News

POST TYPE

INTERVIEW

တင်မောင်ဆန်းမင်းဝင်းနဲ့ တွေ့ဆုံခြင်း
30-Apr-2019


“ဇာတ်မင်းသားက ရုပ်ရှင်မင်းသားဖြစ်ဖို့ မနည်းကြိုးစားရတယ်။ ဘာလို့လဲဆိုတော့ ဇာတ်သံကြီးတွေပါတယ်။ ကျွန်တော်ကတော့ ရုပ်ရှင်မင်းသား မဖြစ်ချင်ဘူး”

နာမည်ကျော်ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်းနဲ့ တွေ့ဆုံကာ လက်ရှိ ဇာတ်သဘင် လောကအခြေအနေနဲ့ ဇာတ်သဘင်လောက အခက်အခဲအချို့တွေကို The Voice က မေးမြန်းထားပါတယ်။

Voice : လက်ရှိ သဘင်လောက အခြေအနေလေး ပြောပြပေးပါဦး။
TMSMW : ဒီလိုပါပဲ။ လျှောက်ဆဲပါပဲ။ မရပ်တော့ မရပ်ပါဘူး။ ရိုးရာဖြစ်နေတော့ ဘုရားတွေရှိနေရင် ဇာတ်ပွဲတွေက သွားနေဦးမှာပဲ။ လျှောက်တော့ လျှောက်တယ်။ ထော့ကျိုး ထော့ကျိုးပေါ့။ ကျွန်တော့်အနေနဲ့ကတော့ မြှင့်တင်ရေးကို ဦးစားပေးပါတယ်။ ဒီထက်မကလည်း မြှင့်တယ်ဆိုတာကလည်း ဘိုးဘိုးတို့ခေတ်၊ ဖေဖေတို့ခေတ် မဟုတ်တော့ဘူး။ အဲလိုတွေ ပြန်ရဖို့က မလွယ်ပါဘူး။ အဲခေတ်တုန်းကလို မဟုတ်ဘူး ပြောနေပြီး မင်းတို့လည်း မလုပ်ကြဘူးဆိုတာကို ဝန်ခံပါတယ်။ အသိမြင် ဗဟုသုတတွေ များလာတဲ့ချိန်မှာ ဖယ်သင့်တာဖယ်ပြီးတော့ လုပ်သင့်ရာ လုပ်ရမယ့် အခြေအနေဖြစ်နေတာမို့ ပြီးတော့နေရာဒေသပေါ့။ ညလုံးပေါက်က လူတွေက မကြည့်နိုင်ကြတော့ဘူး။ အဲဒါကြောင့် တီဗီပေါ်ကကြည့်၊ ကျွန်တော်တို့က နှစ်ပါးသွားလေးတွေ ကပြပေါ့။ အဲဒါလေးတွေက မြိုင်သွားတာပါ။ ဘုရားပွဲတော့ ရှိနေတယ်။ ရိုးရိုးပဲ ကမြဲကဆဲနေပေါ့။ 

Voice : ဇာတ်သဘင်အခြေအနေကလည်း သိပ်မကောင်းဘူးဆိုတော့ အရှုံးအမြတ်ကျတော့ရော ဘယ်လိုများဖြစ်မလဲ။ 
TMSMW : ရှုံးတော့ မရှုံးဘူး။ ဇာတ်သဘင် ပိုပြီးတော့ စိတ်ဝင်စားလာအောင် ဆွဲဆောင်ပြီး လုပ်ရတာတွေလည်း ရှိတယ်။ ကျွန်တော်ကတော့ ဇာတ်သဘင် သီးသန့်ကို ကစေချင်တယ်။ 

Voice : ဇာတ်မင်းသားနဲ့ ရုပ်ရှင်မင်းသား ကွာခြားချက်လေးက ဘာများဖြစ်မလဲ။
TMSMW : အပြင်လောကမှာ ဇာတ်မင်းသားက ရုပ်ရှင်မင်းသားဖြစ်ဖို့ မနည်းကြိုးစားရတယ်။ ဘာလို့လဲဆိုတော့ ဇာတ်သံကြီးတွေပါတယ်။ ကျွန်တော်က ရုပ်ရှင်မင်းသားမဖြစ်ချင်ဘူး နဂိုကတည်းကလေ။ ဘာဖြစ်ချင်လဲဆိုတော့ သရုပ်ဆောင်ကောင်းကောင်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ သရုပ်ဆောင်ကောင်း ဖြစ်ချင်ပါတယ်။ ရုပ်ရှင်ထဲကလို အပြင်မှာလည်း ရုပ်ရှင်မင်းသမီးကနေ ဇာတ်မင်းသမီးဖြစ်ချင်တာ ရှိလားပေါ့နော်။ မရှိလောက်ဘူးထင်ပါတယ်။ အဲဒါလေးတွေလည်း လက်ရှိခေတ်မှာ ဒီလိုသွားနေတယ်။

Voice : ပရိသတ်တွေကရော ဇာတ်ကို ကြိုက်ကြသေးတယ်လို့ ထင်မိလား။
TMSMW : ကြိုက်တာပေါ့။ မြန်မာလူမျိုးပဲ ဇာတ်ကြိုက်တာပေါ့။ ကိုယ့်ရိုးရာကို ပြချင်တယ်။ ပြောင်းလဲ မြင်သာလာတဲ့ခေတ်ကြီးမှာ ဒါလေးတွေကို တခြားနိုင်ငံက လူတွေကြည့်ရင် ကိုယ်လည်း မြင်တယ်ပေါ့။ ကိုယ်ကပြချင်ပေမယ့် နေရာဒေသကရှိသေးတယ်။ အခက်အခဲရှိတယ်။ ပြည်သူတွေကလည်း ကြည့်ဖို့ ခဲယဉ်းတယ်လေ။ နယ်တွေမှာလည်း နိုင်ငံခြားပုံစံတွေ ကမယ်ဆိုရင်လည်း မရဘူးလေ။ နေရာဒေသကြောင့်ပေါ့။ အဲဒီတော့ ကိုယ့်ကိုပဲ အမြင်စောင်းမယ်ပေါ့နော်။ အဲဒီလို အဆင်မပြေတာတွေလည်းရှိတယ်။ 

ခင်ညိုညိုသိမ့်


  • VIA