်။ ရုပ်ရှင်မရိုက်ရင်လည်း တခြားအလုပ်လေးစီးပွားရေးလေးလုပ်မယ်။ အစ်မကိုယ်က ဝါသနာပါတာ။ ပရဟိတလည်း လုပ်တယ်။ ငါ့အမေအတွက်လည်း အချိန်ပေးရဦးမယ်ပေါ့။ လူတွေက တိုက်ခိုက်တာ ဝေဖန်တာတွေရှိတယ်။ ငါဘာအတွက် လုပ်နေတာလဲ။ ကိုယ့်ကို ပြန်စဉ်းထားတယ်။ ပြီးတော့ ဒီဟာတွေကို မလုပ်ဘဲလည်း မနေနိုင်ဘူး။ ဒါတွေလုပ်နိုင်တာလည်း အလှူရှင်တွေကြောင့်ပါ။ အစ်မ သမီးလေးကတော့ တိုင်းသိပြည်သိမွေးထားတော့ ကလေးကတော့ သိမှာပဲလေ။ စိတ်အားမငယ်ရအောင် ပျော်ရွှင်အောင်ထားမှာပါ။

Voice : အစ်မလုပ်နေတဲ့ ပရဟိတအလှူလေးတွေက တကယ်မရှိတဲ့သူ တကယ်လိုအပ်နေတဲ့သူတွေဆီ ထိရောက်တဲ့ အလှူတွေလုပ်နိုင်တယ်နော်။ 
KHW : ပရဟိတဆိုတာကလည်း သူ့အလိုလို သွေးထဲကနေ စိတ်ဝင်စားတယ်။ ဝါသနာပါတဲ့အခါကျတော့ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် ဘယ်နေရာမှာတော့ ဘာတွေလိုတယ်။ ဆိုက်ကားသမားတွေကို ထီးလှူသလိုပေါ့။ အစ်မတို့ အဲကွန်းနဲ့ သွားတာတောင်မှ ပူနေတာလေ။ ကာယ လုပ်သားတွေပေါ့နော်။ နေပူထဲ နင်းနေရတယ်။ လမ်းပြင်လုပ်သားတွေ သူ့နေရာနဲ့ သူပေါ့။ တွေးမိတာပေါ့နော် တွေးမိပြီးတော့ လှူဖြစ်တယ်။ ကိုယ်သွားနေလာနေတဲ့ ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့လှူဖြစ်တာပါ။

Voice : နောက်ထပ်ရောကလေးတွေ ထပ်မွေးစားဖို့ လက်ခံသွားဖို့ကော ရှိသေးလား။
KHW : ကလေးတွေအတွက် ကန့်သတ်ထားတယ်ဆိုတာက ကလေးပေးတိုင်းတော့ လက်မခံဘူး။ အစ်မဆီရှိနေတဲ့ ကလေးတွေက မတရား စော်ကားခံပြီးရထားတဲ့ ကလေးတွေပါ။ Single Mother တွေဆီကနေ လုံးဝကို Pickup လုပ်ထားတဲ့ ကလေးတွေချည်းပဲမွေးပေးတယ်။ မိစုံဖစုံရှိပြီးတော့ မခိုင်နှင်းဝေဆီထားရင် ပိုပြီးတော့ကောင်းမယ်။ ပြီးပြည့်စုံမှာပဲဆိုပြီး လာပေးတဲ့ ကလေးတွေလည်းရှိတယ်။ အဲဒါကျ လက်မခံဘူး။ အစ်မက ကလေးများချင်တာမဟုတ်ဘူး။ ကလေးစုဆောင်းချင်တာမဟုတ်ဘူး။ ကလေးတွေကို မေတ္တာပေးချင်တာ။ တကယ်လိုအပ်နေတဲ့ ကလေးတွေကို မေတ္တာပေးချင်တာပါ။ အစ်မ ဂေဟာဆောက်ချင်တယ်။ ရည်ရွယ်ထားတယ်။ ဂေဟာဆောက်ဖြစ်ရင် မိဘမဲ့ဂေဟာလို့ မတပ်ဘူး။ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာလို့ပဲတပ်မယ်။

ခင်ညိုညိုသိမ့်