News

POST TYPE

INTERVIEW

ချိုပြုံးနဲ့ တွေ့ဆုံခြင်း
28-May-2019


“ရုပ်ရှင်ဆိုတာလည်း တကယ်တော့ အသိုင်းအဝိုင်းလေးတစ်ခုပါ။ ဒီအသိုင်းအဝိုင်းလေးထဲမှာ ကျင်လည်နေမှ သတိရကြတာ။ ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲကောင်းကောင်း သူတို့နဲ့ ထိတွေ့မှုမဖြစ်တဲ့အခါ သူတို့ မေ့တတ်တယ်လေ”

ဝါရင့်အဆိုတော် မင်းသမီးကြီးချိုပြုံးနဲ့တွေ့ဆုံခိုက် လက်ရှိ မြန်မာ့ရုပ်ရှင် ရေစီးကြောင်းနဲ့ ဇာတ်ကားတွေ အပေါ်သုံးသပ်ချက်တွေအပြင် အနုပညာအမွေဆက်ခံထားတဲ့ မြေးဖြစ်သူ ဝင်းခန့်မိုးအကြောင်းတွေကို မေးမြန်းထားပါတယ်။

Voice : ဒီဘက်ခေတ်ရုပ်ရှင်ဇာတ်ကားတွေအပေါ် မေချိုရဲ့ သုံးသပ်ချက်လေး အရင်ဆုံးပြောပြပေးပါဦး။
CP : မေချိုကလေ ရုပ်ရှင်နယ်ပယ်မှာ မရှိတော့သလောက်တောင် ဖြစ်သွားပြီ။ ဘာဖြစ်လို့လဲဆိုတော့ မေချိုက သီချင်းတွေဆိုတယ်။ ကိုယ်လည်း အသက်ကြီးသွားတော့ သူတို့ ဘယ်နေရာကများ ထည့်သုံးရမှန်း မသိဘူးဆိုတဲ့ သဘောလေးပေါ့နော်။ ကိုယ့်ရဲ့ ရက်ချိန်းလေးတွေကလည်း ရှားလိမ့်မယ်။ ဝါတွင်းဆိုရင်တော့ရမယ်။ ဝါပဆိုရင်တော့ မေချိုက အလုပ်တအားများတယ်။ ရုပ်ရှင်ကို မေချိုက သိပ်ပြီးတော့ လက်လှမ်းမမီတော့ဘူး ။ မေချို ကားမရိုက်ဖြစ်တာ ကျဲသွားတော့ ကားတွေကြည့်ဖြစ်တယ်။ စိတ်အေးလက်အေးပေါ့နော်။ မေချိုရိုက်ထားတဲ့ကားတွေက တော်တော်များပါတယ်။ ရုံပေါ်ရောက်မလာသေးဘူး။ ဘယ်သူက ဘယ်လို တိုးတက်လာတယ်။ ဘယ်သူက လိုတယ်။ ဘယ်သူကတော့ များနေပြီ။ ကိုယ့်ဘာကိုယ် ပြန်ဆွေးနွေးကြပြောကြဆိုကြပေါ့။ အခုတော့ နည်းနည်း စိတ်ဝင်စားလာတယ်။ 

Voice : အခုခေတ်က မြန်မာကားတွေမှာ အသက်အရွယ်နဲ့လိုက်တဲ့ အဘွားခန်းတွေဆို မရိုက်ကြတော့ဘူးနော်။ ကိုရီးယားဇာတ်လမ်းတွဲတို့ အိန္ဒိယဇာတ်လမ်းတွဲတွေမှာဆို ရိုက်နေကြသေးတယ်။ ဘာကြောင့်လို့ မေချိုထင်လဲ။ 
CP : ဆံထုံးကြီးတွေထုံး မျက်မှန်ကြီးတွေ တပ်လိုက်ရင် အဘွားဖြစ်တာပဲ။ ရုပ်ရှင်ဆိုတာလည်း တကယ်တော့ အသိုင်းအဝိုင်းလေးတစ်ခုပါ။ ဒီအသိုင်းအဝိုင်းလေးထဲမှာ ကျင်လည်နေမှ သတိရကြတာ။ ဘယ်လောက်ပဲတော်တော်၊ ဘယ်လောက်ပဲကောင်းကောင်း သူတို့နဲ့ ထိတွေ့မှုမဖြစ်တဲ့အခါ သူတို့ မေ့တတ်တယ်လေ။ အဲလိုလည်းပါပါတယ်။ မေချိုတို့ကိုယ်တိုင်ကလည်း ရုပ်ရှင်ဘက် ပျစ်ပျစ်နှစ်နှစ်ကြီး လုပ်ရမှာထက်စာရင်လေ သိပ်ပင်ပန်းတာကို မလုပ်ချင်တော့ဘူး။ တကယ်လို့ ကိုယ်လုပ်ပေးလိုက်လို့ တစ်ဖက်လူကောင်းသွားမယ်ဆိုရင် လုပ်ပေးချင်ပါတယ်။ ကိုယ့်ဟာနဲ့ကိုယ် ပျစ်ပျစ်နှစ်နှစ်ကြီးကျတော့ ပင်ပန်းလာတယ်။ မေချိုက အသက်ကြီးပြီလ။ သီချင်းလေးဆို၊ စာအုပ်ကလေးဖတ်၊ တရားလေးထိုင် အဲဒီအလုပ်ကလေး သုံးခုကို လုပ်နေတယ်။ 

