News

POST TYPE

INTERVIEW

ဂရိတ်ဝေါလ် အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌ ဦးတင်မောင်နှင့် တွေ့ဆုံခြင်း
15-May-2019

“Biomass Energy က မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါတယ်”



Biomass Energy (ဇီဝလောင်စာဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း) နည်းပညာဆိုတာဘာလဲ၊ ဒီစနစ်က ပြည်သူတွေကို အကျိုးရှိစေမှာလား။ ယင်းနည်းပညာဖြင့် နိုင်ငံတစ်ဝန်းရှိ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် စက်ရုံများတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးပမ်းနေသည့် ဂရိတ် ဝေါလ်အင်တာနေရှင်နယ်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးတင်မောင်နှင့် The Voice သတင်းစာက တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : Biomass Energy နည်းပညာနဲ့ လျှပ်စစ်ထုတ်တဲ့အခါ ဘယ်လိုပုံစံနဲ့ ထုတ်လုပ်တယ်ဆိုတာကို ပထမဦးဆုံးရှင်းပြပေးပါလား။ 
UTM : သီးနှံပင်စည် ပင်ကိုင်းတွေ၊ သစ်တိုသစ်စတွေ၊ ကိုင်းဖျားကိုင်းနားတွေကို တိုက်ရိုက်လောင်စာအနေနဲ့ အသုံးပြုပြီး လောင်စာမီးအပူနဲ့ ဘွိုင်လာကို အပူပေးမယ်။ ဘွိုင်လာကထွက်လာတဲ့ ရေနွေးငွေ့နဲ့ လျှပ်စစ်တာဘိုင်ကို လည်စေမယ်။ ဒီနည်းနဲ့ လျှပ်စစ်ထုတ်တာပေါ့။ ဒီနည်းပညာမှာ အဓိက ကုန်ကြမ်းနှစ်ခုပဲ။ စည်ပင်သာယာကထွက်ရှိတဲ့ အမှိုက်နဲ့ သစ်ပင်ကထွက်တဲ့ အပိုင်းအစကိုပါ။ အခြားနိုင်ငံတွေမှာတော့ အမှိုက်ကို အသုံးပြုတာရှိတယ်။ ဒါပေမဲ့ လျှပ်စစ်ယူနစ် အထွက်နည်းတယ်။ ဒီမှာတော့ သစ်ပင်အပိုင်းအစတွေကို အသုံးပြုမှာပါ။ ဇီဝလောင်စာ အသုံးပြုပြီး အပူကနေ လျှပ်စစ်ထုတ်တဲ့ နည်းစနစ်ပါပဲ။ သီးနှံကိုင်းဖျားကိုင်းနားနဲ့ သစ်တိုသစ်စ တစ်တန်ဆိုရင် လျှပ်စစ်ယူနစ် ၁၀၀၀ ထုတ်လုပ်နိုင်ပါတယ်။

Voice : ကမ္ဘာမှာ Biomass Energy နည်းပညာကို ဘယ်နိုင်ငံက စတင်အသုံးပြုခဲ့သလဲ။ လက်ရှိ ဘယ်နိုင်ငံတွေမှာ ဘယ်လောက်အထိ အသုံးပြုနေကြ သလဲ။
UTM : ဒီနည်းပညာကို ၁၉၈၈ ခုနှစ်မှာ ဥရောပတိုက်က ဒိန်းမတ်နိုင်ငံက စတင်အသုံးပြုခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုရဲ့ ၂၄ ရာခိုင်နှုန်းက Biomass စက်ရုံတွေက ရရှိပါတယ်။ လက်ရှိ ကမ္ဘာမှာ Biomass Energy နည်းပညာသုံးပြီး လျှပ်စစ်အများဆုံးထုတ်လုပ်တဲ့နိုင်ငံက အမေရိကန်နိုင်ငံပါ။ ၂၀၁၈ ခုနှစ်မှာ မဂ္ဂါဝပ် ၂၂,၀၀၀ ထုတ်လုပ်ခဲ့ပါတယ်။ ဒုတိယအများဆုံး ထုတ်လုပ်တာ တရုတ်နိုင်ငံပါ။ ၂၀၁၇ ခုနှစ်မှာ စက်ရုံပေါင်း ၇၃၄ ရုံ ရှိခဲ့သလို လျှပ်စစ်မဂ္ဂါဝပ် ၁၈,၀၀၀ ထုတ်လုပ်နိုင်ခဲ့ပါတယ်။

