News

POST TYPE

INTERVIEW

ပိုင်ဖြိုးသုနဲ့ တွေ့ဆုံခြင်း
10-May-2019

“ရုပ်ရှင်တစ်ကားကောင်းတယ်ဆိုတာ သုသုတစ်ယောက်တည်း တော်နေလို့မရဘူး။ ဒါရိုက်တာချည်းပဲ တော်နေလို့လည်း ရုပ်ရှင်ကားမကောင်းနိုင်ဘူး” 



နာမည်ကျော်သရုပ်ဆောင် ပိုင်ဖြိုးသုနဲ့တွေ့ဆုံခိုက် လန်ဒန်သွားရမယ့် ခရီးစဉ်အကြောင်းနဲ့ ဇာတ်ကားရွေးချယ်ရိုက်ကူးမှု အကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : လန်ဒန်ကိုသွားရမယ့်အကြောင်းလေး ပြောပါဦး။
PPT : လန်ဒန်မှာက Asean International Festival ပေါ့နော်။ အဲဒီမှာ ပွဲလေးလုပ်ပါမယ်။ မီက ရွေးချယ်ခြင်းခံရတော့ သုသုတို့ သွားရမှာပေါ့။ မလေးရှားမှာတုန်းကတော့ ပြပွဲရော Award ရောပါတယ်။ လန်ဒန်မှာကျတော့ မပါဘူး။ မြန်မာပြည်ကနေ မီကားကို ရွေးလိုက်တာပေါ့နော်။ သုသုတို့ သွားပြရမှာပါ။ 

Voice : နိုင်ငံတကာမှာ မြန်မာကားတွေ ဝင်ဆံ့လာတဲ့အပေါ် သုသုရဲ့ ခံစားချက်လေးပြောပေးပါဦး။
PPT : သုသုတို့ အမှတ်တရအများကြီး ဖြစ်တာပေါ့နော်။ ပထမဆုံး လက်တွဲပြီးရိုက်ရတဲ့ ရုပ်ရှင်လည်းဖြစ်တယ်။ ပရိသတ်ကလည်း အသိအမှတ်ပြုတယ်။ တခြားနိုင်ငံမှာလည်း ပြခွင့်ရတယ်ဆိုတော့ အမှတ်တရအများကြီး ဖြစ်တယ်။ 

Voice : နိုင်ငံတကာကရုပ်ရှင်ကားတွေနဲ့ ယှဉ်ပြရတဲ့အခါ ကိုယ့်ရဲ့ မြန်မာကားတွေအပေါ် ဘယ်လိုစိတ်များဖြစ်မိလဲ။
PPT : သုသုတို့တွေ အများကြီးကြိုးစားဖို့ လိုပါသေးတယ်။ မလေးရှားမှာတော့ သုသုက အခြားနိုင်ငံမှာဆိုတော့ ကြည့်ခွင့်မရလိုက်ဘူး။ ကိုဏကြီး သွားကြည့်တဲ့အချိန်မှာ ကိုဏကြီးက ပြောတယ်။ သူ တခြားကားတွေကြည့်ဖြစ်တယ်။ အရမ်းကောင်းတယ်။ သူများနိုင်ငံက ကွာလတီတွေ အရမ်းတိုးတက်နေပြီပေါ့နော်။ ရုပ်ရှင်မှာ အရင်းအနှီးကလည်း အများကြီးစိုက်ထုတ်နိုင်မှပေါ့နော်။ သုသုတို့အနေနဲ့ အများကြီး ကြိုးစားရဦးမယ်။ အများကြီးလိုသေးတယ်လို့ ကိုဏကြီးက အမြဲပြောပါတယ်။ သုသုတို့ မြန်မာပြည်ကကားတွေကို တခြားနိုင်ငံတွေက လက်ခံပေးတယ်။ Festival တွေမှာလည်း ဆုတွေရတယ်။ ဒါက သုသုတို့မှ မဟုတ်ဘူး။ တခြားသွားပြိုင်တဲ့ အဖွဲ့တွေ ရကြတယ်။ ဆန်ခါတင်ထဲပါတဲ့သူတွေ ဆုတွေရတဲ့သူတွေလည်းရှိတော့ ဝမ်းသာတယ်။ ဘာပဲပြောပြော တစ်ဆင့်တိုးတက်လာတဲ့ သဘောပဲလေ။ နောက်ဆိုရင် ဒီထက်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ 

Voice :  မြန်မာပြည်မှာတော့ အချို့ဆုတွေ လွဲခဲ့ရတဲ့အပေါ်ရော။ နောက်ကားတွေရိုက်ရင် ဘယ်လိုတွေများ ထပ်ပြင်ဆင်မလဲ။ 
PPT : အဲဒီအတွက် သုသုတို့နှစ်ယောက်လုံး ဝမ်းနည်းဝမ်းသာ ဖြစ်တာ။ နောက် ဒုတိယကားကျရင် ပိုပြီးတော့ ကြိုးစားရမယ်။ ဒုတိယကားမှာ လျော့မသွားအောင်ပိုပြီးတော့ ကြိုးစားသွားရမယ်။ ရုပ်ရှင်တစ်ကား ကောင်းတယ်ဆိုတာ သုသုတစ်ယောက်တည်း တော်နေလို့ မရဘူး ဒါရိုက်တာချည်းပဲ တော်နေလို့လည်း ရုပ်ရှင်ကားမကောင်းနိုင်ဘူး။ အကုန်လုံးဝိုင်းပြီးတော့ တက်ညီလက်ညီနဲ့ပါဝင်တဲ့ အဖွဲ့သားတွေအကုန်လုံးက ကြိုးစားမှကောင်းမယ်။ မီမှာဆို ကိုဏကြီး ဦးဆောင်တယ်။ နောက်ကနေ ပါဝင်မယ့်သူတွေကလည်း အရေးကြီးပါတယ်။ ပါသမျှသူတွေက သူ့ကဏ္ဍနဲ့သူ အစွမ်းကုန်ကြိုးစားရတယ်။ အဲဒါကြောင့် မီဇာတ်ကားကို ပရိသတ်က လက်ခံပေးတာလို့ ထင်ပါတယ်။

Voice : Victoria ထုတ်လုပ်ရေးကနေ ရိုက်တဲ့ကားတွေကို အမေဖြစ်သူကရော ဘာတွေပံ့ပိုးပေးသေးလဲ။ 
PPT : အရင်ကတည်းက သုသုက ရိုက်မယ့်ကားတွေကို ကိုယ်တိုင်ရွေးတာများတယ်။ မေမေက ဇာတ်လမ်းရွေးတာနဲ့ ပတ်သက်ပြီး သိပ်မစွက်ဖက်ဘူး။ အမှန်အတိုင်း ဝန်ခံရရင် ရှေ့မှာရိုက်ခဲ့တဲ့ ဇာတ်လမ်းတွေကအစ မေမေက ဘယ်တော့မှ ဝတ္ထုမဖတ်ဘူး။ သုသုပဲဖတ်ပြီးတော့ သုသုရိုက်ချင်တယ်ဆိုရင် မေမေက လိုက်လုပ်ပေးတယ်။ သုသုကားတွေတောင် မေမေက အစအဆုံးမကြည့်ဖူးဘူး။ အခုလည်း ကိုယ့်ဘာသာရွေးတယ်။ ကိုဏကြီးနဲ့ မေမေတို့နဲ့တော့ တိုင်ပင်ဖြစ်ပါတယ်။

ခင်ညိုညိုသိမ့်