News

POST TYPE

INTERVIEW

အောင်ရဲလင်းနဲ့ တွေ့ဆုံခြင်း
03-May-2019
“နောက်ဆိုရင်တော့ ဇာတ်ကားတွေ သေချာရိုက်ကူးတဲ့အချိန်မှာ စာချုပ်စာတမ်းတွေနဲ့ သေချာစကားပြောပြီးတော့ ကျွန်တော်တို့ အလုပ်ကို လက်ခံရမှာပေါ့”



နာမည်ကျော်သရုပ်ဆောင် အောင်ရဲလင်းနဲ့တွေ့ဆုံခိုက် “မှားတဲ့ဘက်ကနေ ကြည့်ပါ” ရုပ်ရှင်ဇာတ်ကားအကြောင်းနဲ့ ပိုက်ဆံဇာတ်ကား ရုံတင်ခွင့်မရရှိခဲ့တဲ့ အကြောင်းတွေကို မေးမြန်းထားပါတယ်။

Voice : မှားတဲ့ဘက်ကနေကြည့်ပါ ဇာတ်ကားက ဘယ်လိုမျိုးဇာတ်လမ်းဖြစ်မလဲ။ 
AYL : ဒီကားမှာ ထူးထူးခြားခြားတွေ့လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာကြိုက်လည်း ဖြစ်တယ်။ မိသားစုဒရာမာကားလည်းဖြစ်တယ်။ ကြည့်တဲ့ပရိသတ် တွေလည်း ထူးခြားလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အိမ်ထောင်ရေးဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ 

Voice : အက်တင်ကရော အောင်ရဲလင်းအတွက် ထူးထူးခြားခြားဖြစ်နေလား။
AYL : အက်တင်ကတော့ အခန်းတိုင်းကို အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ခဲ့ပါတယ်။ ခက်ခဲတဲ့ အပိုင်းတွေကတော့ အများကြီးပဲ။ ကျွန်တော့်ဆရာ ဦးမောင်မောင်ဦးကလည်း သင်ပေးပါတယ်။ 

Voice : မှားတဲ့ဘက်ကနေကြည့်ပါ ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ရော ဘာတွေ ကြိုပြောထားချင်တာရှိလဲ။
AYL : ကြာသွားတယ်ဆိုပေမယ့် အခုချိန်ထိ ဆန်းသစ်နေတုန်းပဲ။ ကျွန်တော် ဝတ်ထားတဲ့ အဝတ်အစားနဲ့ ပုံစံတွေ အကုန်လုံးက ဘယ်ချိန်မဆို ပြလို့ရတဲ့ ပုံစံမျိုး ရွေးချယ်ပြီး ဝတ်ထားတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း အဲဒီလိုပဲ ဝတ်စားတာ ဖြစ်တယ်။ ဒီကားကို ကြည့်လိုက်ရင်လည်း မက်ဆေ့ချ်ကောင်းတွေ ရလိမ့်မယ်ထင်ပါတယ်။ 

Voice : ပိုက်ဆံဇာတ်ကားပေါ့။ ကိုယ်တိုင်လည်း အနုပညာလုပ်ခွင့်ရရဲ့သားနဲ့ ရုံတင်ခွင့်မရခဲ့တဲ့အပေါ် ခံစားချက်လေး ပြောပြပေးပါဦး။
AYL : ကျွန်တော် အဲဒီကိစ္စ သေချာမသိဘူး။ အဓိကတော့ ပရိုဂျူဆာတွေနဲ့ပဲ ဆိုင်မယ်ထင်တယ်။ ကျွန်တော်တို့က ထုတ်လုပ်တဲ့သူ မဟုတ်ဘူးလေ။ သူတို့ ကျေနပ်ရင် ပြီးတာပဲပေါ့။ ကျွန်တော့်အတွက်က အများကြီးပြောစရာမရှိပါဘူး။ နောက်ဆိုရင်တော့ ဇာတ်ကားတွေ သေချာရိုက်ကူးတဲ့အချိန်မှာ စာချုပ်စာတမ်းတွေနဲ့ သေချာ စကားပြောပြီးတော့ ကျွန်တော်တို့ အလုပ်ကို လက်ခံရမှာပေါ့။ ဒါလည်း အတွေ့အကြုံတစ်ခုပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ဘာမှ ထွေထူးပြောစရာမရှိပါဘူး။ ဒါပေမဲ့ နောက်လုပ်မယ့် အလုပ်တွေမှာ အကောင်းဆုံး ဒီထက်မကပိုပြီးတော့ Safe Side ဖြစ်အောင် လုပ်သွားမှာပါ။

Voice : ဒီကားမှာမလုပ်ဖူးတဲ့ ကာရိုက်တာလည်းဖြစ်တယ်ဆိုတော့ မနှမြောဘူးလား။
AYL : ကျွန်တော် နောက်ပိုင်းကားတွေကို သေသေချာချာ ကြိုးကြိုးစားစားနဲ့ အများကြီးစိတ်နှစ်ပြီး ရိုက်ကူးထားတဲ့ ကားတွေချည်းပါပဲ။ “ပိုက်ဆံ” ကားတစ်ကားတည်း မဟုတ်ပါဘူး။ မှားတဲ့ဘက်ကနေ ကြည့်ပါရော နောက်ထွက်လာမယ့် ကားတွေအကုန်လုံးက ကျွန်တော် သေသေချာချာ ကြိုးကြိုးစားစားလုပ်ထားတဲ့ ကားတွေဖြစ်တဲ့အတွက်ကြောင့် ဒီတစ်ကားက Pay Par View Channel မှာဆိုရင်လည်း Pay Par View ကြည့်တဲ့ ပရိသတ်တွေအတွက် ကားကောင်းတစ်ကားကြည့်ရတယ်လို့ ခံစားရပါတယ်။ ကျန်တာ ထွေထွေထူးထူးမခံစားပါဘူး။ ဦးကျော်သူနဲ့က ပထမဦးဆုံးဆုံတာပါ။

ခင်ညိုညိုသိမ့်