Voice : ဒီစက်ရုံတွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုရှိစေနိုင်လား။
UTM : Biomass Energy နည်းပညာကို သန့် ရှင်းတဲ့ လောင်စာလို့လည်းခေါ်သေးတယ်။ သီးနှံတွေရဲ့ ပင်စည်ပင်ကိုင်းတွေကို လောင်စာအတွက် ကုန်ကြမ်းအဖြစ် အသုံးပြုတဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်က ဘွိုင်လာက ထွက်ကတည်းက အနည်း အကျဉ်းပဲ ထွက်လာတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ထွက်ရှိမှုက အင်မတန်ကို နည်းတယ်။ ထွက်လာတဲ့ ပြာကို ဩဂဲနစ်မြေဩဇာအဖြစ် ပြန်အသုံးပြုနိုင်တယ်။ ကာဗွန်ထွက်ရှိမှု အင်မတန်နည်းပါးလို့ သဘာဝပတ် ဝန်းကျင်ကို ထိခိုက်မှုမရှိပါဘူး။ ကျောက်မီးသွေးလို ကာဗွန်အများကြီး မထွက်ဘူး။

Voice : နိုင်ငံတော်ကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး တင်ပြထားတာရှိလား။ တင်ပြထားရင်လည်း လက်ရှိ ဘယ်လိုအနေအထားကို ရောက်နေပြီလဲ။ 
UTM : ဒီနည်းပညာနဲ့ပတ်သက်လို့ ၂၀၁၅ ခုနှစ် မှာ စတင်လေ့လာခဲ့တယ်။ ၂၀၁၆ ခုနှစ်မှာ တရုတ် ပြည်မှာရှိတဲ့ Biomass Energy သုံး လျှပ်စစ်စက်ရုံ တွေကိုသွားပြီး စတင်လေ့လာခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာ ပြည်တွင်းမှာ Biomass Energy သုံး စက်ရုံတွေ တည်ဆောက်ဖို့ ကုန်ကြမ်းအများဆုံးထွက်တဲ့ သီးနှံတွေကို သုတေသနပြုလေ့လာခဲ့တယ်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို စီမံကိန်းနဲ့ပတ်သက်ပြီး တင်ပြခဲ့တယ်။ ပြည်သူ့လွှတ်တော်မှာလည်း ကိုယ်စားလှယ်တွေကို သွားရောက်ရှင်းပြခဲ့တယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကတောင်းလို့ Biomass Energy လျှပ်စစ်စက်ရုံအတွက် Proposals (ထုတ်လုပ်မှုပုံစံနဲ့ ကုန်ကျစရိတ်အသေး စိတ်အဆိုပြုလွှာ) တင်ပြထားပါတယ်။ အခုထိ အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာ မရရှိသေးပါဘူး။

Voice : လျှပ်စစ်ထုတ်လုပ်ခွင့်ရခဲ့ရင် ဘယ်လိုပုံစံနဲ့ ရောင်းချဖြန့်ဖြူးသွားမှာပါလဲ။
UTM : လျှပ်စစ်ကဏ္ဍမှာ ထုတ်လုပ်မှု၊ ပို့လွှတ်မှု၊ သုံးစွဲမှုဆိုတဲ့ အပိုင်း ၃ ပိုင်း ရှိပါတယ်။ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းအပိုင်းကို ဝန်ကြီးဌာနက လုပ်ဆောင်တာဖြစ်ပါတယ်။ ထုတ်လုပ်မှုအပိုင်းကိုပဲ ကုမ္ပဏီက လုပ်ဆောင်မှာပါ။ နိုင်ငံတော် ဓာတ်အားလိုင်းကို တင်ပို့ရောင်းချပေးသွားမှာပါ။ 

