News

POST TYPE

INTERVIEW

ပဒိုနော်စီဖိုးရာစိန်နှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တွေ့ဆုံမေးမြန်းခြင်း
12-May-2019


ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဒုတိယဥက္ကဋ္ဌ (ယခင်သက်တမ်း)၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ၏ အကြံပေးပုဂ္ဂိုလ်၊ ပဒိုနော်စီဖိုးရာစိန်နှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် တွေ့ဆုံမေးမြန်းခြင်း


မေး ။ ။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဘယ်ကို ဦးတည်နေပါသလဲ။
ဖြေ ။ ။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ အားလုံးသိတဲ့အတိုင်း သွားနေတဲ့လမ်းက ရပ်တန့်နေတာမျိုး ဖြစ်နေတယ်။ အဲဒီအခြေအနေအပေါ်မှာ ဘယ်ကို ဆက်သွားမယ်ဆိုတာကို လောလောဆယ်ကြည့်ရတာတော့ နည်းလမ်းတွေ ရှာနေတာပေါ့။ သွားတဲ့လမ်းက ဘယ်လိုဖြစ်နေလဲဆိုတော့ ဝေဝါးနေပါတယ်။

မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ကရင်အမျိုသားအစည်းအရုံး (KNU) အနေနဲ့ ဘာကြောင့် ရပ်တန့်ထားသလဲဆိုတာ ဆရာမရဲ့အမြင် ပြောပြပေးနိုင်မလား။
ဖြေ။ ။ ကျွန်မအမြင်အရ KNU ရပ်တန့်ထားတာကတော့ အားလုံးသိတဲ့အတိုင်းပဲလေ။ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်က လက်မှတ်ထိုးပြီးရင် တစ်ဆင့်ပြီးတစ်ဆင့် တက်မယ်။ အထူးသဖြင့် နိုင်ငံရေးဆွေးနွေးပွဲကိုသွားမယ်။ သွားရင်း သွားရင်း တပ်မတော်ရဲ့ NCA အပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်က တစ်ခုဖြစ်လာတယ်။ တပ်မတော်က ချထားတဲ့မူ ၆ ချက်လည်းရှိတယ်။ NCA လက်မှတ်ထိုး ၃ နှစ် ပြည့်တဲ့နေ့မှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ပြောတာရှိတယ်။ NCA က နိုင်ငံရေးအဖြေထုတ်ဖို့ မဟုတ်ဘူးတဲ့။ နောက်တစ်ခုက နိုင်ငံရေး စိတ်ဆန္ဒရှိရင် ပါတီထောင်၊ ရွေးကောက်ပွဲဝင်ရမယ်။ စီးပွားရေးစိတ်ဝင်စားရင် ကုမ္ပဏီထောင်ရမယ်။ နောက်တစ်ချက်က စစ်ရေး၊ နိုင်ငံကို ကာကွယ်ချင်ရင် တပ်ထဲဝင်ရမယ်။ နောက် အရေးကြီးတဲ့အချက်က ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပြောထားတာရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စဉ်းစားချက်နဲ့ တပ်မတော်ရဲ့ ရပ်တည်ချက် ကွာဟနေတယ်လို့ ကျွန်မ မြင်တယ်။ ဒါကြောင့် KNU ကလည်း ပြန်စဉ်းစားတာရှိလာတယ်လို့ ထင်ပါတယ်။

