News

POST TYPE

INTERVIEW

ဒေါက်တာ ပြည့်ဖြိုးမင်းနှင့် တွေ့ဆုံခြင်း
08-May-2019
သွားနှင့် ခံတွင်းကျန်းမာရေး

“တစ်နေ့ တစ်ကြိမ်ပဲ သွားတိုက်မယ်ဆိုရင်တောင် ညအိပ်ရာဝင်ခါနီး သွားတိုက်စေချင်တယ်”



တစ်ယောက်၏ ခန္ဓာကိုယ်ကျန်းမာရေးသည် အရေးပါသကဲ့သို့ သွားနှင့်ခံတွင်း ကျန်းမာရေးသည်လည်း အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေပါသည်။ သွားနှင့် ခံတွင်းကျန်းမာရေး တစ်ခုခုချို့တဲ့ပါက အာဟာရ ပြည့်စေမည့် အစားအသောက်များ စားနိုင်မည်မဟုတ်ပေ။ သွားနှင့် ခံတွင်းကျန်းမာရေးသည် အရွယ်စုံဖြစ်ပွားတတ်ပြီး လူထုအတွင်းအဖြစ်များသည့် သွားကျန်းမာရေးနှင့် ပတ်သက်သည့်အချက်များကို သွားဆရာဝန် တစ်ဦးဖြစ်သည့် ဒေါက်တာပြည့်ဖြိုးမင်းနှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : လူတစ်ယောက်က သွားနဲ့ခံတွင်းနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေခံကျတဲ့အချက်တွေကို သိထားသင့်ပါသလဲ။
Dr.PPM : လူတစ်ယောက်အနေနဲ့ သွားကျန်းမာရေးက အရမ်းအရေးကြီးတယ်။ ပုံမှန်အားဖြင့်တော့ တစ်နေ့ကို နှစ်ကြိမ် Flouride၊ Micro Calcium တို့ ပါတဲ့သွားတိုက်ဆေးနဲ့ သွားတိုက်ပေးရမယ်။ နောက်ပြီး အစားစားပြီးတိုင်း ပလုတ်ကျင်းပေးရပါမယ်။ ဒါတွေကတော့ အဓိကအခြေခံအချက်တွေပါ။ လူတစ်ယောက် အနေနဲ့ မျက်နှာကိုပဲ အရမ်းဂရုစိုက်တာမျိုးမဟုတ်ဘဲ တစ်နေ့တစ်ကြိမ် မဟုတ်ရင်တောင် တစ်ပတ်တစ်ကြိမ် မှန်နဲ့ ကိုယ့်ရဲ့သွားကို ကြည့်ပေးသင့်တယ်။

Voice : သွားနဲ့ပတ်သက်တဲ့ရောဂါတွေကလည်း အဖြစ်များကြတယ်ဆိုတော့ ဘယ်လိုမျိုး သွားရောဂါတွေက အဖြစ်များပါသလဲ။
Dr.PPM : လူတော်တော်များများမှာ တွေ့ရတာက သွားပိုးစားတာနဲ့ သွားဖုံးရောဂါ (ရေစီးကမ်းပြို) ကတော့ အဖြစ်များတယ်။ သွားဖုံးရောဂါက လူ ၁၀ ယောက်မှာ ၈ ယောက်လောက်က သွားဖုံးရောဂါဝေဒနာကို ခံစားနေရပါတယ်။

Voice : ဟုတ်ကဲ့။ သွားပိုးစားတာက ကလေးတွေမှာပဲ ဖြစ်နိုင်တာလား။ သွားပိုးစားတာရဲ့ ရောဂါလက္ခဏာတွေကရော။
Dr.PPM : သွားပိုးစားတာက အသက်အရွယ် မရွေးဖြစ်နိုင်ပါတယ်။ ကလေးမှာဆိုရင်တော့ ကလေးနို့ပိုးစားတာလိုမျိုးပေါ့။ သူကသွားသေချာ မတိုက်ဘူးဆိုရင် ဖြစ်မှာပဲ။ သွားပိုးစားရင် စစချင်းမှာ မည်းမည်းလေးတွေ တွေ့ရတတ်တယ်။ အဲဒီလို မည်းမည်းလေးတွေ စပြီးတွေ့ရပေမယ့် တချို့ကျတော့ မနာသေးဘူး။ သွားပိုးစားတာရဲ့ လက္ခဏာက အချိန်တိုတွင်းမှာ မပြဘူး။ တစ်နှစ်ခွဲ ဒါမှမဟုတ် နှစ်နှစ်လောက်မှ ပြတယ်။ အဲဒီအချိန်မှာ သွားကျဉ်လာတယ်။ သွားကျဉ် ပြီးတဲ့နောက် နောက်ဆက်တွဲဆိုးကျိုးကတော့ သွားကိုက်လာပါလိမ့်မယ်။ ဒါကလည်း သွားရဲ့ဖွဲ့စည်းပုံမှာ မူတည်တယ်။ ဖွဲ့စည်းပုံက သွားမှာ အလွှာသုံးလွှာရှိတယ်။ တစ်လွှာနဲ့ တစ်လွှာကိုရောက်ဖို့ တစ်နှစ်ခွဲ၊ ၂ နှစ်လောက်ကြာတယ်။ သွားက ပိုးစားရင်းကနေ အခေါင်းပေါက်ဖြစ်သွားမယ်။ ဒီလိုအခေါင်းပေါက်ဖြစ်ရင် ကျဉ်လာတယ်။ အခေါင်းပေါက်သာ ပိုကြီးလာရင် နောက်ပိုင်းမှာ အစာညပ်နိုင်တယ်။ အစာညပ်တာများရင် နောက်ပိုင်းမှာ ကိုက်လာမယ်။

