News

POST TYPE

INTERVIEW

အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း
01-May-2019
ရာသီဥတုနှင့် အစားအသောက်

“ဒီရာသီဥတုမှာတော့ အရည်ရွှမ်းတဲ့အသီးတွေကို ပိုပြီးစားပေးစေချင်တယ်”



အပူချိန် မြင့်တက်၍ ရာသီဥတုပူပြင်းခြင်းကြောင့် ချွေးအလွန်အကျွံထွက်ကာ ခန္ဓာကိုယ်တွင်း ဆားဓာတ်များကို ဆုံးရှုံးစေပါသည်။ ထို့ပြင် လမ်းဘေးတွင်ရောင်းချလျက်ရှိသည့် အစားအသောက်များသည် အခန့်မသင့်ပါက ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်သဖြင့် သတိထားစားသုံးသင့်ပါသည်။ ထို့ကြောင့် ရာသီဥတုပူပြင်းချိန်တွင် သတိပြုသင့်သည့်အချက်များကို အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အခုရာသီဥတုက အရမ်းပူနေတဲ့အခါကျတော့ ဘယ်လိုအစားအစာမျိုးတွေကို စားသုံးသင့်ပါသလဲ။
Dr.NNK : ဒီလိုရာသီဥတုမှာ လူလတ်ပိုင်းတွေက သိပ်မသိသာပေမယ့် ကလေးတွေနဲ့ လူကြီးတွေမှာတော့ အရမ်းသိသာတယ်။ ဘာကြောင့်လဲဆိုတော့ ချွေးအရမ်းထွက်တာကြောင့် ဆားဓာတ်တွေ ဆုံးရှုံးတဲ့အတွက် ကလေးတွေက မအီမသာဖြစ်တယ်၊ လူကြီးတွေရောပဲပေါ့။ ခေါင်းမူးတာတွေ တွေ့ရတတ်တယ်။ အဲဒီလိုအချိန်မှာ သတိထားသင့်တာက ကလေးဆိုရင် BPI ကထုတ်တဲ့ ဓာတ်ဆားကိုတိုက်တာ ပြဿနာမရှိပေမယ့် လူကြီးတွေက အဲဒီလိုအချိန်မှာ သွေးပေါင်တိုင်းဖို့လိုတယ်။ သွေးပေါင်တိုင်းပြီး သွေးတိုးနေတာလား၊ သွေးကျနေတာလားပေါ့။ သွေးပေါင်ချိန်များနေတဲ့အချိန် ဓာတ်ဆားတိုက်ရင် ပိုဆိုးသွားလိမ့်မယ်။ သွေးပေါင်ကျနေရင် ဓာတ်ဆားတွေတိုက်တာ လုပ်သင့်ပါတယ်။ ဒီလိုရာသီမှာ ဘယ်လိုအစားအစာတွေ စားသင့်သလဲဆိုတော့ အဓိကတော့ ပျော့ပျော့ပျောင်းပျောင်းဖြစ်မှာတွေ စားသင့်တယ်။ အရမ်းပူလွန်း၊ စပ်လွန်းတဲ့အစားအစာတွေကို သိပ်မစားစေချင်ဘူး။ ရာသီဥတုက အပြင်ဘက်မှာ အရမ်းလည်းပူနေတာကြောင့် ခန္ဓာကိုယ်က ချွေးတွေကလည်း ပိုထွက်စေတော့ ဆားဓာတ်တွေ ပိုဆုံးရှုံးသွားတဲ့အတွက် ပိုအန္တရာယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ဒီလိုရာသီဥတုမှာ အေးတဲ့အစားအစာတွေ စားပေးရမယ်။ အေးတဲ့အစားအစာဆိုတဲ့နေရာမှာလည်း သတိထားပြီး စားဖို့လိုတယ်။ အပြင်နေပူထဲက ပြန်ရောက်ရောက်ချင်းမှာ ရေခဲမုန့်စားလိုက်တာမျိုး၊ ရေခဲရေသောက်လိုက်တာမျိုး၊ အေးလွန်းတဲ့ အအေးသောက်လိုက် တာမျိုးတွေက အပူချိန်ကို ချက်ချင်းမထိန်းညှိနိုင်ဘဲနဲ့ ရှော့ခ်ရတတ်တယ်။ ဖြစ်နိုင်ရင် အိမ်ပြန်ရောက်ပြီဆိုရင် ရေခဲရေ ချက်ချင်းသောက်မယ့်အစား ရိုးရိုးရေကို သောက်မယ်။ ဖြည်းဖြည်းနဲ့ ချွေးတိတ်သွားပြီဆိုတော့မှ ရေခဲရေသောက်သင့်တယ်။ ဒီရာသီဥတုမှာတော့ အရည် ရွှမ်းတဲ့အသီးတွေကို ပိုပြီးစားပေးစေချင်တယ်။ ဖရဲသီးလိုမျိုးပေါ့၊ ဖရဲသီးကိုလည်း ဖြစ်နိုင်ရင် အိမ်မှာ အလုံးလိုက်ဝယ်ပြီး ခွဲစားတာကို ပိုအားပေးတယ်။ လမ်းဘေးမှာ စိတ်ပြီးရောင်းနေတဲ့ ဖရဲသီးတွေ၊ သင်္ဘောသီးတွေကို မစားစေချင်ပါဘူး။ လမ်းဘေးက ဝယ်စားမယ်ဆိုရင် အခွံမာသီးတွေကို စားစေချင်တယ်။ ဥပမာ - လိမ္မော်သီး၊ သခွားမွှေးသီးလိုမျိုးတွေပေါ့။ ဖြစ်လေ့ဖြစ်ထ ရှိတာက ဈေးထဲကဝယ်လာတဲ့ ဖရဲသီးစားပြီး ဝမ်းလျှောတယ်ဆိုတာမျိုး။ အဲဒီမှာ လူတွေ ထင်လိုက်တာက ဖရဲသီးစားလို့ ဝမ်းလျှောတယ်ထင်သွားတာ၊ အမှန်က မသန့်လို့ဖြစ်တာပါ။

