News

POST TYPE

INTERVIEW

နေမင်းနဲ့ တွေ့ဆုံခြင်း
16-May-2019


“ရေထဲကျမယ်ဆိုရင်တောင် ငါတောသား ရေကူးတတ်တယ်”

လေယာဉ်မတော်တဆဖြစ်မှုမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်နေမင်းနဲ့ တွေ့ဆုံခိုက် အသက်ဘေးက လွတ်မြောက်ခဲ့ရတဲ့အကြောင်းနှင့် လေယာဉ်မှူးကို တန်ဖိုးထားရသော ရွှေပြားနဲ့ ဂုဏ်ပြုသွားမယ်ဆိုတဲ့ အကြောင်းအရာတွေကို မေးမြန်းခဲ့ပါတယ်။ 

Voice : လေယာဉ်မတော်တဆမှုမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးအသက်ဘေးက လွတ်မြောက်လာခဲ့ရတဲ့ အတွေ့အကြုံလေး ပြောပြပေးပါဦး။
NM : အတွေ့အကြုံလို့ပြောရင် တစ်မျိုးဖြစ်ဦးမယ်။ ကျေနပ်မိတယ်။ ကျွန်တော် ထင်မထားတဲ့ တန်ဖိုးတစ်ခုကို ရလိုက်တယ်။ ကျွန်တော်တို့ မြန်မာပြည်မှာ ဒီလိုတန်ဖိုးရှိတဲ့ လေယာဉ်မှူးတွေရှိတယ်။ နောက်တစ်ခုက မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်က သူတို့ရဲ့ အသက်ဆိုတာထက် ပါလာတဲ့လူတွေရဲ့ အချင်းချင်းတွေရဲ့ အသက်ကို ပိုပြီး ကယ်တင်ဖို့ ဆန္ဒရှိကြတယ်။ စနစ်တကျနဲ့ ရှင်သန်ကြတယ်။ အကုန်လုံး စည်းကမ်းလိုက်နာကြတယ်။ အထဲမှာပါတဲ့သူတွေက တစ်ယောက်ကို တစ်ယောက် ဆွဲထုတ်ဖို့ အတွေးတွေပဲ ရှိကြပြီးတော့ နောက်ဆုံးအသက်ကိုပေးရမယ့်အချိန်မှာတောင်မှ ပေါ့ပေါ့ပါးပါးလေးနဲ့ ဖြတ်သန်းနိုင်တယ်။ ပြန်စဉ်းစားတိုင်း ကြည်နူးမိတယ်။ 

Voice : တကယ် အသက်အန္တရာယ်ကြုံနေရချိန်မှာ ဘာကိုတွေးမိတာမျိုးရှိလဲ။ 
NM : ကျွန်တော် ဘာကိုမှတော့ မတွေးနိုင်ဘူး။ တွေးတဲ့အဆင့်ကို မရောက်ဘူး။ စောစောကပြောခဲ့သလို တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကယ်ထုတ်မလဲပဲ ရှိတယ်။ နောက်တစ်ခု ကျွန်တော့်အဖေနဲ့ အမေပေါ့။ ကျွန်တော်အဖေနဲ့ အမေကို လုပ်ကျွေးသင့်သလောက် လုပ်ကျွေးပြီးပြီ၊ ဒီအချိန်မှာ သေရမယ်ဆိုရင်တောင် အကုသိုလ်စိတ် သိပ်မရှိဘူး၊ ငရဲမရောက်လောက်ဘူး၊ အဲလိုမျိုးပေါ့။ နောက်ဆုံးလူတွေက ပြောကြတယ်။ သေသွားတဲ့အချိန်မှာ ဖြစ်တတ်တဲ့ နောက်ဆုံးအစွဲစိတ်ကို မထားဘူး။ နောက်ဆုံး ဒီအချိန်မှာ သေမယ်ဆို သေပျော်ပါပြီဆိုတဲ့စိတ်ကို သွင်းထားတယ်။ ငါဆိုတာထက် ဘေးမှာပါတဲ့လူတွေကို ငါဘယ်လိုကယ်မရမလဲ။ ရေထဲကျမယ်ဆိုရင်တောင် ငါတောသား ရေကူးတတ်တယ်။ ရေထဲကျသွားမယ်ဆိုရင် ဘယ်လို ကယ်မလဲပေါ့။ ကိုယ်လွတ်မြောက်သွားမယ်လို့တော့ ကျွန်တော်မတွေးဘူး။ 

