News

POST TYPE

INTERVIEW

ရွှေအိမ်စည်နဲ့ တွေ့ဆုံခြင်း
21-May-2019

“အမှားလုပ်ရမှာကို မကြောက်တာ အိမ်စည့်အားသာချက်ထင်တယ်”



Voice : လတ်တလော ရွှေအိမ်စည်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပေးပါဦး
SES : ရန်ကုန်မှာဆိုရင်တော့ ကြော်ငြာတွေရိုက်ဖြစ်တယ်။ MTV တွေ ရိုက်ဖို့ရှိတယ်။ 

Voice : ကြော်ငြာရိုက်တာ ကားရိုက်တာတွေအပြင် နောက်ထပ်ရောဘယ်တွေ လုပ်ချင်တာရှိလဲ။ 
ှSES : အိမ်စည် ကြော်ငြာရိုက်တာတွေများလာတော့ နောက်ထပ်တစ်ခုလေး လုပ်ချင်တာရှိတယ်။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ခံယူချက်လေးတွေ၊ အမြင်လေးတွေ၊ အိမ်စည့်အကြောင်းကို ပရိသတ်တွေ ပိုသိအောင် ပရိုဂရမ်လေးတွေ ရိုက်ပြသွားဖို့လည်း ရှိတယ်။ ကိုယ့်ရဲ့ အနုပညာအလုပ်တွေပဲမဟုတ်ဘဲ ဘာလုပ်နေလဲ၊ Life မှာ ဘယ်လို သွားလာနေထိုင်နေလဲ၊ ပြသဖို့တော့ရှိတယ်။ 

Voice : အဲဒါဆိုရင် အိမ်စည်က ဘယ်လို အကြောင်းအရာတွေကို ချပြသွားချင်တာလဲ။
SES : အကုန်လုံးလိုလိုပြချင်တယ်။ ပရိသတ်ရဲ့ Recommend ပေါ် မူတည်တယ်။ စိတ်နေစိတ်ထားရော၊ Lifestyle ရော လှပတဲ့အရာတွေကိုပဲ မပြချင်ဘူး။ ကိုယ့်ရဲ့ ရုန်းကန်မှု၊ ခက်ခဲမှုပေါ့။ ဘာလို့လဲဆိုတော့ အားလုံးက မြင်လို့ရှိရင် ဒါက အိမ်စည်အမြင်ကိုပြောတာပေါ့နော်။ အနုပညာရှင်တစ်ယောက်ကိုမြင်ရင် သူတို့က ဒီလိုနေတယ် ထိုင်တယ်ဆိုတဲ့ အဲဒီအမြင်လေးတွေက တစ်ခါတလေကျရင် မှားတာလေးတွေ ရှိတယ်။ ပြောချင်တာက ရုန်းကန်နေထိုင်မှုရယ်။ စိတ်ဖိစီးမှုတွေရှိတယ်။ ကိုယ့်အနေအထားကိုပဲ ပြချင်တာပါ။ အပြင်က ရွှေအိမ်စည်နဲ့ သိပ်မကွာပါဘူး။ တော်တော်လေး နီးစပ်ပါတယ်။ နီးစပ်တယ်ဆိုပေမယ့် မီဒီယာပေါ်မှာ အင်တာဗျူးဖြေတာတို့ Facebook တင်တာတို့လောက်ပဲ သိတာကိုး။ အိမ်စည်ရဲ့ ၈၀ ရာခိုင်နှုန်းလောက်က ပျောက်နေတာကိုး။ ၁၀၀ ရာခိုင်နှုန်းကို ချပြဖို့ကလည်း အချိန်ကမရှိဘူး။ အဲထက်မက သိစေချင်တာပေါ့နော်။ ဖန်သားပေါ်မှာ မြင်တဲ့ဟာပဲ မဟုတ်ဘဲနဲ့ တရင်းတနှီးဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာပါ။ 