Voice : ဒီလို လက္ခဏာတွေဖြစ်နေပြီဆိုရင် ဘယ်လိုကုသမှုတွေခံယူလို့ရလဲ။ နောက်ပြီး ဒီလိုမျိုးမဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ထားလို့ရနိုင်မလဲ။
Dr.PPM : စစချင်း သွားပိုးစားပြီဆိုရင် သွားဆေးခန်းကိုသွားသင့်တယ်။ အခုနောက်ပိုင်း သွားဆေးခန်းတွေမှာ Free သွားဆွေးနွေးလို့ရတာတွေရှိတယ်။ သွားပိုးစားပြီဆိုရင် သွားပိုးစားတဲ့အပိုင်းကို ဖယ်ပြီး သွားဖာလိုက်ရင်တော့ အဆင်ပြေပါတယ်။ သွားကျဉ်တဲ့ အချိန်မှာလည်း သွားဖာလို့ရပါသေးတယ်။ သွားကိုက်တဲ့အချိန်မှာတော့ သွားဖာလို့ရပါတယ်။ ဒါပေမဲ့ အကြောကိုသတ်ပြီး ဖာမှရမယ်။ နောက်ပြီး လူတွေက သွားစ ပိုးစားရင် သတိမထားမိဘူး။ အပေါက်ကြီးဖြစ်ပြီး အစာညပ်တော့မှ သတိထားမိတာများတယ်။ အရင်တုန်းကဆိုရင် သွားဆေးခန်းကို သွားကိုက်၊ သွားကျဉ်မှ လာပြတဲ့သူတွေများတယ်။ အခုနောက်ပိုင်းတော့ လူထုက Socia Media တွေ သုံးလာကြတော့ ဗဟုသုတတွေ များလာတယ်။ နောက်ပိုင်း သွားပိုးစားတာ၊ သွားနဲ့ခံတွင်း စစ်ဆေးချင်တယ်ဆိုပြီး ဆေးခန်းလာကြတာများတယ်။

Voice : ဟုတ်ကဲ့။ သွားဖုံးရောင်တာနဲ့ ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။
Dr.PPM : သွားဖုံးရောင်တာလည်း အသက်အရွယ်အမျိုးမျိုးမှာ ဖြစ်နိုင်ပါတယ်။ သူကလည်း သွားသန့်ရှင်းရေးမကောင်းလို့ဖြစ်တာပဲ။ သွားမတိုက်ရင် ဖြစ်တယ်။ သွားဖုံးရောင်ရောဂါက အဓိက တရားခံက သွားချေးပေါ့။ သွားချေးက အစားစားပြီးတိုင်းတက်တယ်။ ဒါကို တစ်နေ့တစ်ကြိမ်သွားတိုက်ရင် ပြောင်သွားတယ်။ တစ်ခါတလေ မတိုက်မိဘူး၊ အလုပ်များတဲ့အချိန်ဆိုရင် ပြောင်အောင်မတိုက်မိဘူးဆိုရင် သွားချေးတွေက ကပ်ပြီးကျန်ခဲ့တယ်။ ၃ ရက်၊ ၄ ရက်လောက်မတိုက်ဘူး ဆိုရင်တော့ ကျောက်ဖြစ်သွားတယ်။ ကျောက်ဖြစ်တဲ့ အချိန်မှာ သွားပွတ်တံနဲ့ သွားတိုက်မယ်ဆိုရင် ကျောက်တွေက ဖယ်လို့မရတော့ဘူး။ အဲဒီလို သွားချေးကျောက်ကနေ သွားဖုံးရောင်ရောဂါတွေ စဖြစ်လာတာပေါ့။ သွားချေးကျောက်က သွားနဲ့သွားဖုံးကြားမှာ ကပ်တယ်။ သွားဖုံးကို အုပ်ထားတာပေါ့။ အုပ်ရင်း အုပ်ရင်းနဲ့အထဲမှာ ပွားနေတာ။ နောက်ပြီး ကိုယ်ဝန်ဆောင်တွေမှာ ပိုပြီးဖြစ်နိုင်တယ်။ နာတာရှည်ရောဂါအတွက် ဆေးစွဲသောက်နေရတဲ့သူတွေမှာဆို ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါက သွားဖုံးရောင်ရောဂါနဲ့ ဆက်စပ်နေတယ်။ ဆီးချိုရောဂါက အဓိကရောဂါတစ်ခု လို့ပြောလို့ရတယ်။ ဆီးချိုရောဂါရှိပြီဆိုရင် တခြားရောဂါတွေ ဝင်လာတတ်ဖို့က အရမ်းလွယ်တယ်။ သွားနဲ့ ခံတွင်းကို ကြည့်ပြီးတော့ ဆီးချိုရောဂါရှိ၊ မရှိ ဆိုတာကို အလွယ်တကူသိနိုင်တယ်။ ဆီးချိုရောဂါရှိတဲ့သူတွေက သွားနုတ်တာတွေဆိုရင် သွား သွေးမတိတ်တာတွေ၊ အနာကျက်တာ နှေးတာတွေ ဖြစ်တတ်ပါတယ်။ ဆီးချိုရောဂါရှိတဲ့သူတွေက သာမန်လူတွေ ထက်ပိုပြီးတော့ သွားနဲ့ခံတွင်းကို ဂရုစိုက်သင့်တယ်။ နောက်ပြီး အစာအိမ်ရောဂါရှိတဲ့သူက သွားကျဉ်တဲ့ဝေဒနာကို ခံစားရတာ များတယ်။ ဘာကြောင့်လဲဆိုတော့ အစာအိမ်ကနေ Gastric Acid ထုတ်တာ ပုံမှန်လူထက် ပိုများတဲ့အတွက် ခံတွင်းက ချဉ်နေတတ်တယ်။ လေချဉ်တွေလည်း တက်တယ်။ အဲဒါတွေက သွားကြွေလွှာကို ပါးစေတယ်။ ကြွေလွှာပါးသွားတော့ သွားကျဉ်တဲ့ ဝေဒနာခံစားရတယ်။ ကာကွယ်တဲ့အနေနဲ့က ခံတွင်းချဉ်တိုင်း ပလုတ်ကျင်းပေးစေချင်ပါတယ်။

