News

POST TYPE

INTERVIEW

ဖြိုးငွေစိုးနဲ့ တွေ့ဆုံခြင်း
24-May-2019
“ကျွန်တော့်ကြောင့် သူများကို မထိခိုက်စေချင်ဘူး။ အထူးသဖြင့် ကလေးတွေကို မထိခိုက်စေချင်ဘူး။ ကျွန်တော်ကျေနပ်ပါတယ်”



ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာရှိနေဆဲဖြစ်တဲ့ သရုပ်ဆောင်ဖြိုးငွေစိုးနဲ့ တွေ့ဆုံခိုက်ဧည့်သည်ဇာတ်ကား ရိုက်ကူးဖြစ်ခဲ့ပုံနဲ့ ရွှေထူးနဲ့ ရွှေမှုံတို့နဲ့ စတင်ဆုံစည်းခဲ့ရပုံတွေကို မေးမြန်းထားပါတယ်။

Voice : ဧည့်သည်ကားမှာ ပါဝင်ဖြစ်ခဲ့ပုံလေး ပြောပါဦး။
PNS : ဒီကားလေးက ကျွန်တော်နဲ့လည်း လိုက်မယ် မထင်ဘူး။ ဒါပေမဲ့ ဦးညီအောင်က လှမ်းခေါ်တယ်။ အရှေ့မှာက ကျွန်တော် ဟာသရိုက်တာက များနေတယ်။ ဦးညီကနေပြီးတော့ မင်းရိုက်ရမယ်ဆိုပြီးပြောတော့ ရိုက်ဖြစ်သွားတယ်။ ကျွန်တော် ဧည့်သည်ကားမှာ ဧည့်သည်အဖြစ်ပါတာကို ကြိုက်တယ်။ ဇာတ်လမ်းလေးက လည်းကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို မိန်း ကာရိုက်တာနေရာမှာ ထားပါတယ်။ ကျွန်တော်ကတော့ ဧည့်သည်ဇာတ်ကားရဲ့ ဧည့်သည်ဆိုတာကိုတော့ ပိုကြိုက်တယ်။ 

Voice : ကိုဖြိုးငွေစိုးရဲ့ ကာရိုက်တာလေး မိတ်ဆက်ပေးပါဦး။
PNS : ကျွန်တော်က ဦးမြတ်မင်းနိုင် နေရာကပေါ့နော်။ စီးပွားရေးကို ဦးစားပေးတယ်။ လူငယ်ဆိုတော့ လူငယ်အချင်းချင်း ဂရုစိုက်စေချင်တာရှိတယ်။ အဲဒါကို လိုက်မလုပ်နိုင်ဘူး။ မိန်းကလေး တစ်ယောက်ကို လိုအပ်တာဖြည့်ပေးတယ်ဆိုတာက ချစ်သူရည်းစားဘဝမှာ လိုက်ဖြည့်ဆည်းပေးတာမျိုးပေါ့။ Suger Daddy မျိုးတော့ မဟုတ်ပါဘူး။ 

Voice : ဧည့်သည်နဲ့ ပတ်သက်ပြီး ကိုဖြိုးရဲ့ အမာခံပရိသတ်ကို ဘာတွေပြောထားချင်သေးလဲ။
PNS : ဒီကားကိုလာကြည့်မယ့် ပရိသတ်တွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ နောက်ပြီး တချို့ကောမန့်လေးတွေ ဖတ်ရတာရှိပါတယ်။ ကျွန်တော့်နာမည်ကို နောက်မှာထားလို့ မတင်မကျဖြစ်ကြတယ်။ အလိုမကျဘူးဆိုပေမယ့် အဲဒါက ပြဿနာမရှိပါဘူး။ ကျွန်တော့် အပေါ်ကို ဒီလိုမျိုးစိတ်ထားတဲ့အတွက် ကျွန်တော်ကျေးဇူးလည်းတင်ပါတယ်။ ဒါပေမဲ့ မခံစားဖြစ်တာလည်း ကြာပါပြီ။ ဒါပေမဲ့ အဲဒါပြဿနာမဟုတ်ပါဘူ။ ကျွန်တော် ဧည့်သည်ကားမှာ ဧည့်သည်၊ ကျွန်တော် အိုကေပါတယ်။ ဆဲတာ ဆိုတာတွေက ပျင်းစရာကောင်းပါတယ်။ လက်ညောင်းတယ်။ ကျွန်တော့်ကို အခုလို တန်ဖိုးထားပေးတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကြောင့် သူများကို မထိခိုက်စေချင်ဘူး။ အထူးသဖြင့် ကလေးတွေကို မထိခိုက်စေချင်ဘူး။ ကျွန်တော် ကျေနပ်ပါတယ်။ 

Voice : ရွှေထူးနဲ့ စဆုံတော့ ဘယ်လိုမျိုးထင်မိလဲ။
PNS : ရှူတင်မှာ စဆုံတုန်းကတော့ ဒီကောင်တော့ သောက်ချိုးတော့ သိပ်ပြေပုံမရဘူး။ ငါနဲ့တော့ တွေ့ပြီပေါ့နော်။ ထင်လိုက်တာလေ စိတ်ကပေါ့။ တကယ်တမ်းကျတော့ သူက အဲလိုမဟုတ်ရှာဘူးဗျ၊ ကျွန်တော်တို့ ငယ်ငယ်က ပုံစံမျိုးလေ။ နေတာတော့ ကိုယ့်ဘာသာကို နေတာပဲ။ အများအမြင်မှာတော့ အချိုးမပြေသလိုတော့ ဖြစ်သွားတတ်တယ်။ ဒါပေမဲ့ သူ့စိတ်ခံထဲမှာ အဲလိုမဟုတ်ပါဘူး။ သူနေတာ ထိုင်တာပြောတာဆိုတာက အားလုံးကို Respect ရှိတယ်။ ရုပ်ရှင်ရိုက်တာကိုလည်း တလေးတစားရှိတယ်။ အဲဒါတော့ ကျွန်တော် သူ့ကိုချစ်တယ်။ ကျန်တာတွေတော့ သိပ်မသိဘူး။ ကျွန်တော့်အထင်နဲ့ လွဲသွားတယ်။ ဒီကောင်နဲ့ တစ်ခုခုဖြစ်တော့မယ်ပဲ ထင်နေတာလေ။ တော်တော်လေးအဆင်ပြေတယ်။ ကျွန်တော်တို့လိုကောင်တွေ သွားစုမိတယ်။ 

Voice : ရွှေထူးတို့ ရွှေမောင်နှံက ဧည့်သည်မှာ ဖူးစာဆုံသွားကြတယ်လေ။ ကိုဖြိုးရော ရိုက်ကွင်းမှာရော သူတို့ကို သတိထားမိလား။ 
PNS : ကျွန်တော် အဲလောက်မလည်ဘူးဗျ၊ ကျွန်တော်က သူတို့ကို စနောက်ဖို့ ပဲစဉ်းစားနေတာများတယ်။ သတိမထားမိလိုက်ဘူး။ တကယ်လည်း သတင်းထွက်လာရော တော်တော် အံ့ဩသွားတယ်။ ငါ အစောကြီးကတည်းက ဘာလို့ မသိတာလဲပေါ့။ မစဉ်းစားမိတာလဲပေါ့နော်။ ဒါကို သိထားရင် ကျွန်တော်တို့ အက်တင်လေးတွေ တစ်မျိုးလေးတွေ ဖြစ်သွားနိုင်တယ်။ အခုတိုင်းလည်း ကောင်းပါတယ်။
 
ခင်ညိုညိုသိမ့်