News

POST TYPE

INTERVIEW

မိစန္ဒီနဲ့ တွေ့ဆုံခြင်း
24-May-2019
“ဘယ်သူမှ မလာမှာလည်း ကြောက်တယ်။ လာမယ့်သူမရှိမှာလည်း ကြောက်တယ်။ ပြီးတော့ အဲတစ်ကိုယ်တော် ဖျော်ဖြေပွဲရဲ့ ဖိအားက တော်တော်များမှာ”



အဆိုတော်မိစန္ဒီနဲ့ တွေ့ဆုံခိုက် သီချင်းခွေအသစ်အကြောင်း၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲ မလုပ်ဖြစ်တဲ့အကြောင်းတွေကို 
The Voice သတင်းစာက မေးမြန်းထားပါတယ်။ 

Voice : မိစန္ဒီ ဂီတနဲ့ ပတ်သက်ပြီး လုပ်ဖြစ်နေတာလေး ပြောပါဦး။
MSD : မိစန္ဒီ လေးခွေမြောက်အခွေထွက်ဖို့ လုပ်နေပါတယ်။ အဲဒါ ဇူလိုင်လကုန်လောက် ဖြစ်မယ်ထင်တယ်။ မိစန္ဒီ အဲ့ဒီအတွက် အများကြီးကြိုးစားနေပါတယ်။ တစ်ခွေလုံး ပြီးခါနီးလောက်ပြီ။ ၁၀ ပုဒ်ဝန်းကျင်လောက်ပါတယ်လို့ ခန့်မှန်းရပါတယ်။ တစ်ခွေလုံးကို မိစန္ဒီကိုယ်တိုင် ရေးထားတာပါ။ 

Voice : ဒီအခွေထဲမှာ ဘယ်အကြောင်းအရာတွေကို အခြေခံထားလဲ။ 
MSD : ဒီထဲမှာ အချစ်သီချင်းတွေပါတယ်။ အချစ်သီချင်းမဟုတ်တဲ့ဟာတွေလည်း ပါတယ်။ အသည်းကွဲလည်းပါတယ်။ မကွဲတာလည်းပါတယ်။ အစုံပါပဲ။ သီချင်းကိုတော်တော်စုံအောင် ထည့်ထားတယ်။ နောက်ပြီးတော့ အသည်းကွဲတာကိုမှ အရင်တုန်းမှ မဆိုဖူးတဲ့အကြောင်းအရာလေးတွေ။ ဟစ်ဟော့ပ်ဆန်တဲ့ဘက်ကို သွားထားပါတယ်။ 

Voice : တချို့အဆိုတော်တွေ အခွေမထွက်ရဲတဲ့အချိန်မှာ ကိုယ်က တစ်ခွေပြီးတစ်ခွေ ထွက်ရတဲ့ အကြောင်းအရင်းရှိလား။ 
MSD : အဲ့လိုလည်းမဟုတ်ပါဘူး။ မိစန္ဒီက နှစ်နှစ်မှ တစ်ခါလောက်ပဲ ထွက်တာပေါ့နော်။ မရဲဘူးဆိုတာက မိစန္ဒီတို့က သီချင်းဆိုတဲ့အခါကျတော့ သီချင်းသစ်မထွက်နိုင်ရင်ကျတော့ ရိုးတယ်ကွာ။ ပရိသတ်လည်း ရိုးမှာပဲ။ ကိုယ်တောင်မှ သီချင်းသစ်နားထောင်ချင်ရင် ပရိသတ်လည်း နားထောင်ချင်မှာပဲ။ အဲ့တော့ ထွက်ချင်တယ်။ Single အနေနဲ့ တစ်ပုဒ်ထွက်တာက ထွက်တာပဲ။ အယ်လ်ဘမ်လိုက်ထွက်မှ ကိုယ့်ကိုယ်ကိုယ် အားရတာပေါ့နော်။ ကိုယ်လည်း အားရတယ်။ ပရိသတ်လည်း အားရတယ်။ 