မေး။ ။ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ထင်သလဲ။
ဖြေ။ ။ ကျွန်မအမြင်ကတော့ လက်ရှိငြိမ်းချမ်းရး လုပ်ငန်းစဉ်ဟာ ဝေဝါးနေပါတယ်။ နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ချထားတဲ့မူ ၇ ချက်ရှိတယ်။ အဲဒီထဲမှာ ပါထားတဲ့ အချက်တွေမှာ ဥပဒေ ဘောင်ထဲဝင်ပြီး နိုင်ငံရေးပါတီထောင်ရန် အဲဒီအချက်က အရေးကြီးတယ်။ အရင်က တိုင်းရင်းသားအဖွဲ့တွေက မစဉ်းစားဘူး။ မဆိုင်ဘူး။ နောက်တော့ တပ်မတော်ပေါ့။ သူ ချထားတဲ့မူ ၆ ချက်မှာလည်း ပါတီထောင်ရမယ်။ တပ်မတော်တစ်ခုတည်း ရှိရမယ်။ လက်မှတ်ထိုးတဲ့အဖွဲ့တွေကတော့ နိုင်ငံရေးဆွေးနွေးပွဲ တစ်ဆင့်ချင်းသွားမယ်။ ပြန်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို တပ်မတော်က ကိုင်ထားတာရှိတယ်။ ဘာလို့ တပ်မတော်ကိုင်ထားသလဲဆိုတော့ အရင်ဦးသိန်းစိန်လက်ထက်ကတည်းက တပ်မတော်က ကိုင်ထားတာ။ NCA လက်မှတ် ထိုးထားတဲ့ တိုင်းရင်းသားတွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီလမ်းကို သွားမယ်။ အရင်က တပ်မတော်နဲ့ အစိုးရက တစ်သားတည်းဖြစ်တယ်။ လုပ်ငန်းစဉ်အားလုံးကို တပ်က ကိုင်ထားတယ်။ တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင် ပြည်သူတွေမျှော်လင့်တဲ့ NLD အစိုးရ တက်လာတဲ့အခါ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ရွေးကောက်ပွဲဝင်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံက သူ့ကို ပြန်ကိုင်ထားတယ်။ NLD အနေနဲ့ ကြိုးစားတာရှိတယ်။ တစ်ဖက်ကိုကြည့်ရင် တိုင်းရင်းသား လက်နက်ကိုင် EAOs ဘက်လည်း အားနည်းချက်ရှိတယ်။ NLD ဘက်လည်း အားနည်းချက်ရှိတယ်။ EAO ကလည်း NLD ကို မချဉ်းကပ်သလို NLD ကလည်း EAOs ကို မချဉ်းကပ်ဘူး။ အရင် ဦးသိန်းစိန် ချမှတ်တဲ့ လမ်းကြောင်းကနေ NLD နဲ့ EAOs ဘယ်လို ဆက်သွားမလဲဆိုတာ မရှိတဲ့အခါ NLD ကို တိုင်းရင်းသားတွေ ယုံကြည်မှုလျော့နည်းလာတယ်။ NLD အစိုးရအနေနဲ့ ဆက်လုပ်ဖို့ အခက်အခဲတွေ အများကြီးရှိတယ်။ သူ ကြိုးစားထားတွေရှိတယ်။ တပ်မတော်က ကိုင်ထားတော့ တပ်မတော် ဆုံးဖြတ်ချက်ရမှရမယ်။ NLD တက်ပေမယ့်လည်း NLD အာဏာကို မသုံးနိုင်ဘူး။ တပ်မတော်ကပဲ ချုပ်ကိုင်ထားတယ်။

မေး။ ။ အရင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးနဲ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဘယ်အချိန်က ပိုခက်ခဲလဲ။
ဖြေ။ ။ ကျွန်မကတော့ ဦးသိန်းစိန်ခေတ်တုန်းက ပါခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တက်လာတော့ ကျမ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မပါတော့ဘူး။ ဒါပေမဲ့ ကျွန်မ အပြင်ကနေ သုံးသပ်တာကတော့ တပ်မတော်ရပ်တည်ချက်က အတူတူပဲ။ ရပ်တည်ချက် ပြောင်းလဲမှု မရှိဘူး။ ဦးသိန်းစိန်တုန်းကတော့ တပ်မတော်နဲ့ အစိုးရက တစ်ခုတည်းဖြစ်တယ်။ တစ်ခုတည်းဖြစ်တဲ့အခါမှာ သူက တစ်ခုခု ဆုံးဖြတ်ရင် ပြဿနာမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် တက်လာတော့ NLD အစိုးရနဲ့ တပ်မတော်က သဘောထားတစ်ခုတည်း မဟုတ်တော့ဘူး။ ဒါပေမဲ့ အားနည်းချက်ကတော့ ဒီအစိုးရက တိုင်းရင်းသားတွေကို ချဉ်းကပ်မှုအားနည်းတယ်။ ချဉ်းကပ်ပေမယ့် တကယ်ဘာကို ဖြစ်ချင်သလဲဆိုတဲ့ တိတိကျကျချဉ်းကပ်မှုမှာ အားနည်းနေတာ တစ်ခုတော့ရှိတယ်။

မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာ အခင်းအကျင်းနဲ့ ပတ်သက်ပြီး ဘယ်အရာတွေကို ပြုပြင်သင့်ပါသလဲ။
ဖြေ။ ။ အခု တိုင်းရင်းသားလက်နက်ကိုင် EAOs ဘက်ကလည်း ပြောနေတာတွေရှိတယ်။ ဘယ်လို ဆက်ပြီးသွားကြမလဲ။ နည်းလမ်းရှာရင်တာ့ ပိုပြီး လုပ်နိုင်မယ်။ NCA ကိုလည်းပြင်ဖို့ စဉ်းစားနေကြတယ်။ ကျွန်မအမြင်ကတော့ အခက်အခဲအဓိက ပြဿနာက တပ်မတော်ဖြစ်တယ်။ NCA ကို ဘယ်လောက်ပဲပြင်ချင်ပြင်ချင် တပ်မတော်က လက်မခံဘူး။ တပ်မတော်ရပ်တည်ချက်က မပြောင်းလဲဘူးဆိုရင် သွားလို့မရဘူး။ တပ်မတော် ရပ်တည်ချက်က ပြောင်းဖို့ ပြင်ဖို့လိုတယ်။ တပ်မတော်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တကယ်စိတ်ဆန္ဒရှိဖို့ လိုတယ်။ တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲမှုအတွက် တပ်မတော်က အဓိကဖြစ်တယ်။ နောက်တိုင်းရင်းသားတွေလည်း ပိုပြီးတော့ စုစည်းဖို့လိုတယ်။ တိုင်းရင်းသားတွေ မစုစည်းနိုင်အောင်လည်း တပ်မတော်က ခေတ်အဆက်ဆက်က လုပ်ခဲ့တယ်။ တိုင်းရင်းသားတွေအနေနဲ့ သိကြပေမယ့် ပြန်စုစည်းဖို့ ခက်နေတယ်။ အခုဆိုရင် တိုင်းရင်းသားတွေမှာ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ဆိုပြီး ဖြစ်နေတယ်။ နှစ်ဖွဲ့စလုံးက ဒါကို ဦးတည်ချက်တစ်ခုခုနဲ့ ပြန်စုစည်းဖို့ လိုနေတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားရကျေနပ်မှုရှိလား။
ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကို သိပ်အားမရဘူး။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က သူပြောနေတဲ့ အမျိုးသား ပြန်သင့်မြတ်ရေးကို တပ်မတော်နဲ့ပဲ လုပ်နေတယ်။ တိုင်းရင်းသားတွေက ဒုတိယဖြစ်နေတယ်။ တိုင်းရင်းသားတွေကို ချဉ်းကပ်မှုလည်း အားနည်းနေတယ်လို့ ကျွန်မမြင်တယ်။ နှစ်ဖက်စလုံး ပြန်လုပ်မယ်ဆိုရင် တစ်မျိုးဖြစ်သွားမယ်။ နောက်တစ်ခု ကျွန်မအမြင်က သူသတ္တိရှိဖို့လိုတယ်။ သူ အမြဲတမ်းပြောနေတဲ့ စကားတစ်ခုရှိတယ်။ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတွေ သတ္တိရှိရှိ လက်မှတ်ထိုးကြပါလို့ သူပြောတယ်။ ကျွန်မအနေနဲ့လည်း သူ့ကို ပြောချင်တာက သတ္တိရှိရှိနဲ့ စစ်တပ်အပေါ် တစ်ခုခုပြောရင် သတ္တိရှိရှိလုပ်ဆောင်ဖို့ လိုတယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ သူရထားတဲ့ အာဏာကိုလည်း သတ္တိရှိရှိ သုံးဖို့လိုပါတယ်။
ကျွန်မအမြင်က နိုင်ငံတကာတွေရော ပြည်တွင်းရော၊ ငြိမ်းချမ်းရေးလို့ပြောနေချိန်မှာ အမှန်တကယ်တော့ ငြိမ်းချမ်းရေးက မရသေးဘူး။ အခုအခြေအနေမှာ နိုင်ငံရေးသဘောတူညီချက် ဘာမှမရသေးဘူးလို့ ပြောလို့ရတယ်။ တိုင်းရင်းသားနယ်မြေမှာ ပြန်ကြည့်ရင် ပြည်တွင်းစစ်တွေ ဖြစ်နေသေးတယ် အားလုံးလက်ခံရမယ်။ ပြည်တွင်းစစ် အဆုံးမသတ်သရွေ့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးမရှိသေးဘူး။ ငြိမ်းချမ်းရေးမရှိသေးတဲ့အပေါ် နယ်စပ်ဒုက္ခသည်တွေအတွက် ဘယ်သူမှ အာမခံမပေးနိုင်သေးဘူး။ စစ်ပြေးတဲ့ ဒုက္ခသည်တွေလည်း ပြန်ဖို့စိတ်ဆန္ဒမရှိသေးဘူး။ ပြန်ဖို့လည်း အာမခံချက်မရှိသေးဘူး။ သူတို့ ထွက်ပြေးနေတဲ့နေရာမှာ စစ်တပ်တွေ၊ ကုမ္ပဏီတွေ နေရာယူထားတယ်။ သူတို့ ဘယ်ကို ပြန်ရမှာလဲဆိုတာ သူတို့ကိုယ်တိုင် မသိရသေးဘူး။ ဖြစ်နိုင်ရင် ကျွန်မအနေနဲ့ ဒုက္ခသည်တွေကို ဘယ်လို ဆက်ထောက်ပံ့မလဲဆိုတာ စဉ်းစားစေချင်တယ်။