Voice : အခုက အရမ်းပူလွန်းတော့ အစားအသောက်မစားချင်တာတွေဖြစ်တော့ အာဟာရပြည့်အောင် ဘာတွေစားပေးဖို့ လိုအပ်ပါသလဲ။
Dr.NNK : ဒီရာသီမှာ အရမ်းကို ခံတွင်းတွေ ပျက်ကြတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက အစားတစ်ခု စားလိုက်တာက အလုပ်တစ်ခုလုပ်လိုက်သလို ပူပြီး ချွေးပိုထွက်လာတယ်။ အာဟာရပြည့်အောင် အသားလေးတွေကိုပဲ စားပေးပါ။ ကျန်တဲ့ Carbonhydrate တွေ အများကြီးစားတာထက်စာရင် အသားဓာတ်ပြည့်အောင်စားမယ်။ နွားနို့သောက်တာ၊ အသား ပျော့ပျော့ပျောင်းပျောင်းလေးတွေ စားပေးတာက တစ်ဖက်တစ်လမ်းကနေ အာဟာရ ပြည့်ပြည့်ဝ၀ ဖြစ်ပါတယ်။ ခံတွင်းလိုက်လာအောင် တစ်ခါတလေကျရင် စပ်တဲ့အရသာမဟုတ်ရင်တောင် ချဉ်တဲ့အရသာရှိတာနဲ့ တွဲစားတာမျိုးပဲဖြစ်ဖြစ်ပေါ့။ အရမ်းအချဉ်စူးရင်လည်း ဒီရာသီဥတုက ဝမ်းလျှောတာတွေဖြစ်တတ်တယ်။ ဒီရာသီဥတုမှာတော့ အေးတဲ့အစားအစာကို စားစေချင်တယ်။

