News

POST TYPE

INTERVIEW

မင်းရာဇာနဲ့ တွေ့ဆုံခြင်း
29-Apr-2019


“တရုတ်ဆိုရင် ကွန်ဖူးကို မြင်တယ်။ ဝူရှူးကို မြင်တယ်။ ထိုင်းဆိုရင် မွေထိုင်းကို မြင်တယ်။မြန်မာကားတွေဆိုရင် အခြောက်ကားတွေလို့ မြင်တယ်”

နာမည်ကျော် အက်ရှင်မင်းသား မင်းရာဇာနဲ့ တွေ့ဆုံပြီး သူရိုက်ချင်တဲ့ ဇာတ်ကားတွေအကြောင်း မြန်မာ့ရုပ်ရှင်ကို ပြုပြင်ပြောင်းလဲချင်တဲ့အကြောင်း တွေကို The Voice သတင်းစာက မေးမြန်းခဲ့ပါတယ်။ 

Voice : ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အနုပညာဖန်တီးချင်တာ မျိုးရှိလား။
MYZ : အဓိကတော့ ကျွန်တော် လက်ရှိမှာ ဖန်တီးနေတဲ့ အနုပညာမှာ ကျွန်တော်တို့ရဲ့ သမိုင်းကြောင်းတွေကို ဖန်တီးတဲ့အားနည်းနေတယ်။ အရင်တုန်းကဆိုရင် ကိုလူမင်းတို့ကို အရမ်းလေးစားတယ်။ သူတို့ဆိုရင် ဘာပြောပြော သမိုင်းတစ်ခုမှာ ကျန်တယ်။ မင်းကျန်စစ်ဆိုတဲ့ကားကို ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်လည်း ဒီလိုပဲပေါ့။ ကျွန်တော်တို့ သမိုင်းကြောင်းဘုရင်တွေ ဘယ်လိုနေထိုင်ခဲ့တယ်။ ရှင်သန်ခဲ့တယ်။ ရှေးတုန်းက ဘယ်လိုနေထိုင်ခဲ့ကြတယ်။ ဒါကို ကမ္ဘာကို သိစေချင်တာပါ။ အဲ့အတွက်ကို လုပ်ချင်တယ်။ ကြိုးစားချင်တယ်။ အခွင့်အရေးပေးရင် အပျော်ဆုံးပေါ့ဗျာ။ ကြိုးစားရမယ့် အပိုင်းနဲ့ ကျွန်တော့်ရဲ့ ကံဇာတာနဲ့လည်း ဆိုင်မယ်ထင်ပါတယ်။ 

Voice : မြန်မာရာဇဝင်သမိုင်းထဲကဆိုရင် အစ်ကိုက ဘယ်သူ့အကြောင်းကို ရိုက်ချင်တာလဲ။
MYZ : ကျွန်တော်ကတော့ အနီးစပ်ဆုံး မုဆိုးဖိုရွာသူကြီးကို ရိုက်ချင်တာပေါ့နော်။ ဦးအောင်ဇေယျအကြောင်းပေါ့။ အရမ်းရိုက်ချင်တယ်။ ယိုးဒယားကို ဝါးရင်းတုတ်နဲ့ သိမ်းခဲ့တယ်ဆိုတဲ့အကြောင်းပေါ့။ ဝါးရင်းတုတ်ဆိုတာ တပ်ကြီးတစ်တပ်အကြောင်း မြန်မာ့သိုင်းအကြောင်းကိုပြမှာ။ တရုတ်ဆိုရင်လည်း ကွန်ဖူးကို မြင်တယ်။ ဝူရှူးကိုမြင်တယ်။ ယိုးဒယားဆို ဘာကိုမြင်လဲဆိုရင် မွေထိုင်းဆိုတာကို မြင်တယ်။ မြန်မာကားတွေမှာဆိုရင် ဘယ်သူ့ကြောင့် ဘာမြင်လဲဆိုရင် အခြောက်ကားလို့ မြင်တယ်ပေါ့နော်။ အဲလိုဖြစ်နေတယ်။ အရမ်းသမိုင်းကောင်းခဲ့တဲ့ ဗမာ့သိုင်းတွေ ရှိပါတယ်။ ဓားတွေ၊ တုတ်၊ လှံတွေနဲ့ သမိုင်းကြောင်းကြီးတစ်ခု တည်ဆောက်ခဲ့တဲ့ ရာဇဝင်အကြီးကြီးရှိပါတယ်။ ခမ်းနားတဲ့ဘုရင်တွေ၊ သူရဲကောင်းတွေ အရမ်းကို လေးစားရတဲ့ သူရဲကောင်းတွေ ရှိခဲ့တယ်။ ကမ္ဘာသိအောင် ချပြချင်တယ်။ 