မေး။ ။ ဆရာမတို့ အမျိုးသမီးအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်မှုနှုန်းက လိုအပ်တယ် ပြောကြတယ်။ ဘာကြောင့် အမျိုးသမီးတွေ ပါဝင်မှုက အရေးကြီးပါသလဲ။
ဖြေ။ ။ ပြန်ကြည့်မယ်ဆိုရင် ဒီစစ်ပဋိပက္ခဖြစ်တဲ့ နိုင်ငံတွေကိုကြည့်ရင် ခံနေရတာက အမျိုးသမီးတွေပဲလေ။ အမျိုးသားတွေက တိုက်နေတာများတယ်။ အမျိုးသမီးတွေ တိုက်နေတာလည်းရှိပါတယ်။ ဒါပေမဲ့ ခံနေရတာကတော့ အမျိုးသမီးတွေ များပါတယ်။ နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲမှုမှာ အမျိုးသမီး တွေပါဝင်မှုက တိုက်ပွဲပဲဖြစ်ဖြစ် စစ်ပဋိပက္ခတွေမှာပဲ ဖြစ်ဖြစ် အမျိုးသမီးတွေက ပါဝင်နေတယ်။ အမျိုးသားတွေ တိုက်ပွဲကိုသွားရင် အမျိုးသမီးတွေက နောက်မှာ တာဝန်ယူကြရတယ်။ ဒါကြောင့် အမျိုးသမီးတွေ ဆုံးဖြတ်ချက်ချရာမှာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ဖို့က အရေးကြီးပါတယ်။

မေး။ ။ ဆရာမတို့ ခေတ်အဆက်ဆက်ပြောနေတဲ့ အမျိုးသမီးပါဝင်မှုနှုန်းက အားရကျေနပ်စရာ ရှိပြီလား။
ဖြေ၊ ။ ကျွန်မတို့ အမျိုးသမီးအဖွဲ့တွေ ကြိုးစားနေတာ ရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နောက် KNU အဖွဲ့မှာလည်း ကျွန်မတို့ Advocacy လုပ်နေတာ ရှိပါတယ်။ ဖွဲ့စည်းပုံထဲမှာထည့်ဖို့ ကြိုးစားနေတာ ရှိပါတယ်။ အခက်အခဲတွေ အများကြီးပါပဲ။ ဒီအဆင့်ရောက်ဖို့လည်း တော်တော်ကြိုးစားရမယ်။
EAOs အဖွဲ့မှာ အမျိုးသမီးပါဝင်မှု အားနည်းတယ်။ အစိုးရအဖွဲ့လည်း အားနည်းတယ်။ ကျွန်မအမြင် ဒါက စဉ်းစားချက်ပါ။ အမျိုးသမီးတွေအပေါ် အမျိုးသားတွေရဲ့ စဉ်းစားချက်က မပြောင်းလဲသေးဘူး။ အမျိုးသမီးတွေကို အများက လူမှုရေးကိစ္စပဲလုပ်ရမယ်။ နိုင်ငံရေးကိစ္စတွေ အမျိုးသမီးတွေ မပါနိုင်ဘူး။ ဆွေးနွေးမှု အသိပညာမရှိဘူးလို့ ထင်ကြတယ်။

မေး။ ။ဆရာမတို့ရဲ့ KNU အနေနဲ့ရော အမျိုးသမီးပါဝင်မှု ခေါင်းဆောင်ပိုင်းမှာ လက်ခံလား။
ဖြေ။ ။ တချို့ အမျိုးသားတွေက အမျိုးသမီးတွေ ခေါင်းဆောင်မှုအပိုင်း ပါဝင်နေရင် တစ်မျိုးခံစားရမယ်ထင်တယ်။ အမျိုးသားတွေရဲ့ စိတ်ထဲမှာ လက်ခံလို့မရဘူးဆိုတဲ့အခြေအနေ ရှိနေသေးတယ်။