Voice : မေချိုရဲ့ အနုပညာအမွေကို ဆက်ခံမယ့် မြေးလေး ဝင်းခန့်မိုးလေးအတွက်ရော ဘာတွေ လုပ်ပေးချင်သေးလဲ။
CP : ဝင်းခန့်မိုးလေးက တစ်ကားပြီးသွားပြီ။ နောက်တစ်ကားက ဇွန်မှာ ပြန်စမယ်။ ဒီနှစ်ကုန်လောက်တော့ သူ့ကားလေးတွေ ထွက်မယ်။ အဲဒီအခါကျတော့ သူ့ကို ဝေဖန်ကြပေါ့။ သူရိုက်တဲ့ အက်တင်တွေကို ကြိုက်တယ်။ ဒါရိုက်တာကလည်း အရမ်းဂရုစိုက်ပါတယ်။ ကားရိုက်ဖို့အတွက်ကို ထရိန်နင်ကို ခြောက်လ ခုနစ်လယူတယ်။ မေချိုပြန်လှည့်ကြည့်ဖို့ မလိုဘူး။ တစ်ခါမှ သူ့ရိုက်ကွင်း မေချိုမရောက်ခဲ့ဘူး။ လွှတ်ထားလိုက်တယ်။ ဒါမှ သူတို့သိမှာ အရိပ်တစ်ခုမိုးနေတယ်ဆိုရင် မကောင်းဘူး။ ကိုယ်သင်ပေးလိုက်ရင် ကိုယ့်အက်တင်ဖြစ်မှာလည်း ကြောက်တယ်။ 

Voice : အနုပညာမျိုးဆက်သစ် လူငယ်လေးတွေ ပေါ်လာတဲ့ အပေါ်မှာရော မေချိုရဲ့ အမြင်လေးလည်း ပြောပါဦး။
CP : မေချိုကတော့ ကြိုက်တယ်။ အရမ်းတော်တာပဲ။ အရင်တုန်းက တော်တဲ့သူ မရှိဘူးလားဆိုတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ တင်ပေးမယ့်သူသိပ်မရှိဘူး။ မြန်မာပြည်မှာက ဘာလုပ်လုပ်ရမယ့် ပြည့်စုံမှုတွေရှိတယ်။ ဒါပေမဲ့ တွန်းအားပေးမယ့်သူ မရှိတာ။ လူငယ်တစ်ယောက်က ဒါကို လုပ်ချင်တယ်ဆိုရင် ပရိုဂျူဆာက လုပ်ပေးတယ်။ အရမ်းကံကောင်းတာ။ အဲတော့ ရုပ်ရှင်က ကောင်းကိုကောင်းလာမှာပဲ။ မေချိုက မေချို့မြေးလေးတွေ ခေတ်ကို အရမ်းကျေနပ်တယ်။ တို့ခေတ်က ဒီလိုလည်းမဟုတ်ဘူး။ အဆင်သင့်လည်း မရှိဘူး။ နောင်လာမယ့်ခေတ်မှာတော့ နိုင်ငံခြားကို မီကိုမီမှာပါ။ မေချို နိုင်ငံတကာရောက်ဖူးတယ်။ ဒိုင်ယာလော့ခ် စကားပြောရှည်ရှည်ပြောနိုင်တာ မေချိုတို့ မြန်မာပြည်ပဲရှိတယ်။ တော်တဲ့သူတွေရှိတယ်။ တင်ပေးမယ့်သူမရှိဘူး။ အခုတော့ တင်ပေးမယ့်သူတွေ ရှိတော့ မြေးလေးအတွက် စိတ်ချမ်းသာတယ်။ အားရတယ်။ ဂုဏ်ယူတယ်။ ကိုယ့်ခေတ်တုန်းကတော့ စိတ်ညစ်ခဲ့ရတယ်။ 

ခင်ညိုညိုသိမ့် 



  • VIA