Voice : ဝေဖန်တိုက်ခိုက်မှု တွေရှိနေတဲ့ကြားက ရွှေအိမ်စည်ရယ်လို့ ရပ်တည်နေနိုင်ခဲ့တာ ဘာကြောင့်လဲ။
SES : ဒီအချိန်ထိ ရပ်တည်နေနိုင်တဲ့ အကြောင်းအရာကလေ ဂရုမစိုက်တတ်တာကြောင့်ပါ။ ဂရုမစိုက်တတ်ဘူး။ ပြီးရင် ကိုယ့်ရဲ့ရပ်တည်မှုတစ်ခုပေါ့နော်။ ဘယ်သူ့ကိုမှလည်း ဖားတာမျိုးမရှိဘူး။ မှားပြီဆိုရင်လည်း မှားတာကို တုံ့ပြန်နိုင်တယ်ပေါ့နော်။ ငါ့အမေကို ပြောလိုက်မယ်တို့၊ လူကြီးမိဘတွေနဲ့ တိုင်ပင်ပြီးတော့မှ လှုပ်ရှားရင်ကောင်းမလားဆိုတဲ့ စိတ်တော့ မရှိဘူး။ မှားတာလည်း ရှိမှာပဲ။ အိမ်စည်က မှားတာတွေကို ဘယ်လိုမြင်လဲဆိုတော့ အိမ်စည် အမေဆို အမြဲပြောတယ်။ မှားပါစေမှားတာတွေကနေ သင်ယူမှာ၊ မမှားအောင် လူကြီးက ဘေးနားမှာ ထိန်းဖူးတယ်ဆိုလို့ရှိရင် မမှားဖူးရင် တစ်နေ့မှားလာလို့ရှိရင် အသက်ကလည်းကြီးနေပြီ။ ပြဿနာကြီးကို ဘယ်လိုကိုင်တွယ်ရမှန်းမသိတော့ဘူးဆိုတဲ့အချိန်ကို မရောက်ချင်ဘူးပေါ့နော်။ အမှားလုပ်ရမှာကို မကြောက်တာ အိမ်စည့်အားသာချက်ထင်တယ်။ 

Voice : ကိုယ်လဲကျသွားမယ့် တစ်နေ့ကို တချို့ပြိုင်ဘက်တွေကလည်း စောင့်ကြည့်နေကြမှာလေ။ အဲဒါတွေအတွက် ဘာပြောချင်သေးလဲ။
SES : အတက်အကျဆိုတာ ရှိတယ်။ အတက်အကျ အရမ်းများတော့လေ တစ်ခါတလေကျရင်တော့ လန့်မိတယ်။ ရုတ်တရက် ကျသွားနိုင်တာမျိုးလည်းရှိမယ်။ လူတွေကလေ အောင်မြင်တဲ့ဒဏ်ကို မခံနိုင်ဘူး ပြောနေကြတယ်။ တော်တော်များများ ခံနိုင်ရည်ရှိကြပါတယ်။ ကျဆုံးတဲ့ဒဏ်ကိုကျတော့ မခံနိုင်ဘူး။ အိမ်စည်က အမြဲတမ်း ကိုယ်လမ်းမှားရောက်သွားအောင် ဘေးနားကနေ တိုက်တွန်းပြီး လမ်းမှားရောက်အောင် ပြောကြတဲ့သူတွေလည်းရှိပါတယ်။ အဲလိုကျတော့ မာန်တက်မသွားဖို့လိုတယ်။ Fair ဖြစ်ဖို့ လိုမယ်။ အောင်မြင်လာတာနဲ့အမျှ ကိုယ်ကြားချင်တဲ့ စကားလုံး ပြောကြတာများတယ်။ အဲလိုချိန်မှာ ကိုယ်ကလည်း အဟုတ်ကြီးမှတ် လုပ်ချင်တာ လုပ်ကြတယ်။ အိမ်စည်က အဲလိုကြီးမဖြစ်ချင်ဘူး အရမ်းထိန်းရပါတယ်။

ခင်ညိုညိုသိမ့်