Voice : Biomass Energy စက်ရုံတွေက ထွက်ရှိလာတဲ့ လျှပ်စစ်တစ်ယူနစ်ရဲ့ ရောင်းချမည့် ဈေးနှုန်းက ဘယ်လောက်ဖြစ်မလဲ။
UTM : လျှပ်စစ်တစ်ယူနစ်ကို ၁၁၀ ကျပ်နဲ့ ရောင်းချသွားမှာပါ။ ဒီဈေးက တစ်ယူနစ်ထုတ်လုပ်မှုအတွက် အမှန်တကယ် ကုန်ကျနိုင်တဲ့စရိတ်ကို တောင်းထားတာပါ။ တစ်ယူနစ်အတွက် တောင်သူဆီက စက်မှုကုန်ကြမ်းဝယ်ယူမှု ကုန်ကျစရိတ်က ၇၀ ကျပ် လောက်ကျပါတယ်။ ၄၀ ကျပ်က ဘဏ်တိုး၊ ပြင်ဆင် ထိန်းသိမ်းစရိတ်နဲ့ စက်ရုံလည်ပတ်စရိတ်အတွက်ပါ။ အခြားမမျှော်မှန်းနိုင်တဲ့ စရိတ်တွေရှိသေးတယ်။ ဒီဈေးထက် လျော့လို့မရပါဘူး။ သင့်လျော်တဲ့ အကျိုးအမြတ်ရမှသာ စက်ရုံတွေကို တိုးချဲ့တည်ဆောက်နိုင်မှာဖြစ်တယ်။ ကုမ္ပဏီအကျိုးတစ်ခုတည်းအတွက် မရည်ရွယ်ပါဘူး။ နိုင်ငံအကျိုး၊ ဒေသခံများအကျိုး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိဖို့အစရှိတဲ့ အကျိုးတွေကို ရည်ရွယ်ပြီး ကြိုးစားတည်ဆောက်လိုတာဖြစ်ပါတယ်။ ဒီဈေးအောက် လျှော့ချလို့ မရလို့ပါ။

Voice : Biomass Energy နည်းပညာနဲ့ လျှပ်စစ်ထုတ်လုပ်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရောရှိနေလား။
UTM : နိုင်ငံတော်ရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်သလို ဒေသတွင်း တောင်သူတွေလည်း ယာခင်းက ထွက်ရှိတဲ့ စိုက်ပျိုးသီးနှံတွေရဲ့ ပင်စည်ပင်ကိုင်းတွေကို မီးရှို့ဖျက်ဆီးဖို့ မလိုတော့ဘူး။ တောင်သူတွေအတွက် အပိုဝင်ငွေရရှိနိုင်လာမှာဖြစ်ပြီး အမှိုက်ကနေ ရွှေဖြစ်လာမှာပါ။ စက်မှုကုန်ကြမ်း တစ်တန်ကို ငွေကျပ် ၂၅,၀၀၀ မှ ငွေကျပ် ၄၀,၀၀၀ ကျပ်အထိ ဝယ်ယူပေးသွားဖို့လျာထားပါတယ်။ 

Voice : Biomass Energy စက်ရုံတွေကို ဘယ်နိုင်ငံက နည်းပညာနဲ့ တည်ဆောက်သွားမှာလဲ။ စက်ရုံ ဆောက်ဖို့ လျာထားတဲ့နေရာလေးတွေရှိရင် သိချင်ပါတယ်။
UTM : တရုတ်နိုင်ငံရဲ့ နည်းပညာကို အသုံးပြုပြီး တည်ဆောက်သွားမှာပါ။ ကုန်ကြမ်းရရှိဖို့အတွက် စက်ရုံအနီး မိုင် ၅၀ အတွင်းမှာ စက်မှုကုန်ကြမ်းထွက်တဲ့ ယာခင်းများတဲ့နေရာဖြစ်ရမယ်။ ဒီလိုမှမဟုတ်ရင် တစ်ယူနစ်ဈေးနှုန်းပိုမြင့်သွားမယ်။ နေရာ ၄ ခုမှာ တည်ဆောက်ဖို့ ရည်ရွယ်ထားတယ်။ စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်၊ ရွှေဘိုမြို့နယ် ဆားတောင်ကျေးရွာဒေသ၊ မန္တလေးတိုင်း သပိတ်ကျင်းဒေသနဲ့ မြစ်သားမြို့နယ်တို့မှာ တည်ဆောက်ဖို့ လျာထားပါတယ်။

