News

POST TYPE

INTERVIEW

အစ္စလာမ်ဘာသာရေးရာကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေနှင့် တွေ့ဆုံခြင်း
17-May-2019
“တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်တာပဲ။ တရားဥပဒေမစိုးမိုးဘူးလို့ပဲ ပြောချင်တယ်”



အစိုးရထံ ကြိုတင်ခွင့်ပြုမိန့်တင်ပြီး ဥပုသ်ကာလ တစ်လတာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်းမှ အစ္စလာမ်ဘာသာဝင်များကို မျိုးချစ်အမည်ခံလူတစ်စုက လာရောက်နှောင့်ယှက်ခဲ့ပြီး ဝတ်မပြုတော့ပါကြောင်း ခံဝန်ကတိထိုးခိုင်းခြင်းနှင့်ပတ်သက်သည့် အခြေအနေကို အစ္စလာမ်ဘာသာရေးရာကောင်စီဌာနချုပ် တွဲဖက်အတွင်းရေးမှူး ဦးဝဏ္ဏရွှေကို The Voice Daily က ဆက်သွယ်မေးမြန်းခဲ့ပြီး မေးမြန်းချက် အချို့ကို ဖော်ပြလိုက်ပါသည်။

Voice : မနေ့က တောင်ဒဂုံက ဖြစ်စဉ်နှင့်ပတ်သက် ပြီးဘယ်လိုမြင်လဲ။ 
UWNS : ကျွန်တော်တို့ ဥပုသ်လတိုင်းမှာ အစ္စလာမ် ဘာသာဝင်တိုင်း အားလုံးဝတ်ပြုကြတယ်။ မနေ့က ညကဖြစ်တဲ့ တောင်ဒဂုံက မြို့သစ်ရပ်ကွက်ပါ။ အရင် အစိုးရလက်ထက်ကတည်းက ဥပုသ်လတိုင်း ခွင့်ပြုချက်တောင်းတယ်။ ကျွန်တော်တို့ကိုတရားဝင်ခွင့်ပြုချက် ပေးထားတယ်။ မနေ့ကဖြစ်သွားတဲ့ အခြေအနေအရ ကျွန်တော်တို့ လုံခြုံရေးအတွက်ကို ခွင့်ပြုပေးတဲ့အဖွဲ့က တာဝန်ရှိတာပေါ့။ ဒီလိုဖြစ်တာတော့ မထူးတော့ပါဘူး။ တစ်နိုင်ငံလုံးမှာ ဖြစ်နေတာပဲ။ အရင်နှစ်က သာကေတမှာ ကျောင်းတစ်ကျောင်း ပိတ်လိုက်ရတယ်။ ဗလီတွေ ဖျက်ဆီးခံရတာ၊ ချိပ်ပိတ်ခံရတာတွေလည်း ရှိတယ်။ အမြဲကြုံတွေ့နေရတာပဲ။

Voice : အခုလိုဖြစ်သွားတဲ့ အခြေအနေအပေါ် သက်ဆိုင်ရာအာဏာပိုင်ဘက်က ဖြေရှင်းမှုအပေါ် ဘယ်လိုမြင်လဲ။ 
UWNS : တရားဥပဒေစိုးမိုးရေးကို ဥပဒေဘောင်ထဲက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းပေးစေချင်တယ်။ အဲ့လိုမျိုးမဟုတ်ဘဲ လူစုလူဝေးနဲ့ ဒီလိုဆောင်ရွက်တာ နည်းလမ်းမကျဘူး။ ပိုဆိုးတာက သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှာက တာဝန်ရှိတယ်။ ဒီလိုမျိုး တရားဥပဒေနဲ့အညီ ခွင့်ပြုချက်တောင်းတယ်။ တစ်ခုခုဖြစ်ရင်လည်း တရား ဥပဒေဘောင်ထဲက ငြိမ်းငြိမ်းချမ်းချမ်း ကာကွယ်ပေးစေချင်တယ်။ ဘာသာတိုင်းက ကိုယ့်ဘာသာကို အထွတ် မြတ်ထားကြတယ်။ ကျွန်တော်တို့ စိတ်မချမ်းမြေ့ရတာ ခဏခဏဖြစ်နေပြီ။ 

Voice : ဘာကြောင့် အခုလိုကန့်ကွက်တာလို့ မြင်လဲ။
UWNS : ဘာကြောင့်ဆိုတာက လုပ်တဲ့သူက ပိုသိမှာပေါ့။ ကျွန်တော်တို့သိတာက တရားဥပဒေစိုးမိုးမှု ကိုစိန်ခေါ်တာပဲ။ တရားဥပဒေမစိုးမိုးဘူးလို့ပဲ ပြောချင်တယ်။

Voice : ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အစ္စလာမ်ဘာသာ ရေးရာကောင်စီအနေနဲ့ ဘာတွေဆက်လုပ်ဖို့ ရှိပါသလဲ။ 
UWNS : နိုင်ငံတော်သမ္မတ ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ဆီကို ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့တင်ပြမယ်။ အဓိက တင်ပြချင်တာက ကိုယ့်ဘာသာအရ ဥပုသ်လမှာ ဝတ်ပြု ဆောင်ရွက်တဲ့အခါမှာ အခုလိုဖြစ်တာဟာ ကျွန်တော်တို့ဘာသာဝင်အားလုံး စိတ်မချမ်းမြေ့ဘူး။ ကျွန်တော်တို့ကို လုံခြုံမှုကင်းမဲ့တယ်လို့ ခံစားရတယ်။ ကျွန်တော်တို့အပေါ် လုံခြုံရေးအရ ကာကွယ်ပေးမှု အားနည်းမှုကို တင်ပြသွားပါမယ်။ 

