News

POST TYPE

INTERVIEW

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ အိန္ဒိယသို့ ဝင်မည်၊ ယင်းအရှိန်ကြောင့် ဒေသအချို့ မိုးရရှိမည်
02-May-2019
ရန်ကုန်၊ မေ ၂

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အလွန်အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းဖန်နီသည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ပြီး ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် မိုးရနိုင်ကာ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါမုန်တိုင်း၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားပြီး နောက် ၄၈ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဂိုလ်ပါပူရ်မြို့နှင့် ချန်ဘာလီမြို့အကြားမှ ဖြတ်ကျော်ဝင်ရောက်မည်ဖြစ်ကြောင်း အဆိုပါဌာနက ခန့်မှန်းထားသည်။

သို့သော်မုန်တိုင်း၏အရှိန်ကြောင့် မေလ ၂ ရက်နေ့မှ ၄ ရက်နေ့အတွင်း ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ သြရိဿကမ်းခြေနှင့် အနောက်ဘင်္ဂလားကမ်းခြေအနီး ကိုးလ်ကတ္တားမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ပြီးနောက်အားအနည်းငယ်ပြန်လျော့ကျနိုင်ကြောင်း၊ သို့သော်မုန်တိုင်းမှာအချိန်နှင့်အမျှ လမ်းကြောင်းပြောင်းလဲမှုရှိနိုင်သည့်အတွက် သတိပြုစောင့်ကြည့်ရန်လိုအပ်ကြောင်း မိုးလေသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။ 

ယင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၁၀ ပေမှ ၁၃ ပေခန့် အထိ ရှိနိုင်သည့်အတွက် ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန်လိုအပ်ကြောင်း မိုးလေသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားသည်။

E-03





  • VIA