Voice : သွားဖုံးရောင်ရောဂါရဲ့ လက္ခဏာတွေကရော။
Dr.PPM : သွားတိုက်ရင် သွေးထွက်မယ်။ နည်းနည်း ပိုဆိုးလာမယ်ဆိုရင် သွားဖုံးကနေ သွားတွေ ကြွလာသလို ခံစားရမယ်။ သွားတွေနဲ့လာမယ်။ ဒီရေစီးကမ်းပြို ရောဂါရဲ့ နောက်ဆုံးအဆင့်က သွားတွေ ကျွတ်ထွက်လာတာပေါ့။ ဘာလို့လဲဆိုတော့ ကျောက်ကသွားနဲ့ သွားဖုံးကြားထဲဝင်ပြီးတော့ သွားကို မြဲအောင်လုပ်ပေးထားတဲ့ အမြှေးမျှင်လေးတွေရှိတယ်။ အဲဒါတွေကို ဖြတ်ရင်းက တဖြည်းဖြည်းနဲ့ သွားကနဲ့လာတာပေါ့။ အမြစ်ထိဖြတ်သွားရင်တော့ သွားက ကျွတ်ထွက်သွားရော။

Voice : ဆရာ့အနေနဲ့ သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး လူထုအတွက် သတင်းစကားပါးပေးပါဦး။
Dr.PPM : လူထုကို ပြောချင်တာကတော့ Flouride နဲ့ Micro Calcium ပါတဲ့ သွားတိုက်ဆေးကိုပဲ အသုံးပြုပေးပါ။ ပြီးတော့ စနစ်မှန်သွားတိုက်နည်းနဲ့တိုက်ပေးပါ။ သွားပွတ်တံကို သုံးတဲ့အခါမှာလည်း ၃ မျိုးရှိတယ်။ Soft၊ Medium၊ Hard ဆိုပြီး ရှိတော့ ကိုယ်နဲ့သင့်တော်တာကို သုံးသင့်ပါတယ်။ အစားစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ မနက်အိပ်ရာထ တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်၊ တစ်နေ့ နှစ်ကြိမ် ပုံမှန်တိုက်ပေးစေချင်ပါတယ်။ တစ်နေ့ တစ်ကြိမ်ပဲ သွားတိုက်မယ်ဆိုရင်တောင် ညအိပ်ရာဝင်ခါနီး သွားတိုက်စေချင်တယ်။ ဘာလို့လဲဆိုတော့ တစ်နေ့လုံး ကိုယ်စားလိုက်တဲ့အစားအစာတွေရဲ့ စားကြွင်းစားကျန်တွေက ညဘက်မသန့်ရှင်းဘဲထားရင် အိပ်နေတဲ့အချိန် အတွင်းမှာ ပိုပြီးသောင်းကျန်းတယ်။ ပြီးတော့ အဓိက,ကတော့ သွားနဲ့ခံတွင်း ဆေးခန်းတွေမှာ ၆ လ တစ်ကြိမ် စစ်ဆေးစေချင်ပါတယ်။ ပြီးတော့ သွားကိုက်တိုင်း သွားနုတ်စရာမလိုပါဘူး။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