News

POST TYPE

INTERVIEW

ရာသီအကူးအပြောင်း၌ ဖြစ်တတ်သည့်ရောဂါများ
29-May-2019


“ထမင်းသုပ်တွေ၊ ရှောက်သီးသုပ်တွေလို အသုပ်တွေက မသန့်တဲ့အခါကျရင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သွားနိုင်တယ်”

ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း

မကြာမီရက်ပိုင်းအတွင်း ကျောင်းဖွင့်သည့်အချိန်ကို ရောက်လာမည်ဖြစ်သကဲ့သို့ မိုးတွင်းကာလကိုလည်း ရောက်ရှိမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ရာသီအကူးအပြောင်းကာလတွင် ဖြစ်ပွားနိုင်မည့်ရောဂါများနှင့်ပတ်သက်၍ သတိပြုသင့်သည်များကို အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အခုက မိုးရာသီလည်းရောက်လာပြီ၊ ကျောင်းလည်းဖွင့်ပြီဆိုတော့ ကလေးတွေအနေနဲ့ ဘယ်လို ရောဂါတွေ ဖြစ်ပွားနိုင်ပါသလဲ။
Dr.NNK : ဒီလိုမျိုးရာသီအကူးအပြောင်းတွေမှာ ကလေးတွေမှာအဖြစ်များတာက ဝမ်းပျက်ဝမ်းလျှောရောဂါတွေနဲ့ အအေးမိဖျားနာတာတွေ ဖြစ်လာတယ်။ ဘာကြောင့်ဖြစ်လာရသလဲဆိုတော့ အစားအစာတွေ မသန့်ရှင်းလို့ပါ။ မိုးရာသီက တခြားရာသီနဲ့ယှဉ်ရင် ယင်နားစာတွေပိုများတယ်။

Voice : ဒီလိုဝမ်းပျက်ဝမ်းလျှောတွေ အအေးမိဖျားနာတာတွေမဖြစ်အောင် ဘယ်လိုသတိပြုသင့်ပါသလဲ။
Dr.NNK : ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ကလေးငယ်တွေကို လမ်းဘေးကအစားအစာတွေ မကျွေးဖို့၊ ကျောင်းမုန့်ဈေးတန်းမှာဆိုလည်း ပူပူနွေးနွေး အစားအစာကျွေးတာကို ပိုအားပေးပါတယ်။ ကျောင်းမုန့်ဈေးတန်းမှာ ကြာဆံချက်ကို ပူနွေးတဲ့အစားအစာတွေစားတာက ပြဿနာမရှိဘူး။ ထမင်းသုပ်တွေ၊ ရှောက်သီးသုပ်တွေလို အသုပ်တွေက မသန့်တဲ့အခါ ကျရင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သွားနိုင်တယ်။ နောက် အခုလို မိုးရာသီမှာ အသီးတွေက အမှည့်လွန် အသီးတွေ မကျွေးဖို့လိုအပ်ပါတယ်။ နောက် နှာစေးချောင်းဆိုးဖြစ်တာက အသားဓာတ်ကြွယ်ဝတဲ့ အစားအစာ (ကြက်သား၊ ဆိတ်သား၊ အမဲသား) ဇင့် (သွပ်) ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ကျွေးပေးရမယ်၊ အစာတော်တော်များများမှာ ဇင့်ဓာတ်ကပါပြီးသားဆိုတော့ လုပ်ယူပြီးကျွေးစရာတော့ မလိုပါဘူး။ အဓိက,က အစားများများကျွေးပြီးတော့ ကလေးငယ်တွေကို ကိုယ်လက်လှုပ်ရှားမှု နည်းနည်းလုပ်ပေးလိုက်ရင် ကိုယ်ခံစွမ်းအားတွေ တက်လာမယ်။ ဒီလိုတက်လာတာနဲ့အမျှ နှာစေးချောင်းဆိုးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်တယ်။ ဇင့်ဓာတ်က ဝမ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါ ဝမ်းသွားနှုန်းကို လျော့ကျစေတယ်။ နောက်တစ်ကြိမ် ဝမ်းမလျှောအောင်လည်း တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးတယ်။ အကြမ်းဖျင်းပြောရရင်တော့ သူက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်။ ဒါကြောင့် ဝမ်းလျှောတဲ့ကလေးက ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာကို စားပေးရတယ်။

Voice : အခုက ကျောင်းဖွင့်ရာသီလည်း ရောက်ပြီဆိုတော့ မိဘတွေအနေနဲ့ ကလေးတွေအတွက် ဘယ်လိုအစားအသောက်တွေ ပြင်ဆင်ပေးသင့်ပါသလဲ။
Dr.NNK : အခုလိုရာသီဥတုမှာ ကလေးတွေကို အသားများများ ကျွေးစေချင်တယ်။ နောက်ပြီး ကြက်ဥကို ကျွေးစေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကလေး တွေက ဒီလိုရာသီဥတုမှာ ကိုယ်ခံအားနည်းနေတာ ဖြစ်တတ်တော့ ကလေးတွေကို အသားဓာတ်ပြည့်အောင် ကျွေးရမယ်။ နောက်ပြီး ဗီတာမင်- စီ ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့ ချဉ်တဲ့အသီးလေးတွေဖြစ်တဲ့ မာလကာသီး၊ ပန်းသီး၊ စပျစ်သီးတွေကို ကျွေးပေးရမယ်။ နောက်တစ်ခုက ကလေးတွေကို ဗီတာမင်-အေကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အဝါရောင်ရှိတဲ့ အသီးအနှံတွေဖြစ်တဲ့ မုန်လာဥ၊ သင်္ဘောသီး၊ သရက်သီးတွေကို ကျွေးဖို့လိုတယ်။ ဒီနေရာမှာ အသီး တွေကျွေးတဲ့အခါ အရမ်းအမှည့်လွန်နေတဲ့ အသီးတွေ မကျွေးရပါဘူး။ ဒီလိုကျွေးလိုက်မိရင် ဝမ်းလျှောသွားတတ်ပါတယ်။