Voice : အခုတောင်ဒဂုံက အစ္စလာမ်ဘာသာဝင် တွေဝတ်ပြုဖို့ ကောင်စီအနေနဲ့ ဘယ်လိုစီစဉ်ထားပါသလဲ။ 
UWNS : ဘယ်လိုမှစီစဉ်လို့မရဘူး။ အဲ့ဒီတစ်မြို့နယ်လုံး ဝတ်ပြုလို့မရဘူး။ လူငယ်တွေအနေနဲ့ မြို့ထဲက ဗလီကျောင်းတွေမှာ ဝတ်လာပြုလို့တော့ရတယ်။ သက်ကြီး ရွယ်အိုနဲ့ ကလေးငယ်တွေအတွက်တော့ အခက်အခဲ ဖြစ်မှာပေါ့။ ကျွန်တော်တို့ဝတ်ပြုချိန်က မနက်စောကြီးကစပြီး တစ်နေ့ ငါးကြိမ် ဝတ်ပြုရတယ်။

Voice : အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်လ ဝတ်ပြုဖို့ အစိုးရဆီ ခွင့်ပြုမိန့်ရပြီးမှ အခုလို ဘာလို့ ကန့်ကွက်ခံရတာလဲ။ 
UWNS : ကျွန်တော်တို့ နှစ်စဉ် ဝတ်ပြုဖို့ မြို့သစ်ရပ် ကွက်တွေအတွက် ခွင့်ပြုမိန့် အစိုးရဆီကတောင်းတယ်။ မနှစ်က ၁၄ ခုရတယ်။ ဒီနှစ်ကို ၃ နေရာပဲပေးတယ်။ မနေ့က တောင်ဒဂုံမှာခွင့်ပြုထားတဲ့ သုံးနေရာလုံးကို ကန့်ကွက်တော့ လက်မှတ်ထိုးရတယ်။ သာကေတ၊ တောင်ဥက္ကလာတို့၊ တောင်ဒဂုံတို့မှာ မြို့သစ်တည်စကတည်းက ဝတ်ပြုဖို့ ဗလီကျောင်း မပေးထားဘူး။ သို့သော် တပ်မတော်အစိုးရလက်ထက်က ဘာသာရေး စာသင်ကျောင်းတို့၊ နေအိမ်တွေမှာ နှစ်စဉ် ဥပုသ်လတိုင်း ဝတ်ပြုဖို့ ခွင့်ပေးတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရ လက်ထက်မှာကတည်းက ပေးတယ်။ တပ်မတော် အစိုးရလက်ထက်ကတည်းက ခွင့်ပြုမိန့်ရတယ်။ အခု အစိုးရလက်ထက်ကျမှ ခွင့်ပြုတာနည်းသွားတယ်။ ရတဲ့နေရာမှာကို အခုလိုဖြစ်စဉ် ထပ်ဖြစ်တယ်။

Voice : ခွင့်ပြုချက်တောင်းပြီး ဝတ်ပြုတာ ကန့်ကွက်သူတွေကို ကောင်စီအနေနဲ့ တရားစွဲဖို့ ရှိပါသလား။ 
UWNS : ဒီလိုမျိုးလုပ်တဲ့သူတွေအပေါ် အရေးယူဆောင်ရွက်တာ ကျွန်တော်တို့လိုလူနည်းစုက ဘယ်နိုင်ငံ၊ ဘယ်နေရာမှ ပြန်တရားမစွဲပါဘူး။ သက်ဆိုင်ရာအစိုးရက ထိန်းသိမ်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်တယ်။

Voice : လက်ရှိ မြန်မာတစ်နိုင်ငံလုံးမှာ အစ္စလာမ် ဘာသာဝင်ဦးရေ ဘယ်လောက်ရှိလဲ၊ ဗလီကျောင်းအရေအတွက်နဲ့ မျှတမှုရှိလား။ 
UWNS : ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာတစ်နိုင်ငံလုံးမှာ အစ္စလာမ်ဘာသာဝင် ၂ သန်းကျော် ရှိတယ်။ ဒီထက်ပိုမယ်ထင်တယ်။ ဗလီတစ်နိုင်ငံလုံးမှာ နှစ်ထောင်ကျော်ရှိတယ်။ ရန်ကုန်မြို့ အစ္စလာမ်ဘာသာဝင် သုံးသိန်းခြောက်သောင်းလောက်ရှိတယ်။ ရန်ကုန်မှာ ဗလီတစ်ရာကျော်ရှိတယ်။ တောင်ဒဂုံတို့လို မြို့သစ်တွေဘက်မှာ အစ္စလာမ်ဘာသာဝင် တစ်သောင်းကျော်ရှိတယ်။ ဝတ်ပြုဖို့ တစ်နေရာမှ မရှိဘူး။ ဥပုသ်လမှာ သက်ကြီးရွယ်အို၊ ကလေးငယ်တွေအတွက် ဥပုသ်ထွက်ရင် စားဖို့၊ အလှူဒါနပြုဖို့ အခက်အခဲဖြစ်နေတယ်။

ခင်မြတ်မြတ်ဝေ