News

POST TYPE

INTERVIEW

ဦကျော်သူနဲ့ တွေ့ဆုံခြင်း
01-May-2019


ဝါရင့်သရုပ်ဆောင် ဦးကျော်သူနဲ့တွေ့ဆုံကာ မကြာခင်ရိုက်ကူးတော့မယ့် “ဒဏ္ဍာရီပင်လယ်” ဇာတ်ကားအကြောင်းနဲ့ ဖန်တီးရိုက်ကူးသွားမယ့် ရေအောက် ဇာတ်ဝင်ခန်းတွေ အကြောင်းကို The Voice က မေးမြန်းထားပါတယ်။ 

Voice : ဒဏ္ဍာရီပင်လယ် ဇာတ်ကားရိုက်ကူးဖို့ လက်ခံဖြစ်တဲ့ အကြောင်းလေး အရင်ဆုံး ပြောပြပေးပါဦး။
KT : ဒဏ္ဍာရီပင်လယ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားက ကျွန်တော် ပြန်ရိုက်ခွင့်ရတဲ့အချိန်မှာ ရိုက်ခဲ့တဲ့ တတိယမြောက် ဒါရိုက်တာလုပ်တဲ့ကားပါ။ ဝသုန္ဒြ ရုပ်ရှင်ထုတ်လုပ်ရေးကနေ ကျွန်တော့်ကို ရိုက်ပေးဖို့ ပြောတယ်။ ဇာတ်ဖတ်ကြည့်လိုက်တယ်။ ရိုးရိုးလေးကြည့်ရင်တော့ သာမန် အချစ်ဇာတ်ကားလေးပေါ့။ ရေသတ္တဝါတွေပါတဲ့အတွက် စိတ်ဝင်စားပါတယ်။

Voice : ဇာတ်လမ်းဖတ်ကြည့်ပြီး ရေသတ္တဝါပါလို့ ရိုက်ဖြစ်သွားတာလား။ ဘာကြောင့်လဲ။ 
KT : ရေသတ္တဝါတွေကို လွန်ခဲ့သော နှစ်ပေါင်းများစွာက ခရုလေးတွေ ဆွဲကြိုးလေးတွေ လုပ်တယ်။ ခန်းဆီးစတွေ လုပ်တယ်။ ခရုခွံကို အမြတ်တနိုးအလှဆင်ကြတယ်။ ဘုရားခန်းမှာ ပူဇော်တဲ့အနေနဲ့ အလှဆင်တယ်။ ရေသူမအရုပ်တွေ ငါးအရုပ်တွေ လုပ်တယ်။ အလှထားကြတယ်။ ဒီလောက် မြတ်မြတ်နိုးနိုးနဲ့ အလှထားပြီးတော့ ဘာဖြစ်လို့ ရေသတ္တဝါတွေကို သတ်တာဖြတ်တာတွေ ဖြစ်လာတယ်။ လူတွေရဲ့ လောဘ ဒေါသတွေ ဖုံးလွှမ်းမှုကြောင့် ဖြစ်လာတယ်။ ဒီမက်ဆေ့ချ်လေး ပေးချင်တယ်။ ပင်လယ်ကမ်းခြေမှာ အမှိုက်ပစ်တာတွေ ဒါတွေကို စနစ်တကျ ပစ်ဖို့ သင်ခန်းစာအနေနဲ့ ထည့်ပြီးရိုက်ဖို့ပါ။ 

Voice : သာမန်အချစ်ဇာတ်လမ်းလည်း ဖြစ်တယ်ဆိုတော့ ရေသတ္တဝါတွေနဲ့ ဘယ်လိုဆက်စပ်မှု ရှိနိုင်မလဲ။
KT : ရိုးရိုးအချစ်ဇာတ်လမ်းဆိုပေမယ့် ပညာပေးအသိတရားရမယ့် ဇာတ်လမ်းပါ။ ရေအောက်ရိုက်ချက်တွလည်း ပါမှာဆိုတော့ စွန့်စားပြီးရိုက်ရမှာပါ။ 

Voice : ဦးမောင်က ရေမကူးတတ်ဘဲ ရေအောက်ဇာတ်ဝင်ခန်းတွေကို ဘယ်လိုဖန်တီးမလဲ။
KT : ကျွန်တော် ရေမကူးတတ်ပါဘူး။ ရေမကူးတတ်တဲ့ ဒါရိုက်တာက ဘာလို့ ရေအောက်ရေသူမဇာတ်ကို ရိုက်လဲပေါ့နော်။ ဒါပေမဲ့ ကျွန်တော်က ရေငုပ်တာတော့ ကြာကြာငုပ်နိုင်တယ်။ ကျွန်တော်ရိုက်ခဲ့တဲ့ “ရတနာကျွန်း”၊ “သိန်းသုံးဆယ်နဲ့ လူစိမ်းတသိုက်”၊ “ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ဖြတ်မယ်” ဆိုတဲ့ကားတွေက ရေအောက်မှာ ရိုက်ခဲ့တဲ့ ကားတွေချည်းပဲ။ ကျွန်တော် ရေအောက်က အလှတွေကို သဘောကျတယ်။ ကြိုက်တယ်။ နှစ်သက်တယ်။ အရင်ကတည်းက ကြိုက်တယ်။ အဲဒါကြောင့် ရေအောက်ဇာတ်ဝင်ခန်းတွေကို ကျွန်တော်ရိုက်ခဲ့ရတာ။ အခုလည်း ရေအောက်က အခန်းတွေကို ရိုက်ဖို့ ပြင်ဆင်ရမယ်။ ကျွန်တော် တော်တော်လေး အစွမ်းကုန်ကြိုးစားပြီး ရိုက်ရမယ့်ကားပါ။ ရေအောက် အလှအပက တော်တော်လေးကိုလှတယ်။ ဒါကိုလည်း ကျွန်တော်မြတ်နိုးတယ်။ အစွမ်းကုန် ရိုက်ကူးမယ့် ကားပါ။ 

ခင်ညိုညိုသိမ့်





  • VIA