မေး။ ။ အမျိုးသမီးတွေ နိုင်ငံရေး၊ စစ်ရေးတွေ ဆွေးနွေးတဲ့အခါ ပါဝင်လာရင် ဘယ်လိုအရာတွေက ကောင်းမွန်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေဟာ စစ်ရေးအမြင်ပဲဖြစ်ဖြစ်။ လူမှုရေးပဲဖြစ်ဖြစ် သူတို့က ပိုစဉ်းစားလို့ရမယ်။ အားလုံးမြင်နိုင်တယ်။ အမျိုးသမီးတွေက စဉ်းစားတာ အမြင်ပိုကျယ်တယ်။ အဘက်ဘက်က စဉ်းစားကြတယ်။ တစ်ခုလုံးကို ကြည့်လို့ရပါတယ်။

မေး။ ။ KNU ကရော ခေါင်းဆောင်ပိုင်းနေရာမှာ အမျိုးသမီးတွေကို ထည့်သွင်းတာတွေ ရှိပါသလား။
ဖြေ။ ။ ကျွန်မအနေနဲ့က အခုလောလောဆယ် KNU ခေါင်းဆောင်ပိုင်းမှာ မပါတော့ဘူး။ ကျွန်မ အမြင်ကတော့ သူတို့အတွေးအခေါ်က ရှိသေးတယ်။ အမျိုးသမီးတွေက ဟိုဟာတွေး ဒီဟာစဉ်းစားဆိုတာကို လက်မခံဘူး။ အမျိုးသမီးပါဝင်မှုကိုတော့ လက်ခံတယ်။ အမျိုးသမီးပါရင် ပြီးရောဆိုတဲ့ သဘောပါ။ ဆုံးဖြတ်ချက်အပိုင်းမှာတော့ အမျိုးသမီးပါဝင်မှုကို လက်မခံနိုင်သေးဘူး။ အမျိုးသမီးတွေ ထက်မြက်ရင်ပါမယ်။ အရည်အချင်းရှိလားဆိုတာ ကြည့်တယ်။ တကယ် အရည်အချင်းကြည့်မယ်ဆိုရင် ပါဝင်တဲ့အမျိုးသားနဲ့ အမျိုးသမီးတူရင်တောင် သူတို့က အမျိုးသမီးကို အရည်အချင်းမရှိဘူးလို့ သတ်မှတ်ကြတယ်။ အဲဒီအတွေးအခေါ်တွေရှိသေးတယ်။ အမျိုးသမီးတွေ ပါဝင်သင့်တယ်ဆိုတာတော့ လက်ခံတယ်ဆိုပေမယ့် ကြိုးစားပြီး တွဲခေါ်တာတွေ မရှိဘူး။

မေး။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမျိုးသမီးတွေ ပါဝင်လာရင် ဘယ်လိုတွေ ကောင်းမွန်တဲ့ ရလဒ်ရမှာလဲ။
ဖြေ။ ။ အမျိုးသမီးတွေက စစ်ထဲမှာ သူတို့ ဖြတ်သန်းလာတယ်။ စစ်ကြောင့် သူတို့ခံလာတာ ရှိတယ်။ အမျိုးသမီး ပါဝင်မှုက အရေးကြီးတယ်။ အမျိုးသမီးတွေ ဆွေးနွေးချက်၊ ခံစားချက်တွေကို ပိုပြီးတင်ပြလို့ရမယ်။ တစ်ခုရှိတာ ဒီဘက်မှာ အမျိုးသမီးပါပေမယ့် အစိုးရဘက်က အမျိုးသမီး မပါဝင်နိုင်ဘူးဆိုရင်လည်း နားလည်မှုက မရရှိနိုင်ဘူး။ ဥပမာ - စစ်တပ်ပဲ အမြဲတမ်းပါမယ်၊ ဦးဆောင်မယ်ဆိုရင် စစ်တပ်ရဲ့ သဘောသဘာဝ၊ စစ်တပ်အတွေးအခေါ်ပဲ လွှမ်းမိုးမယ်။ အမျိုးသမီးတွေ ဘယ်လောက်ခံနေရသလဲဆိုတာ သူတို့မမြင်တော့ ဒါတွေ သူတို့က ပြောင်းလဲမှာ မဟုတ်ဘူး။ စစ်တပ် ဘက်လည်း အမျိုးသမီးပါဝင်ရမယ်။ အမျိုးသမီး ပါဝင်ရင်လည်း စစ်တပ်အကြောင်းချည်းမဟုတ်ဘဲ အမျိုးသမီးတွေရဲ့ကဏ္ဍတွေ၊ အမျိုးသမီးအခွင့် အရေးတွေ သိဖို့လိုအပ်တယ်။ ပါဝင်လာအောင်လည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုပါတယ်။

