News

POST TYPE

INTERVIEW

ခင်ဇာခြည်ကျော်နဲ့ တွေ့ဆုံခြင်း
09-May-2019


“ဘုန်းမင်းရေ မင်းအကောင့်ထဲလည်း ကောမန့်တွေ မဖတ်တော့ဘူး။ ဘာမှလည်းမလုပ်တော့ဘူး။ အမေ နှလုံးရောဂါ ဖြစ်လိမ့်မယ်”

သရုပ်ဆောင် ခင်ဇာခြည်ကျော်နဲ့တွေ့ဆုံခိုက် သားဖြစ်သူ ဘုန်းမင်းနေလအပေါ်ထားရှိတဲ့ ရည်မှန်းချက်နဲ့ သားဖြစ်သူကို ဝေဖန်လာတဲ့အပေါ် မိခင်တစ်ယောက်ခံစားချက်တွေကို The Voice က မေးမြန်းထားပါတယ်။ 

Voice : မဇာလေးအနေနဲ့ သားဖြစ်သူ ဘုန်းမင်းနေလကို အနုပညာဆက်လုပ်စေချင်လား။ သားအပေါ်ဖြစ်စေချင်တဲ့ စိတ်လေးလည်း ပြောပြပေးပါဦး။
KZCK : သူက အနုပညာဝါသနာပါတယ်လေ။ ကျောင်းတက်တာတောင် သူက ART ကို အရင်တက်ချင်တာ။ အဓိကတော့ သူ့အဖေပေါ့နော်။ သူ့သားရဲ့ ပညာရေးနဲ့ ပတ်သက်လို့ကတော့ သူပဲ စီစဉ်တယ်။ Management နိုင်မှပေါ့နော်။ အခုတော့ Business ကို အရင်တက်မယ်။ ပြီးတော့မှ သားတက်ချင်တဲ့ ART ကို တက်ပါလို့ ပြောတယ်။ သူက ဝါသနာပါတဲ့အတွက် အမအနေနဲ့ကတော့ ပံ့ပိုးရုံပဲ။ ဒါပေမဲ့ ဒီခေတ်ကလည်း မင်းသား၊ မင်းသမီးတွေကလည်း အရမ်းပေါတယ်။ ဖြစ်ဖို့လည်း ခက်တယ်လေ။ တင်ပေးတဲ့သူကလည်း အရမ်းကြီးကို တင်ပေးနိုင်မှပါ။ အစ်မတို့ခေတ်တုန်းက ဗီဒီယိုတွေရှိတယ်။ အခုက ဗီဒီယိုမရှိတော့ဘူးဆိုတော့ သူတို့အနေနဲ့ လျှောက်ရမယ့်လမ်းက ရှေ့ဆက်ပြီးတော့ ဘယ်လိုဖြစ်လာမလဲ မသိသေးဘူး။ သူလည်း အသက်ငယ်သေးတယ်။ ၁၇ နှစ်ဆိုတော့ ပညာရေးကို အဓိကလေး လုပ်လိုက်မယ်။ ဒီကြားထဲမှာ ကမ်းလှမ်းလာလို့ ထိုက်ထိုက်တန်တန် နေရာပေးပြီး ကားကြီးတွေဆိုရင် အစ်မတို့အနေနဲ့ စဉ်းစားပြီးတော့ အတန်းတစ်တန်း ခဏနားပြီးတော့ ရိုက်ရမှာပေါ့နော်။ ဒါပေမဲ့ လောလောဆယ်ပြောထားတာပဲရှိသေးလို့ ပညာရေးကိုပဲလုပ်ပါ။ ကျောင်းပြန်မတက်ခင်မှာ ကြော်ငြာတွေ လာပြောတယ်။ သီချင်းရိုက်တယ်။ ဝါသနာပါတာတော့ တတ်နိုင်သမျှ လုပ်ပေးနေတယ်။ 

Voice : သားအတွက် ဦးစားပေးရွေးချယ်ပေးရမယ်ဆိုရင် အနုပညာလား၊ ပညာရေးဖြစ်မလား။
ART : အစ်မအနေနဲ့ ဦးစားပေးချင်တာတော့ ပညာတတ်ကြီးဖြစ်စေချင်တာပေါ့။ သူက ဝါသနာပါနေတော့လည်း ကိုယ်လည်း အနုပညာသမားဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်သားလေးကိုတော့ ပံ့ပိုးပေးရမှာပေါ့။ 

Voice : ဘုန်းမင်းနေလကို တချို့ပရိသတ်တွေက ဝေဖန်လာကြတာ တွေ့တယ်နော်။ အမေ တစ်ယောက်အနေနဲ့ ဘယ်လိုများ ဖြစ်မိလဲ။
KZCK : အနုပညာလျှောက်လှမ်းလာတဲ့ အနှစ်နှစ်ဆယ်မှာ ကိုယ့်အတွက်က ခံနိုင်ရည် ရှိပါတယ်။ သားသမီးနဲ့ ပတ်သက်လာရင်တော့ မိဘတစ်ယောက်ဖြစ်တယ်။ နောက်ပြီးတော့ Single Mother တစ်ယောက်ရဲ့ သားသမီးတွေလည်း ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် အတတ်နိုင်ဆုံးတော့ ကာကွယ်ပေးပါတယ်။ တစ်ခါတလေလည်း မိဘဇောဆိုတော့ အမှားပါသွားတာလည်း ရှိရင်ရှိမှာပေါ့။ အစ်မအနေနဲ့ ဒီနေရာကနေပဲ တောင်းပန်ရမှာပေါ့။ နောက်ပိုင်းဆိုရင်တော့ ဘုန်းမင်းရေ မင်းအကောင့်ထဲလည်း ကောမန့်တွေ မဖတ်တော့ဘူး၊ ဘာမှလည်း မလုပ်တော့ဘူး အမေနှလုံးရောဂါဖြစ်လိမ့်မယ်။ ဒါတွေအားလုံးက သားသမီးရှိတဲ့ မိဘတိုင်း ခံစားဖူးမှာပါ။ ဒါပေမဲ့ ကိုယ့်ပရိသတ်တွေဖြစ်နေတော့ စိတ်တွေလည်း လျှော့ထားပါတယ်။ 

Voice : ဝေဖန်မှုတွေအတွက် မဇာလေး ဘာများဖြည့်စွက်ပြောချင်တာများရှိသေးလဲ။
KZCK : သားအတွက်ရော၊ ဇာ့အတွက်ရောပေါ့နော်။ မှားတာရှိရင်လည်း တောင်းပန်ပါတယ်။ ရှေ့ဆက်ပြီး ကောမန့်တွေလည်း မဖတ်တော့ပါဘူး။ ပြောမိရင်လည်း အမေ တစ်ယောက်ရဲ့ သားဇောနဲ့ ပြောလိုက်တယ်လို့ပဲ ခွင့်လွှတ်ပေးကြပါ။  

ခင်ညိုညိုသိမ့်


  • VIA