News

POST TYPE

INTERVIEW

မင်းဦးနဲ့ တွေ့ဆုံခြင်း
28-Apr-2019


“ရုပ်ရှင်လောက,က ပုံစံတစ်ခုပြောင်းသွားပြီ၊ အစ်ကိုတို့ (ရုပ်ရှင်) လောကသားတွေ နည်းနည်းတော့ ဒုက္ခရောက်ကြဦးမယ်”

Voice : ဒီနှစ်ထဲမှာ အောင်ခေတ်မင်းထုတ်လုပ်ရေးနဲ့ ဘယ်လိုဇာတ်ကားတွေ ရိုက်ဖို့ရှိလဲ။
MO : ရှိပါတယ်။ ရုပ်ရှင်ကားတွေ ရိုက်ဖို့ ရှိတယ်။ လောလောဆယ်တော့ ရိုက်ထားတဲ့ ကိုယ်ပွားကားကို ပြီးအောင်လုပ်နေတယ်။ အဲဒါလေးကိုလည်း အကောင်းဆုံးဖြစ်အောင် ရိုက်ထားတဲ့ဟာတွေ ပြန်ဆက်တယ်။ ပြီးတော့ အခုထိ အချောဆက်လို့ မပြီးသေးဘူး။ အသံတွေ အကောင်းဆုံးဖြစ်အောင် ပြန်လုပ်နေတယ်။ 

Voice : ရိုက်မယ့်ဇာတ်အကြောင်းလေး Hint လေး ပြောပြပေးပါဦး။
MO : အစ်ကိုတို့က ဇာတ်ကားတစ်ကား ရိုက်မယ်ဆိုရင် ရိုက်မယ့်အချိန်ထက် စောပြီးတော့ ဇာတ်လမ်းပိုင်းပဲဖြစ်ဖြစ် ဇာတ်ညွှန်းပိုင်းပဲဖြစ်ဖြစ် ရိုက်မယ့်ဇာတ်ကို ကြိုပြီးပြင်ဆင်တဲ့ သဘောပါ။ ဇာတ်ကတော့ သိပ်ပြီးတော့ အသစ်ဖြစ်မယ့်ဟာမျိုးတော့ မဟုတ်ပါဘူး။ အစ်ကိုတို့က တင်ပြပုံတစ်ခုကိုပြောရရင် ဇာတ်လမ်းတွေက ဒီလို ဇာတ်လမ်းတွေပါပဲ။ ဖန်တက်စီတွေက လွဲလို့ပေါ့နော်။ မိသားစုဇာတ်တွေကတော့ ဒီလိုပဲ။ ဒါပေမဲ့ တတ်နိုင်တဲ့ ဘယ်လိုပုံဖော်ဖန်တီးမလဲဆိုတာကို စဉ်းစားကြတာပါ။ မင်းသားကတော့ ကျော်ထက်အောင်ဖြစ်မယ်။ နောက်မင်းသားတွေလည်းပါဦးမယ်။ ကျန်တဲ့သူတွေကိုတော့ လောလောဆယ်ပြောလို့ မဖြစ်သေးဘူး။ 

Voice : အောင်ခေတ်မင်းနဲ့က ပွဲဦးထွက်ဒါရိုက်တာအဖြစ် လုပ်ကတည်းက အောင်မြင်တယ်လေ။ နောက်ထပ်ရော ထပ်လုပ်ချင်တဲ့ အလုပ်လေးတွေကို တိုင်ပင်ဖြစ်လား။
MO : အစ်ကို့ သူငယ်ချင်းအကြောင်းလည်း သိနေတယ်လေ။ ပိုက်ဆံကြောင့် ဒီလောကကို ဝင်လာတာ မဟုတ်ဘူး။ တကယ်လည်း အနုပညာကို စိတ်ဝင်စားတယ်။ လုပ်လည်း လုပ်ချင်တယ်။ သူကိုယ်တိုင်လည်း ကောင်းအောင်လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ အဲဒါကြောင့် တွဲလုပ်ဖြစ်တယ်။ အမြဲတမ်းငြင်းခုံပြီးတော့ အကောင်းဆုံးဖြစ်အောင် ကိုယ့်ဘက်က တတ်နိုင်တဲ့ အပိုင်းကပေါ့နော်။ သူ့ဘက်ကလည်း အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတယ်။ နောက်လည်း ဘယ်လောက်ထိ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်မလဲဆိုတာ ကိုယ့်ကိုလည်း အမြဲမေးပါတယ်။ အခုရုပ်ရှင်လောကက ပုံစံတစ်ခုပြောင်းသွားပြီ။ ရိုးရိုးရက်ချိတ်လိုက်တယ်။ ပြီးရင် သွားရိုက်လိုက်တယ်။ လုပ်လို့မရတော့တဲ့ အခြေအနေတစ်ခုပေါ့။ အစ်ကိုတို့ရော တခြားလူတွေရော အများကြီးပြင်ဆင်လာတယ်။ ဝမ်းသာတယ်။ အစ်ကိုတို့ ထင်ပါတယ်။ အစ်ကိုတို့လောကသားတွေ နည်းနည်းတော့ ဒုက္ခရောက်ကြဦးမယ်ထင်တယ်။ နောက်ကျတော့ ပုံမှန်ဖြစ်သွားရင် ကောင်းသွားမှာပါ။

Voice : အစ်ကို့ကို ပရိသတ်တွေက အမြဲပြောကြတယ်။ နုပျိုနေဆဲပဲမို့ အလှအပနဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုထိန်းသိမ်းဖြစ်နေလဲ။
MO : အစ်ကိုက ပျော်ပျော်နေတတ်လို့ပါ။ အသက်အရွယ်လည်း နည်းနည်းရလာပြီဆိုတော့ စိတ်ညစ်မခံတာလည်းပါပါတယ်။ လောကကြီးမှာကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ်အမြဲတမ်းကြုံနေရတယ်။ ကောင်းအောင်နေရင်တောင် အဆိုးအပြောခံနေရတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အဆင်ပြေဆုံးအကောင်းဆုံးဖြစ်အောင် ကိုယ့်စိတ်ကိုထားပြီးနေတယ်။ ပြီးတော့ ကျန်းမာရေးကလည်း ထိန်းသိမ်းသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အစ်ကိုတို့လည်း အသက်အရွယ်အရ ဗိုက်ထွက်လာတာ နည်းနည်းပါးပါး ဘာညာတော့ရှိတယ်။ ဒါပေမဲ့လည်း အစ်ကိုက လှုပ်လှုပ်ရှားရှားလည်း နေချင်သေးတယ်။ ကိုယ့်အခြေအနေအရပေါ့နော်။ စားတာ သောက်တာရော ကျန်းမာရေးကို နည်းနည်းလေး ဂရုစိုက်တယ်။ မတည့်တာ မစားဘူး။ ဆေးကိုလည်း ပုံမှန်စစ်ဖြစ်ပါတယ်။ 

ခင်ညိုညိုသိမ့်



  • VIA