News

POST TYPE

INTERVIEW

ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
15-May-2019

ရာသီဥတုအပြောင်းအလဲနှင့် အအေးမိနှာစေးခြင်း

“အအေးမိနှာစေးမဖြစ်အောင် ကိုယ်ခံအားကောင်းဖို့ အာဟာရပြည့်အောင် စားဖို့လိုတယ်”



ယခုရက်ပိုင်းအတွင်း ရာသီဥတုအပြောင်းအလဲဖြစ်ခြင်းများကြောင့် အအေးမိနှာစေးခြင်း ဖြစ်စေပါသည်။ ထိုကဲ့သို့ အအေးမိနှာစေးခြင်း၊ အပူကြောင့်ဖြစ်သည့် အင်ပျဉ်ထခြင်းများကို ကာကွယ်နိုင်ရန် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်စွာဦးနှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အခုရက်ပိုင်း ရာသီဥတုအရမ်းပူတဲ့အတွက် အပူလျှပ်တာအပြင် အအေးမိနှာစေးဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီလိုဖျားနာတာတွေက ဘယ်လိုအကြောင်းတွေကြောင့်ပါလဲ။
Dr.KSO : အခုလို ပူပြင်းတဲ့ရာသီကနေ မိုးရာသီအကူး အပြောင်း၊ မိုးရွာလိုက်တဲ့အခါမှာ အအေးမိဖျားနာတာတွေ ဖြစ်တတ်ပါတယ်။ အအေးမိဖျားနာတာက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ အဲဒီလိုဖြစ်လာရင် ဖျားမယ်၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာမယ်၊ ကိုယ် လက်ကိုက်ခဲတယ်၊ ခေါင်းကိုက်တယ်၊ နှာမွှန်တယ်၊ နှာရည်ယိုတယ် စတာတွေက အအေးမိနှာစေးတာရဲ့ လက္ခဏာတွေပေါ့။

Voice : အဲဒီလိုဖြစ်လာတဲ့အခါ ဘယ်လိုမျိုးနေထိုင်သင့်ပါသလဲ။
Dr.KSO : အအေးမိ နှာစေးဖြစ်လာရင် ကိုယ်ခံအားကောင်းအောင် အားရှိအောင် အာဟာရပြည့်တာတွေ စားပေးဖို့လိုပါတယ်။ ဒီလို အအေးမိနှာစေးတာက ကိုယ်တိုင်ဖြစ်နေရင်လည်း ကိုယ်ကနေ တခြားသူကို မကူးစက်အောင် နှာခေါင်းကာတပ်တာ(Mask)၊ လက်ကိုင်ပဝါတို့၊ တစ်ရှူးတို့ဆောင်ထားဖို့ လိုပါတယ်။ ကိုယ်တိုင်မဖြစ်လည်း ဘေးက တခြားသူက ရောဂါဖြစ်နေသူတွေရှိရင်လည်း သတိထားရမယ်။ အဓိကတော့ လက်သန့်ရှင်းဖို့ပါပဲ။ လက်ကို ဆပ်ပြာနဲ့ သေချာသန့်ရှင်းအောင် ဆေးရမယ်။ နောက်ပြီး ဖျားနာနေတဲ့ အချိန်တချို့က အစားမစားတာရှိတယ်။ အမှန်တော့ အာဟာရပြည့်တဲ့အစားအစာတွေ စားဖို့လိုအပ်တယ်။ အိပ်ရေးဝ၀အိပ်ဖို့လည်း လိုပါတယ်။ အာဟာရဖြစ်အောင် ထမင်းလည်းစားလို့ရသလို မစားချင်ရင်လည်း တခြားခေါက်ဆွဲပြုတ်၊ ကြာဆံပြုတ်တွေ စားလို့ရတယ်။ နောက်ပြီး အရည်ရွှမ်းတဲ့အသီးတွေလည်း စားဖို့လိုတယ်။

