News

POST TYPE

INTERVIEW

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ကပ္ပတိန်မြတ်မိုးအောင်နှင့် တွေ့ဆုံခြင်း
13-May-2019

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)တွင် မေလ ၁၂ ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်းမှလေယာဉ်တစ်စီး မတော်တဆမှုဖြစ်ပြီးခဲ့ရာ ယင်းလေယာဉ်ပေါ်ပါရှိသည့် ခရီးသည် ၈၂ ဦး၏ အသက်ကို လေယာဉ်မှူးကြီးနှင့် လေယာဉ်ဝန်ထမ်းများက ကယ်တင်နိုင်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လေယာဉ်မှူးကြီးဦးမြတ်မိုးအောင်နှင့် The Voice Daily ဆက်သွယ်မေးမြန်းချက်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : လေယာဉ်မှူးကြီးရဲ့ လေယာဉ်မောင်း အတွေ့အကြုံ ဘယ်လောက်ရှိပြီလဲ။
UMMA : ကျနော်က တပ်မတော်လေမှာ ၁၉၉၄ ခုနှစ်မှာ လေယာဉ်မှူး စဖြစ်ပါတယ်။ မြန်မာအမျိုးသားလေကြောင်းလိုင်းကို ၂၀၀၆မှာ ရောက်ပါတယ်။အဲဒီကနေ ဒီအထိ မောင်းပါတယ်။အဓိကလေယာဉ်မှူးအဖြစ် ၆နှစ် အတွေ့အကြုံရှိပါတယ်။

Voice : ဒီကနေ့ ရန်ကုန်ကနေ ဘယ်အချိန် ပျံသန်းခဲ့တာလဲ။
UMMA : ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ နံနက် ၇ နာရီ ၂၀မိနစ်မှာ ပျံသန်းခဲ့ပါတယ်။ မန္တလေးကိုလည်း ပုံမှန်အတိုင်း ပျံတယ်။ရာသီဥတုကလည်း ကောင်းပါတယ်။
ဆင်းမယ့်အချိန်မှာ ရှေ့ဘီး မကျဘူးဖြစ်တယ်။ မကျတဲ့အတွက် ပေတစ်ထောင်နဲ့ ကွင်းကို နှစ်ပတ်ပတ်ပါတယ်။ လေထဲမှာ မိနစ် ၂၀ လောက် ဆီဖြုန်းလိုက်တယ်။ ဆီဖြုန်းခြင်းဟာ ထိခိုက်မှုသက်သာစေပါတယ်။ ပြီးမှ ဆင်းပါတယ်။ ခရီးသည်တွေကို မစိုးရိမ်ဖို့ သေချာမှာပါတယ်။ ကျနော်ကိုယ်တိုင် ပြောပါတယ်။

Voice : ဧရာဝတီမြစ်ထဲ ထိုးဆင်းတယ်ဆိုပြီး ပြောနေကြတဲ့အပေါ်ရော ဘာပြောစရာရှိလဲ။
UMMA : နောက်တစ်ခုက တချို့တွေက ပြောပါတယ်။ ဧရာဝတီမြစ်ထဲ ဆင်းတယ်လို့ ပြောကြပါတယ်။ ဒါကိုလည်း ကျနော် စဉ်းစားပါတယ်။ ဧရာဝတီထဲ ဆင်းတယ်ဆိုတဲ့အကြောင်းက သုံးဘီးလုံး အကုန်မကျဘူးဆိုရင်တော့ ဆင်းနိုင်တယ်။ တစ်ဘီးတည်းကတော့ ဆင်းစရာမလိုဘူး။ နောက်တစ်ခုက နှစ်ဘီးထဲဆင်းမှ ပြသနာတက်တော့မှာ။

Voice : ဒီလို လေယာဉ် ဆင်းဖို့ အခက်အခဲ ဖြစ်နေတဲ့အချိန် ။ လေထဲမှာ မိနစ် ၁၀ လောက်ပျံသန်းနေတဲ့အချိန် ခရီးသည်တွေရဲ့ စိုးရိမ်စိတ်ကရော ဘယ်လို ရှိလဲ။
UMMA : အရမ်းကောင်းတယ်။ ခရီးသည်တွေက Knowledge ကောင်းတယ်။ ဘာမှ စိုးရိမ်စိတ်တွေ မရှိကြပါဘူး။

Voice : ခုလို ရှေ့ဘီးမကျတာ ဘာကြောင့်လို့ထင်လဲ။
UMMA : ရှေ့ဘီးချမယ်လုပ်တဲ့အချိန်မှာ ဘီးတာယာက ကန့်လန့် ဖြစ်နေတယ်။ ဘီးတောင် မပေါက်ဘူး။ ဘာကြောင့်ဆိုတာတော့ စဉ်းစားမရဘူး။
ထားပါတော့ ဒါက စက်ပစ္စည်းဆိုတာ ဖြစ်တတ်ပါတယ်။

Voice : ဒီနေ့ ဖြစ်စဉ်မှာ လေယာဉ်မှူးကြီးရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကြောင့် ခရီးသည်တွေရဲ့ အသက်တွေကို ကာကွယ်နိုင်ခဲ့တယ်။ဒီအပေါ်မှာ ချီးကျူး မှတ်ချက် ပြောဆိုနေကြတဲ့အပေါ် ဘာပြောချင်လဲ။
UMMA : ကျနော် ဝမ်းသာပါတယ်။အဓိကတော့ ခရီးသည်တွေ ဘေးကင်းခဲ့ပါတယ်။ကျနော့် လေကြောင်းလိုင်းက နိုင်ငံတကာကို သွားနေတယ်။သွားနေတဲ့အချိန်မှာ ကျနော်အနေနဲ့တော့ ယုံကြည်မှု မလျော့စေချင်ပါဘူး။ကျနော်တို့တတွေ အလုပ် လုပ်နေတယ်ဆိုတာ ခရီးငည်တွေ ဘေးကင်းဖို့ပါ။

Voice : လေယာဉ်မှူးကြီးအနေနဲ့ရော ဘာဖြည့်စွက် ပြောစရာ ရှိလဲ။
UMMA : လေယာဉ်ကိုလည်း ကျနော်ကြည့်လိုက်တယ်။ ဘာမှ ထူးထူးခြားခြားမရှိဘူး။ အင်ဂျင်လည်း ထိခိုက်မှု မရှိပါဘူး။
နောက်ဆုံးတော့ဗျာ။လေကြောင်းလိုင်းဆိုတာ နိုင်ငံတော်ရဲ့ ကိုယ်စားပါပဲ။လေယာဉ်မှူးတွေ ညံ့ရင် နိုင်ငံတော်ကို ထိခိုက်တာပါပဲ။ကျနော်တို့အနေနဲ့ကတော့ ပြောချင်တာက ခရီးသည်တွေအနေနဲ့ ယုံကြည်မှုရှိစွာ ဆက်ပြီး အားပေးပါလို့ ပြောချင်ပါတယ်။

မောင်ရဲနွေ