Voice : ဈေးကွက်အရ ပိုက်ဆံရမယ့်ကားတွေ ရိုက်ကြတာမှန်ပေမယ့် အစ်ကို ရိုက်ချင်တဲ့ဇာတ်ကားမျိုးတွေကို ထုတ်လုပ်သူတွေနဲ့ တွေ့ပြီး ဆွေးနွေးကြည့်တာ မျိုးရှိလား။ 
MYZ : ကျွန်တော် တောင်းဆိုပါတယ်။ လက်ရှိမှာတော့ ကျွန်တော်တို့က ရိုက်မယ်ဆိုတိုင်းလည်း ချက်ချင်းကြီး တန်းဖြစ်နိုင်တဲ့အရာမျိုးတော့ မဟုတ်ဘူး။ ပြင်ဆင်ချိန်တွေကို အများကြီးပေးရမယ်။ လေ့ကျင့်တာတွေ၊ လေ့လာသင်ယူစရာတွေလည်း ရှိပါတယ်။ ဒီလိုကားတွေက ရိုက်ဖို့ဆို အင်မတန်မှ ခက်ခဲတဲ့ကားတွေပါ။ ရိုက်မယ့် ပရိုဂျူဆာတွေက တော်တော်စဉ်းစားမယ့်ကားပါ။ ပိုက်ဆံကုန်မယ်ပေါ့နော်။ အပြင်ပရိုဂျူဆာလည်း ရှာပါတယ်။ ကျွန်တော်လည်း ကြိုးစားနေတယ်။ ကျွန်တော့်ဘဝမှာ မဖြစ်နိုင်ဘူးဆိုရင် ကျွန်တော့်သား လက်ထက်မှာ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားမယ်။

Voice : အစ်ကိုရိုက်ချင်တဲ့ကားမျိုး ပြည်ပနိုင်ငံတွေက လာရောက်ပူးပေါင်းပြီး ရိုက်ဖြစ်မယ်ဆိုရင်ရော။ 
MYZ : အမှန်တိုင်းပြောရမယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်က ထိုင်ဝမ်က သူဌေးတစ်ယောက် ဆက်သွယ်တယ်။ ကျွန်တော် အင်တာဗျူး တစ်ခုမှာလည်း ဖြေဖူးပါတယ်။ အလောင်းမင်းတရား အကြောင်းကို အရမ်းစိတ်ဝင်စားတယ်။ အခု PRO ART  သင်တန်းကျောင်း ဖွင့်ထားတဲ့ မစ္စတာဝူဆိုရင် မြန်မာသမိုင်းကြောင်းကို ရိုက်ချင်တယ်တဲ့။ မင်းတို့ရိုက်နေတဲ့ ချစ်ခန်း၊ ကြိုက်ခန်းတွေကို မရိုက်ချင်ဘူးတဲ့။ အက်ရှင်ကို ရိုက်ချင်တယ်။ မြန်မာသိုင်းကို ရိုက်ချင်တယ်၊ နိုင်ငံတကာ သိအောင်လည်း လုပ်ချင်တယ်။ ကျွန်တော်လည်း ဒီလိုကားတွေဆိုရင် ကျွန်တော်တို့ လူမျိုးအချင်းချင်းပဲ ရိုက်ချင်တာပါ။ ဒီပရိုဂျူဆာနေရာမှာ နိုင်ငံခြားသားတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ မင်းသား၊ ဒါရိုက်တာတွေပဲ ဖြစ်စေချင်တယ်။ ဒါကတော့ ကျွန်တော် မျိုးချစ်စိတ်နဲ့ ပြောတာပါ။ ဒါပေမဲ့ လုပ်မယ့်သူ ဘယ်သူမှ မရှိပါဘူး။  

ခင်ညိုညိုသိမ့်



  • VIA