Voice : တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ကော အစီအစဉ်ရှိလား။ 
MSD : အဲ့လိုတွေမရှိသေးပါဘူး။ နဂိုကတည်းက လုပ်ချင်စိတ်မရှိဘူး။ ကြောက်လည်းကြောက်တယ်။ 

Voice : ဘာလို့ကြောက်တာလဲ။ 
MSD : ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှမလာမှာလည်း ကြောက်တယ်။ လာမယ့်သူမရှိမှာလည်း ကြောက်တယ်။ ပြီးတော့ အဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲရဲ့ဖိအားက တော်တော်များမှာ။ မိစန္ဒီ အခုလိုမျိုး ပရိုမိုးရှင်းပွဲလုပ်တာတောင်မှ ကြောက်တတ်တယ်။ မိစန္ဒီ လူရှေ့ထွက်တာတွေ ဘာတွေကြောက်တတ်တယ်။ အမှန်တိုင်းပြောရရင် မိစန္ဒီ လူရှေ့ထွက်ရင် ကြောက်တတ်တဲ့အထဲမှာပါတယ်။ အိမ်မှာ သီချင်းရေးမယ်။ စတူဒီယိုထဲမှာ သီချင်းဆိုမယ်။ အဲ့လိုဘဝမျိုးကိုပိုကြိုက်တယ်။ ပရိသတ်ကိုဖျော်ဖြေရတဲ့အချိန်မှာ မိစန္ဒီရဲ့ ဖိအားက စင်ပေါ်ရောက်သွားရင်တော့ ပျော်တာပေါ့။ ဒါပေမဲ့ အဲ့မတိုင်ခင်မှာ ကြောက်တဲ့ဟာကြီးက ပရိသတ်တွေက အားပေးပါ့မလား။ ဘယ်လိုလာမလဲ၊ အဲ့လိုမျိုးတွေကို ကြောက်တယ်။ 

Voice : တစ်ကိုယ်တော်ဖျော်ဖြေပွဲအနေနဲ့တွေ့ချင်ကြတဲ့ ပရိသတ်တွေကိုကော ဘာများပြောချင်လဲ။ 
MSD : တစ်ကိုယ်တော်ဖျော်ဖြေပွဲထက်စာရင် MTV အမိုက်စားတွေ အများကြီး ရိုက်ပေးပါ့မယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကျတော့ ကြောက်တတ်တဲ့အထဲမှာ ပါတဲ့အတွက် အခြား show ပွဲတွေမှာတော့ အများကြီးရှိနေမှာပါ။ အဲ့မှာလည်း ပေါ့ဖောမန့်တွေကို အများကြီးတင်ဆက်မှာပါ။ အကောင်းဆုံးတင်ဆက်မှာပါ။ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှ မဟုတ်ပါဘူး။ 

Voice : MTV အမိုက်စားဆိုတော့ ဘယ်လို အိုင်ဒီယာတွေ ချပြဖို့ရှိလဲ။ 
MSD : သီချင်းပေါ်မှာ မူတည်တယ်။ သီချင်းပေါ်မူတည်ပြီး မတူအောင် အရင်တုန်းကလည်း မိစန္ဒီက အခွေသုံးခွေရှိခဲ့တယ်။ MTV က အများကြီး ရိုက်ခဲ့ဖူးတယ်။ မတူအောင် ဘယ်လိုပေးရမလဲ၊ အချစ် သီချင်းဆို မိစန္ဒီ MTV မရိုက်ချင်တော့ဘူး။ မတူအောင် ဘယ်လိုပေးရမလဲဆိုတာ့ စဉ်းစားပြီးတော့ပဲ အကောင်းဆုံးလုပ်မှာပါ။ အခုလည်း အိုင်ဒီယာတွေအများကြီးရှိပါတယ်။ 

နန္ဒာ