Voice : ဒီလိုရာသီမှာ ဝိတ်ချတဲ့သူတွေအတွက် အဆင်ပြေနိုင်ပါ့မလား။
Dr.NNK : အရမ်းပူတဲ့အချိန်တွေမှာ အလွန်အကျွံ ဝိတ်ချတာကို အားမပေးဘူး။ ထိန်းစားတာက ကိစ္စမရှိဘူး။ ဝိတ်ချလို့ မူးနေတာကတစ်မျိုး၊ ရာသီဥတုပူပြီး ချွေးအရမ်းထွက်လွန်းလို့ မူးတာကတစ်မျိုးဆိုတော့ နှစ်ခုပေါင်းလိုက်ရင် ပိုဆိုးသွားနိုင်တယ်။ ဒါကြောင့် ရာသီဥတု အရမ်းပူတဲ့အချိန်မှာ ရေဓာတ်ပြည့်ပြည့်ဝဝဖြစ်အောင် ရေပုံမှန်သောက်မယ်။ ကိုယ်က ဝိတ်ချနေတာဆိုရင်လည်း အရည်ရွှမ်းတဲ့အသီးလေးတွေတော့ စားပေးသင့်ပါတယ်။

Voice : ဆရာ့အနေနဲ့ လူထုအတွက် ဖြည့်စွက်စကားလေး ပြောပေပါဦး။
Dr.NNK : ဓာတ်ဆားဖျော်သောက်တဲ့အခါမှာလည်း ဓာတ်ဆားကို သေချာဖျော်သောက်ဖို့လိုပါတယ်။ ဓာတ်ဆားတစ်ထုပ်ကို ရေတစ်လီတာနဲ့ ဖျော်ဖို့ပါ။ မှားယွင်းတဲ့ ဖျော်နည်းတွေကြောင့် ဆိုးသွားနိုင်တာ တွေရှိပါတယ်။ နောက်တစ်ခုက ဒီရာသီဥတုမှာအနေ အထိုင်ဆင်ခြင်ဖို့ပါ၊ အရမ်းပူနေတဲ့နေရာကနေအေးတဲ့ Air-con ခန်းထဲဝင်တာမျိုးတွေ မလုပ်ပါနဲ့။ ဝင်မယ်ဆိုရင် တံခါးဝလေးမှာ တစ်မိနစ်လောက်ရပ်ပါ၊ နားပါ။ ပူပူနဲ့ ဝင်လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်မှာရှိတဲ့ အပူချိန်ထိန်းချုပ်မှုစနစ်တွေက အတိမ်းအစောင်းဖြစ်သွားတတ်တယ်။ ထိုနည်းလည်၎င်းပဲ ကားစီးရင် Air-con တွေ အမြင့်ဆုံးတင်ကြတယ်။ ကားပေါ်က နေချက်ချင်းဆင်းလိုက်ရင် နေအရမ်းပူတော့ အန္တရာယ်ရှိတယ်။ အဲဒီလိုမဖြစ်အောင် ကိုယ်ဆင်းမယ့်နေရာ နီးနေပြီဆိုရင် Air-con ကို တဖြည်း ဖြည်းလျှော့ပြီး အအေးလျော့တော့မှ ဆင်းတာ ပိုကောင်းပါတယ်။ အစားအသောက်ကတော့ အရည်ရွှမ်းတဲ့အစား အသောက်ကို စားဖို့အဓိက ပြောချင်ပါတယ်။ ဖြစ်နိုင်ရင် ဟင်းတွေကို နေ့မကူးပါစေနဲ့။ တစ်နေ့စာတစ်နေ့ ကုန်အောင်စားပေးပါ။ ဒါမှ ဝမ်းပျက်ဝမ်းလျှောတွေ မဖြစ်နိုင်မှာ။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