Voice : ဗီဒီယိုဖိုင်ရိုက်လို့ဆိုပြီး ပြစ်တင်ပြောဆိုကြတဲ့ အပေါ်မှာရော ကိုနေမင်း ဘာပြောချင်သေးလဲ။ 
NM : ကျွန်တော် ကပ္ပတိန်ကြီးပြောပြီးတဲ့ချိန် အားလုံးငြိမ်သက်သွားပြီဆိုမှ ကျွန်တော် Record ယူတယ်။ ဒီလိုကအကုန်လုံးသေနိုင်တဲ့ အသက်ဘေးကနေ လွတ်မြောက်လာအောင် စွမ်းဆောင်နိုင်တဲ့ လေယာဉ်မှူးကြီးရဲ့ မှတ်တမ်း ဒီလိုဟာမျိုးက တစ်သက်မှာ တစ်ခါကြုံရဖို့က မလွယ်သလို မြန်မာပြည်မှာရှိတဲ့ သူတွေလည်း ထူးချွန်စွာနဲ့ လေယာဉ်ကို ကယ်တင်နိုင်ခဲ့တယ်ဆိုတာကို ကျွန်တော့်စိတ်က ပီတိဂုဏ်ယူစိတ်ဖြစ်တယ်။ ဦးလေးကြီးတစ်ယောက်က ကျွန်တော့်ကို ဖျောင်းဖျနေကတည်းက ကျွန်တော့်စိတ်ထဲမှာ ပျော်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့မြန်မာတွေက တစ်ယောက်ကို တစ်ယောက် ရိုင်းပင်းကူညီစိတ် ရှိပါလားပေါ့၊ စိတ်ထဲက ဗီဒီယိုရိုက်ချင်တယ်။ အဓိက ဖုန်းမသုံးစေချင်တာ။ ဗီဒီယိုမရိုက်နဲ့လို့ ပြောစေချင်တာမဟုတ်ဘူး ။ အောက်က ဝိုင်းရေးကြတယ်ဆိုတာ စေတနာနဲ့ အန္တရာယ်ဖြစ်မှာစိုးလို့ ပြောတဲ့သဘောပါ။ ကျွန်တော်ရိုက်ရတဲ့ ရည်ရွယ်ချက်ကလည်း မီဒီယာသော်လည်းကောင်း၊ ကျွန်တော်တို့ မိသားစုတွေသော်လည်းကောင်း ကျွန်တော့်တို့ သမိုင်းမှာ မြန်မာပြည်မှာ ဒီလိုထူးချွန်တဲ့ လေယဉ်မှူးတစ်ယောက် ရှိတယ်။ နောက်ပြီး ကျွန်တော်တို့ မြန်မာတွေက စနစ်ကျတဲ့ စိတ်လေးရှိတယ်ဆိုတာကို မှတ်တမ်းတင်ချင်တဲ့စိတ်ပါပဲ။ အဲဒါကြောင့် ရိုက်ဖြစ်တာ။ သက်စွန့်ဆံဖျား မပြေးဖြစ်တာကလည်း အဲဒီစိတ်ကြောင့်ပါ။

Voice : ပြည်ထောင်စုသစ္စာ ဇာတ်ကားရိုက်တုန်းက ဂုဏ်ပြုဆုတံဆိပ်ရထားတဲ့ ရွှေပြားကို လေယာဉ်မှူးကြီးကို ပေးမယ်ဆိုတာလေး ပြောပေးပါဦး။
NM : ပြည်ထောင်စုသစ္စာ ဇာတ်ကားရိုက်တုန်းက ရထားတဲ့ ဆုတံဆိပ်လေးပါ။ ကျွန်တော် တန်ဖိုးထားရတဲ့ အရာလေးကို သူ့ကို ဂုဏ်ပြုပြီး ပေးချင်တာပါ။ သူပေးတဲ့ အသက်ပဲရှိတော့တာပါ။ 

ခင်ညိုညိုသိမ့်


  • VIA