Voice : အခုလိုရာသီက အခြားရာသီတွေထက် ပူတော့ အပူကန်နိုင်တဲ့ ရာသီပေါ်သီးနှံတွေ ဘယ်လိုစားသင့်ပါသလဲ။
Dr.KSO : မြန်မာတိုင်းရင်းဆေးမှာ အယူအဆတစ်ခုက အပူစာ၊ အအေးစာဆိုပြီးတော့ရှိတယ်။ အပူစာထဲမှာတော့ အခုရာသီပေါ် ဒူးရင်းသီးပေါ့။ အပူစာစားရင် မြန်မာအယူအဆအရ အပူကန်မယ်ဆိုတာရှိတယ်။ အနောက်တိုင်း ဆေးပညာမှာတော့ မရှိဘူးပေါ့။ အစားစားတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပါပဲ။ အလွန်အကျွံစားတော့ ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။

Voice : ဖျားနာတာအပြင် ပူလို့ မိတ်ထွက်တာ မျိုးမဟုတ်ဘဲ အပူဖုတွေကြောင့် အသားအရေယားယံ တဲ့သူတွေအနေနဲ့ ဘယ်လိုနေထိုင်သင့်ပါသလဲ။
Dr.KSO : ဒါကတော့ အပူကြောင့်ဖြစ်တဲ့ အင်ပျဉ်ထခြင်းပေါ့။ အင်ပျဉ်ထတာကြောင့် အနီဖုလေးတွေ ဖြစ်တယ်။ ယားတယ်။ ဒါတွေက ယားတယ်ဆိုရင် ဘာမီတွန်လို အယားပျောက်ဆေးတွေ သုံးလို့ရတယ်။ အယားသက်သာအောင် လိမ်းဆေးတွေ လိမ်းလို့လည်းရတယ်။ အဲဒီလိုယားရင် ပင်လယ်စာတွေကိုရှောင်ရင် ပိုကောင်းပါတယ်။ အပူကြောင့်ဖြစ်တဲ့ အင်ပျဉ်ထခြင်းက အရည်ကြည်ဖုလေးတွေ ဖြစ်တယ်။ ဒါကို အခန့် မသင့်လို့ ကုတ်မိလိုက်တဲ့အခါကျရင် လက်ကနေ ဗက်တီးရီးယားပိုးဝင်ပြီးတော့ အနာစိမ်းလိုဖြစ်တယ်။

Voice : အခုမေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး လူထုကို ဖြည့်စွက်စကား ပြောကြားပေးပါဦး။
Dr.KSO : အအေးမိနှာစေးမဖြစ်အောင် ကိုယ်ခံအားကောင်းဖို့ အာဟာရပြည့်အောင် စားဖို့လိုတယ်။ လက်သန့်ရှင်းရေးက အင်မတန်မှ အရေးကြီးပါတယ်။ အပြင်က ပြန်လာပြီးတာပဲဖြစ်ဖြစ်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတာပဲဖြစ်ဖြစ် လက်သန့်ရှင်းအောင် ဆပ်ပြာနဲ့ သေချာဆေးရပါတယ်။ အကယ်၍ ရေဆေးဖို့ အဆင်မသင့်ဘူးဆိုရင်လည်း လက်ဆေးတဲ့ Gel တွေကို လိမ်းပေးလို့ရပါတယ်။ ကိုယ်ခံအားကောင်းဖို့ အာဟာရပြည့်အောင် စားဖို့လိုတယ်။ စိတ်ဖိစီးမှု လျှော့ဖို့လိုတယ်။ အိပ်ရေးဝ၀အိပ်ရမယ်။ အနီးနားဝန်းကျင်မှာ ရောဂါခံစားနေရတဲ့သူရှိရင် ကိုယ်တိုင်ကာကွယ်တဲ့အနေနဲ့ နှာခေါင်းအကာတပ်ဖို့လိုတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