News

POST TYPE

INTERVIEW

ရွှေထူးနဲ့ တွေ့ဆုံခြင်း
06-May-2019
“သူ(ရွှေမှုံရတီ)က မင်းသမီးကြီးတစ်လက်ဆိုတော့ ရှိန်တာပေါ့နော်။ သရုပ်ဆောင်မှာတော့ ကိုယ်က ဂျူနီယာ၊ သူက စီနီယာပါ”



အဆိုတော် ရွှေထူးနဲ့ တွေ့ဆုံခိုက် မကြာခင် ရုံတင်ပြသတော့မယ့် ဧည့်သည် ရုပ်ရှင်ဇာတ်ကားအကြောင်းနဲ့ ဇနီးဖြစ်သူ ရွှေမှုံရတီက သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်ပြပေးမှုအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : မကြာခင်ရုံတင်တော့မယ့် ဧည့်သည်ဇာတ်ကားလေးအတွက် ရင်ခုန်နေပြီလား။
SH : ရင်ကတော့ ခုန်တယ်။ ပထမဆုံး ကျွန်တော့်ရဲ့ ပွဲဦးထွက် မင်းသားနေရာက ရိုက်ရတဲ့ကားဆိုတော့ ရင်ခုန်တယ်။ မင်းသားရုပ်မဟုတ်ပေမယ့် ကျွန်တော့်ရဲ့ အနုပညာသရုပ်ဆောင်ချက်ကို အားပေးပါဦး၊ ဝေဖန်ပေးပါဦး၊ ကြည့်ရှုပေးပါဦးလို့တော့ ပြောချင်ပါတယ်။ ကျွန်တော်ရယ်၊ ရွှေမှုံရယ်၊ နေခြည်ဦးရယ်ပေါ့နော်။ ဒါရိုက်တာကတော့ ညွန့်မြန်မာညီညီအောင်ပါ။ 

Voice : ရွှေထူးရဲ့ သရုပ်ဆောင်ထားမှုနဲ့ ပတ်သက်ပြီးတော့ ကြိုပြောထားချင်တာရှိလား။ 
SH : ကျွန်တော် သရုပ်ဆောင်တာ ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ကတော့ လိုအပ်ချက်ရှိနေဦးမှာပါ။ ပရိသတ်က ကြည့်ပြီးသွားရင်လည်း ကျွန်တော့်လိုအပ်ချက်တွေကို တွေ့မှာပါ။ လိုအပ်ချက်တွ ရှိမှာပေါ့နော်။ နားလည်ပေးပါ။ ကြိုပြီးတော့ တောင်းပန်ထားချင်ပါတယ်။ ဧည့်သည်ကတော့ ရိုးရိုးအချစ်ဇာတ်လမ်းလေးပါပဲ။ အချစ်ဇာတ်လမ်း ဖန်စီလေးပဲ။ တချို့ဟာလေးတွေကတော့ စိတ်ဝင်စားစရာကောင်းမယ်ထင်တယ်။ လူငယ်ကားလေးပါပဲ။ 

Voice : ဒီကားမှာရော ဇနီးဖြစ်သူ ရွှေမှုံကရော ဘယ်လောက်ထိကူညီပေးခဲ့လဲ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး သင်ပြပေးခဲ့လား။ 
SH : အိမ်မှာလည်း အလကားနေလို့ရှိရင် သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ပြောဖြစ်ကြတယ်။ ဒီနေရာမှာ အက်တင်လေး ဘယ်လိုသရုပ်ဆောင်မလဲ။ မေးဖြစ်တယ်။ သူကတော့ သင်ပေးတယ်။ ဒါပေမဲ့ ကျွန်တော်က လုပ်တော့မယ်ဆိုရင်းနဲ့ကို ပြောနေရင်းနဲ့ကို ရှက်လာတာ။ အခုမှ ကျွန်တော်လည်း ဘယ်လိုကြောင့် ရှက်သွားလဲမသိဘူး။ သူ့ကို ရှိန်နေတာလည်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူကတော့ မင်းသမီးကြီးတစ်လက်ပဲဆိုတော့ ရှိန်တာပေါ့နော်။ သရုပ်ဆောင်မှာတော့ ကိုယ်က ဂျူနီယာ၊ သူက စီနီယာပါ။ 

Voice : ဧည့်သည်ကားမှာ ဖူးစာဆုံခဲ့တာလား။
SH : ကျွန်တော်က အဲတုန်းက ကိုယ်မသိတာလေးရှိရင် သူ့ကိုမေးတယ်။ ဒီနေရာမှာ ဒီလိုလေး သရုပ်ဆောင်ဖို့ ရလားပေါ့နော်။ ကျွန်တော်ကတော့ မသိတာရှိရင် မေးရတာပေါ့။ ဒီကားစရိုက်မှ ဖူးစာဆုံတာတော့ မဟုတ်ဘူး။ ဒီကားမှ စပြီး ကားရိုက်တာဆုံတာပေါ့နော်။ အဲတော့ ပိုပြီးရင်းနှီးသွားတယ်။ သိပ်ပြီးတော့ တခြား ထွေထွေထူးထူး ပြောစရာတော့မရှိဘူး။ နောက်ပိုင်းမှာတော့ ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့နော်။

ခင်ညိုညိုသိမ့်