Voice : စက်ရုံတစ်ရုံကို တည်ဆောက်တဲ့ ကုန်ကျစရိတ် ဘယ်လောက်ရှိပါသလဲ။ တည်ဆောက်ခွင့်ရခဲ့ရင် နိုင်ငံတော်နဲ့ အကျိုးတူဆောင်ရွက်သွားမှာလား။
UTM : စတင်တည်ဆောက်ချိန်မှာ မဂ္ဂါဝပ် ၆၀ စက်ရုံတွေ တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ မဂ္ဂါဝပ် ၆၀ ထုတ်လုပ်နိုင်တဲ့ စက်ရုံတစ်ရုံရဲ့ ကုန်ကျ စရိတ်က အမေရိကန်ဒေါ်လာ ၇၂ သန်းကုန်ကျမှာ ဖြစ်ပါတယ်။ ဂရိတ်ဝေါကုမ္ပဏီက ရှယ်ယာရှင်တွေရဲ့ ရှယ်ယာတွေနဲ့ ပြည်ပနိုင်ငံမှာရှိတဲ့ ဘဏ်တစ်ခုကနေ ဘဏ်ချေးငွေရယူပြီး တည်ဆောက်သွားမှာပါ။ ကုမ္ပဏီအနေနဲ့ စီမံကိန်းအတွက် ချေးငွေရရှိဖို့ကိုလည်း တရုတ်နိုင်ငံက ဘဏ်တစ်ခုနဲ့ သဘောတူညီမှု ရရှိပြီးဖြစ်ပါတယ်။ နိုင်ငံတော်ဆီက ဘာတစ်ခုမှ တောင်းခံသွားမှာ မဟုတ်ပါဘူး။ မြေနေရာကအစ ကိုယ်တိုင်ဝယ်ယူ တည်ဆောက်သွားမှာပါ။ စက်ရုံတစ်ရုံဆောက်ဖို့ မြေဧရိယာက ဧက ၁၀၀ လိုအပ်ပါတယ်။ ၆၀ ဧကက ကုန်ကြမ်း သိုလှောင်ဖို့နဲ့ ဧက ၄၀ က စက်ရုံတည်ဆောက်ဖို့ လုပ်ငန်းနဲ့ ဝန်ထမ်းအိမ်ရာတွေအတွက် အသုံးပြုရမှာဖြစ်ပါတယ်။

Voice : ဒီနည်းပညာက ပြည်တွင်းက လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယူဆပါသလား။ အခြားဘာများဖြည့်စွက်ပြောချင်ပါသလဲ။ 
UTM : နိုင်ငံတကာပညာရှင်တွေ ခန့်မှန်းချက်အရ ၂၁ ရာစုကုန်ရင် ကမ္ဘာ့စွမ်းအင်ထုတ်လုပ်မှုအားလုံးရဲ့ ၄၀ Biomass အပါအဝင်ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေက နေရာယူသွားမယ်ဆိုထားပါတယ်။ Biomass Energy က မြန်မာနိုင်ငံရဲ့ လျှပ်စစ်လိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ပါတယ်။ တိုင်းပြည်မှာ ကုန်ကြမ်းရရှိမှု အားသာချက်ရှိနေတယ်။ ပြည်နယ်နဲ့တိုင်းမှာ ဒီလိုစက်ရုံတွေ တည်ဆောက်နိုင်ဖို့ အစိုးရအားပေးဖို့၊ ပံ့ပိုးကူညီပေးဖို့ လိုအပ်ပါတယ်။ ဥပဒေတွေ ထုတ်ပြန်ရေးဆွဲပေးပြီး အကာအကွယ်ပေးဖို့လည်း လိုအပ်မယ်။

Voice : အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဘုန်းနေ