မေး။ ။ လက်ရှိ KNU မှာရော အမျိုးသမီးတွေကို ထည့်သွင်းစဉ်းစားပေးလား။ နောက်ပြီး ဆရာမ အနေနဲ့ KNU ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ပိုင်းမှာ ဘာလို့ ဆက်မပါဝင်တော့တာလဲ။
ဖြေ။ ။ KNU မှာ အမျိုးသမီးထည့်တော့ထည့်တယ်။ ကျွန်မမပါလာတာကတော့ ဒီဖြစ်စဉ်ကို သုံးသပ်တာ ရှိတယ်။ ကျွန်မကို အများစုက ခေါင်းမာတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပျော့ပျော့ပျောင်းပျောင်းမရှိဘူး။ ဒါဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်တယ်လို့ ထင်ကြတယ်။ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ကျွန်မထင်တဲ့ အတိုင်းဖြစ်လာပါတယ်။ အရင်ကတော့ ကျွန်မက ခေါင်းမာတဲ့အတွက် ငြိမ်းချမ်းရေးကို ဖြောင့်ဖြောင့် မသွားနိုင်ဘူးလို့ ထင်ကြတယ်။ တကယ်တော့ ငြိမ်းချမ်းရေးသော့ကို ဘယ်သူကိုင်ထားလဲ သိသင့်တယ်။ ငြိမ်းချမ်းရေးက ဆက်သွားလို့ မဖြစ်တော့ဘူး ဆိုတာ ဘယ်သူကြောင့်လဲ။

မေး။ ။ လက်ရှိ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပူပန်မှုတွေရှိလဲ။
ဖြေ။ ။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ကျွန်မ မလိုချင်ဘူး။ တကယ်တိကျတဲ့ ငြိမ်းချမ်းရေးကိုသာ လိုချင်တယ်။ အခုက စကားလုံးငြိမ်းချမ်းရေးလို့ ကျွန်မ မြင်တယ်။ ကျွန်မကတော့ ငယ်ငယ်ကတည်းက တိုက်ပွဲမှာ ပြေးလွှားတာတွေ လုပ်ခဲ့တယ်။ ဘာမှ မယူခဲ့ရဘူး။ တိုက်ပွဲဖြစ်ရင် ဘာမှ မပါဘဲ ထွက်ပြေး ရတာဆိုတော့ အမျိုးမျိုးစိတ်ပူတယ်။ စစ်တပ်က ဘယ်အချိန်လာမလဲ။ ငယ်ငယ်ကတည်းက စိတ်မလုံခြုံဘူး။ ငြိမ်းချမ်းရေးအပေါ်မှာလည်း စိတ်ပူမှုဖြစ်တယ်။ တကယ်ရော အာမခံချက်ရှိမလား။ အသက်လုံခြုံမှုရှိမလား။ ဒီလိုစိတ်ပူမှုတွေက လွှမ်းမိုးနေတုန်းပါ။

မေး။ ။ ဆရာမအနေနဲ့ နောက်ဆုံး ဘာများ ထပ်ပြီးတော့ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျွန်မပြောချင်တာက အမျိုးသမီးတွေ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပါဝင်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။ အမျိုးသမီးအားပါမှပဲ ပြောင်းလဲမှုရှိမယ်။ ဖြစ်နိုင်ရင် တစ်နိုင်ငံလုံးက အမျိုးသမီးတွေ စုစုစည်းစည်းနဲ့ အမျိုးသမီးတွေရဲ့အသံ၊ အမျိုးသမီးတွေရဲ့ လိုအပ်ချက်၊ အမျိုးသမီးအမြင်နဲ့ ပြုပြင်ပြောင်းလဲမှုကို ပြသနိုင်ဖို့ တိုက်တွန်းချင်တယ်။ အမျိုးသမီးတွေရဲ့ စုစည်းမှုက ပြောင်းလဲမှုတစ်ခု ဖြစ်လာပါမယ်။

နန်းဆိုင်နွမ် / HI (Honest Information http://hiburma.net/)