Voice : ကလေးတွေက ကျောင်းမုန့်ဈေးတန်းတွေကနေ အစားအသောက်တွေ ဝယ်စားကြမယ်ဆိုရင် ဘယ်လိုအချက်တွေ သတိထားဖို့လိုမလဲဆရာ။
Dr.NNK : ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းတာက အမျိုးမျိုးရှိနိုင်တယ်။ အသင့်စားလို့ရတဲ့ အစားအစာတွေရောင်းတာရှိသလို ခေါက်ဆွဲသုပ်၊ ကြာဆံသုပ်လိုမျိုး အသုပ်တွေရောင်းတာရှိတယ်။ အဲဒီအချိန်မှာ သတိထားသင့်ပြီး ဖြစ်နိုင်ရင်တော့ အဲဒါမျိုးတွေကို မစားတာက အကောင်းဆုံးပါပဲ။ အသက် ၁၀ နှစ်မကျော်သေးတဲ့ ကလေးတွေဆိုရင် ဒီလိုအစားအစာတွေကို ဖြစ်နိုင်ရင် မကျွေးစေချင်ဘူး။ အကယ်၍ ကလေးက မဖြစ်မနေ စားချင်တယ်ဆိုရင်တောင်မှ အိမ်ကမုန့်ကျွေးမယ်၊ ဆိုင်ကနေ မဖြစ်မနေဆိုရင်လည်း ပူပူနွေးနွေးအစားအစာတွေကိုပဲ စားစေချင်တယ်။

Voice : ဟုတ်ကဲ့။ အခုလိုမိုးရာသီမှာ ကလေးတွေအပြင် လူကြီးတွေအနေနဲ့ရော ဘယ်လိုစားသောက်နေထိုင်ဖို့လိုအပ်ပါသလဲ။
Dr.NNK : လူကြီးတွေအနေနဲ့ဆိုရင်တော့ လက်လုပ်ချဉ်တွေကို ရှောင်ပေးပါ (မုန်လာချဉ်၊ ကတက်ချဉ်၊ မုန်ညင်းချဉ်)၊ ဒိန်ချဉ်တွေ ဘာတွေစားချင်တယ်ဆိုရင်တောင် သန့်ရှင်းတဲ့ဒိန်ချဉ်တွေကို စားလို့ရတယ်။ လမ်းဘေးက ယင်နားတာတွေကို မစားသင့်ပါဘူး။ စားမိရင် ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် ဝမ်းလျှောသွားနိုင်ပါတယ်။ နောက်ပြီးတော့ လမ်းဘေးမှာရောင်းတဲ့ အသီးတွေဆိုရင် အခွံမာသီးတွေကိုပဲ စားစေချင်ပါတယ်။ ဒီလိုမဟုတ်ဘဲ ခွဲထား၊ စိတ်ထားတဲ့ အသီးတွေက ယင်နားတော့ ဝမ်းလျှောစေနိုင်ပါတယ်။ ဖရဲသီးတွေ၊ သင်္ဘောသီးတွေ၊ နာနတ်သီးတွေ စားမယ်ဆိုရင်လည်း အလုံးလိုက် အိမ်မှာဝယ်စား စေချင်ပါတယ်။

Voice : ဒီလိုရောဂါတွေမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ထားရမလဲ။
Dr.NNK : ဒါတွေမဖြစ်အောင်က အပေါ်မှာ ပြောခဲ့သလိုမျိုး စားတာသောက်တာကို ဂရုစိုက်ပေးပါ။ အဓိကကတော့ အားလုံးပဲ လက်ကိုစင်ကြယ်အောင်ဆေးရမယ်။ သန့်ရှင်းအောင် ထားရမယ်ပေါ့။ ဒီလို ရောဂါတွေဖြစ်တာရဲ့ အဓိကအကြောင်းကလည်း လက်မသန့်လို့ပါ။

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.NNK : အခုကလေးတွေက ကျောင်းလည်းဖွင့် တော့မယ်ဆိုတော့ ဖြစ်နိုင်ရင် ကလေးတွေကို မုန့်ဖိုးလေးပေးပြီးတော့ပဲ ကျောင်းမုန့်ဈေးတန်းမှာ စားစေတာမျိုးကို သိပ်အားမပေးပါဘူး။ ကလေးတွေကို ထမင်းချိုင့်လေးထည့်ပေးပါ။ ထမင်းချိုင့်ထဲမှာ အသားပဲဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ်၊ အရွက်ဖြစ်ဖြစ် စုံအောင်ထည့်ပေးလိုက်ရင်ကို အာဟာရဖြစ်ပါတယ်။ မဖြစ်မနေမို့လို့ ကျောင်းမုန့်ဈေးတန်းက ကျွေးရမယ်ဆိုရင်လည်း စားသင့်တဲ့အစားအသောက်တွေ ရွေးပြီးစားတတ်အောင် သင်ပေးသင့်ပါတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။
 
သီတာဆွေ