News

POST TYPE

INTERVIEW

စံရတီမိုးမြင့်နဲ့ တွေ့ဆုံခြင်း
05-May-2019

“လူတွေ ဆဲပြီးမှ အောင်မြင်တာမျိုး သိပ်ပြီး မလိုချင်ဘူး။ အဆဲခံရပြီး လူကြည့်များတာမျိုး မလိုချင်ဘူး”



သရုပ်ဆောင် စံရတီမိုးမြင့်နဲ့ တွေ့ဆုံခိုက် အနုပညာလှုပ်ရှားမှုတွေအကြောင်း ကောလာဟလနဲ့ အချစ်ရေးအကြောင်းတွေကို မေးမြန်းထားပါတယ်။ 

Voice : လတ်တလော အနုပညာလှုပ်ရှားမှုတွေ ဘာတွေများလုပ်နေလဲ။
SYMM : သဲ ဓာတ်ပုံတွေရိုက်ဖြစ်တာ များနေတယ်။ ပွဲတက်တွေများတယ်။ ကားရိုက်တစ်ခုလည်းရှိတယ်။ အလုပ်တွေနဲ့ တိုက်နေတာရှိတယ်။ 

Voice : တစ်လောလေးက ချစ်သူရှိနေပြီဆိုပြီး ပုံလေးတွေ တက်လာတယ်။ အဲဒါလေးလည်း ပြောပေးပါဦး။
SYMM : အဲဒါက သူငယ်ချင်းတွေပါ။ နောက်ထပ် သူငယ်ချင်းတွေလည်း ရှိပါသေးတယ်။ စပ်ရင်တောင် အမျိုးတောင် တော်လို့ရတယ်။ ဘာမှ စိတ်မပူကြပါနဲ့လို့။ သူက MuicInstutry အလုပ်လုပ်တာ။ ကိုယ်က သရုပ်ဆောင်ပေါ့။ အပြင်မှာကလည်း ဒီဟာတွေနဲ့မဆိုင်ဘဲ ခင်တာပါ။ သတင်းတွေကြားရတာက သဲတို့က သောကြာနေ့ဆို သွားကြမယ် သူငယ်ချင်းတွေစုပြီးသွားကြမယ်။ ဆိုပြီး သွားလေ့ရှိတယ်။ ဘာကြောင့်မို့ အဲဒီပေ့ခ်ျတစ်ခုက တင်လိုက်လဲမသိဘူး။ သွားရင်တော့ လေးငါးခြောက်ယောက် အမြဲသွားတာပဲ။ အသက်လည်း ၂၅ နှစ်ပြည့်ပြီဆိုတော့ ဒီအရွယ်က အရင်တုန်းကလို ရည်းစားထားပြတ်၊ အဲလိုလုပ်ရမယ့်အရွယ်လည်း မဟုတ်တော့ဘူး။ နောင်ငါးနှစ်နေမှ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိရင် ဒီအချိန်ကတည်းက သေချာစဉ်းစားရမယ့်အရွယ်ပါ။ မိန်းကလေးဆိုတော့ ကြိုက်တဲ့သူတော့ရှိတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်က ရွေးချယ်ရမှာပေါ့။ 

Voice : ကိုယ့်ချစ်သူပုံစံမျိုးကို ဘယ်လိုစံနှုန်းသတ်မှတ်ထားတာမျိုးရှိလဲ။ 
SYMM : စံနှုန်းကတော့ ကလေးကတည်းထားတာပေါ့၊ ကြိုက်တုန်းက ကိုက်တယ်။ နောက်မှ မကိုက်ကြတော့တာ။ ကံနဲ့ပဲဆိုင်ပါတယ်။ အဓိကတော့ ကိုယ့်ရဲ့ အိုဇာတာကောင်းဖို့ပဲ ဆုတောင်းရမှာပေါ့။ ကြိုက်နေတုန်းတော့ လူတိုင်းက အလိုလိုက်မှာပဲလေ။ ညားပြီးသွားတော့မှ ပြဿနာတွေလည်း ဖြစ်ချင်ဖြစ်မှာပဲ။ ကိုယ့်ကံနဲ့ပဲဆိုင်တယ်။ ကိုယ့်ကို ကံကောင်းပါစေလို့ပဲ မျှော်လင့်ပါတယ်။ 

Voice : အနုပညာရှင်တွေက ငြိမ်သွားခဲ့ရင် တစ်နည်းနည်းနဲ့ ပရိသတ်ပြန်သတိထားမိအောင် လမ်းကြောင်းလေးတွေ ဖောက်ပြီးလုပ်ကြတယ်။ သဲကတော့မလုပ်ဘူး။ ဘာကြောင့်များလဲ။ 
SYMM : သဲက လူတွေဆဲပြီးမှ အောင်မြင်တာမျိုး သိပ်ပြီးမလိုချင်ဘူး။ ဂယက်ဖြစ်မှ မဖြစ်ချင်ဘူး။ အဲဒါမျိုးက လူကြည့်တော့များမယ်။ အဆဲခံရပြီး လူကြည့်များတာမျိုးမလိုချင်ဘူး။ အသက်ကလည်း ၂၅ ဖြစ်လာပြီဆိုတော့ အေးအေးချမ်းချမ်းလေးပဲ နေချင်တယ်။ ဘဝကို အေးအေးချမ်းချမ်းလေးနဲ့ ဖြတ်သန်းချင်တယ်။ ၁၇၊ ၁၈ တုန်းကဆိုရင်တော့ နည်းနည်း လှုပ်လှုပ်ခတ်ခတ်လုပ်လိုက်မယ့်စိတ်မျိုးပါ။ သဲ သွားချင်တဲ့ပုံစံက သဲလုပ်တာကို လက်ခံနိုင်ဖို့ လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် ဘယ်လိုမျိုးတွေ လုပ်လိုက်မလဲဆိုတဲ့စိတ် ရှိခဲ့ဖူးတယ်။ ပရိသတ်က ချစ်ပြီးတော့ အားပေးတာမျိုးပဲ လိုချင်တယ်။ လူတိုင်းကတော့ မချစ်နိုင်ဘူး၊ ချစ်တဲ့သူလည်းရှိသလို မုန်းတဲ့သူလည်း ရှိပါတယ်။

ခင်ညိုညိုသိမ့်