News

POST TYPE

INTERVIEW

အေးမြတ်သူနဲ့ တွေ့ဆုံခြင်း
25-Apr-2019


“အသက် သုံးဆယ်ကတည်းက အိမ်ထောင်ပြုချင်နေတာ မရခဲ့ဘူး။ ၃၅ မှာလည်း ကြိုးစားနေတယ်။ ဒါပေမဲ့ ဖူးစာကံ မပါလို့ မကျသေးရင် လေးဆယ်ပေါ့”

နာမည်ကျော်သရုပ်ဆောင်အေးမြတ်သူနဲ့ တွေ့ဆုံကာအချစ်ရေးအကြောင်းနဲ့ သဘင်သည်တွေရဲ့ဘဝခက်ခဲကြမ်းတမ်းမှုအကြောင်းတွေကို The Voice ကမေးမြန်းဖော်ပြထားပါတယ်။ 

Voice : ပြုံးရွှင်ရေပျော်ရဲ့လား ဇာတ်ကားမှာ သရုပ်ဆောင်တာတွေကို ပရိသတ်တွေက သဘောကျကြတယ်နော်။ ဇာတ်နဲ့ ပတ်သက်တာ အခုမှ ပထမဆုံး ရိုက်တာလား။
AMT : ဟုတ်ပါတယ်။ ဒါ ပထမဆုံးကားပါ။ အေးမြတ်သူလည်းရိုက်ချင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာ့ ယဉ်ကျေးမှုတစ်ခု မြန်မာအကရိုးရာ ယဉ်ကျေးမှုတစ်ခုပေါ့ နော်။ ဒီလိုကားလေးတွေကို နောက်ထပ် အရေးပါအရာ ရောက်မယ့် နေရာမျိုးတစ်ခုကနေပြီး ထပ်ပြီးရိုက်ချင်တယ်။ အေးမြတ်သူတို့ နိုင်ငံတကာကိုသွားပြီး ကိုယ့်ရုပ်ရှင်ကို ပြရမယ်ဆိုရင် မြန်မာ့ယဉ်ကျေးမှု သဘာဝအလှပါရင် အကောင်းဆုံး ဖြစ်မှာပေါ့နော်။

Voice : မြန်မာအကတွေရော ကတတ်လား။သင်ဖို့ရော စိတ်ဝင်စားလား။
AMT : အေးမြတ်သူက မြန်မာအကကို မတောက်တခေါက်လေး ကတတ်တယ်ဆိုတော့ ဇာတ်သဘင်လိုကားမျိုး၊ ခြေဖဝါးတော်နုနုဇာတ်ကားတွေကို အရမ်းကြိုက်တယ်။ အဲလိုဇာတ်ကားလေးတွေကို အရမ်းကြိုက်တယ်။ လှပတဲ့ မြန်မာ့ယဉ်ကျေးမှု အလှအပတွေ၊ ရိုးရာတွေကို ဖော်ထုတ်နိုင်မယ့် ကားလေးကို ရိုက်ချင်ပါတယ်။ 

Voice : ဇာတ်သဘင်ရဲ့ သဘော သဘာဝတွေကိုသိလား။ သူတို့ဘဝတွေက ခက်ခဲကြမ်းတမ်းတယ်လို့ ကြားဖူးတယ်။
AMT : ဇာတ်သဘင်လောက လူတွေက ပိုပြီးတော့ ပင်ပန်းတယ်။ ခက်ခဲတယ်။သရုပ်ဆောင်တွေလည်း ခက်ခဲပါတယ်။ ဒါပေမဲ့ အမှားခံလို့ ရတာတွေ၊ သက်သောင့်သက်သာရှိမယ့်ဟာတွေ ရှိတယ်။ ဇာတ်ခုံပေါ်က သူတွေက မှားယွင်းမှုမရှိဘူး။ မှားလို့မရဘူး။ ညလုံးပေါက်ကရတာ။ အကျိုးခံစားခွင့်ကြည့်တော့လည်း မတူဘူး။ ဇာတ်ထဲက ခေါင်းဆောင်မင်းသမီးနဲ့ ရုပ်ရှင်မင်းသမီး ယှဉ်လိုက်ရင်တော့ ဇာတ်ထဲက မင်းသမီးက ပိုပင်ပန်းတယ်။ 

Voice : Facebook မှာ လက်ထပ်စာချုပ်ကိုင်ပြီး ရိုက်ထားတဲ့ပုံက ချစ်သူကို အလင်းပြလိုက်တာလား။
AMT : ဒါက April Fool ပါလို့။ ပရိသတ်က ကိုယ့်ကို ဘယ်လောက်ချစ်လဲ။ အိမ်ထောင်ပြုစေချင်လား မပြုစေချင်ဘူးလားဆိုတာကို စမ်းကြည့်တဲ့သဘောပါလို့။ အေးမြတ်သူ တကယ်စစ်စစ်မှန်မှန် အိမ်ထောင်ပြုမယ်ဆိုရင် အားလုံးကို တရားဝင်အသိပေးပြီးမှ သေချာလေး စီစဉ်ပါမယ်လို့။ ခမ်းနားချင်မှ ခမ်းနားမယ်။ ဒါပေမဲ့ အားလုံးကို အသိပေးပြီးမှ စုံစုံညီညီလုပ်ပါမယ်။အစ်ကိုမင်္ဂလာဆောင်မှာ အစ်ကို့ရဲ့ လက်မှတ်ထိုးထားတာကို ယူရိုက်ထားတာ။

Voice : အဲလိုလုပ်လိုက်တော့ ပရိသတ်တွေကရော အိမ်ထောင်ပြုစေချင်တဲ့ ပရိသတ်ကများလား။
AMT : တော်တော်များများက မပြုစေချင်ကြသေးဘူး။ ကြိုးစားပါဦး အလုပ်လုပ်ပါဦး။ အဲလိုပြောတယ်။ သူတို့ချစ်လို့ မဝသေးဘူးထင်တယ်။

Voice : အိမ်ထောင်ပြုမယ့် အသက်အရွယ်ကို သတ်မှတ်ထားလား။ ရှေ့ကအင်တာဗျူးတွေမှာ အသက်၃၀ ကျော်ရင်ယူမယ်လို့ ဖြေထားတယ်နော်။ 
AMT : အေးမြတ်သူစဉ်းစားထာတယ်။ အိမ်ထောင်ပြုခြင်းမှာ အသက်အရွယ်ကန့်သတ်ချက်မရှိ ဘူး။ အသက်ဆိုတာက ပြယုဂ်တစ်ခုပေါ့။ အရွယ်က လူရဲ့စိတ်ကို ပြတယ်လို့ ခံစားရတယ်။ အသက်ဆိုတာကတော့ အချိန်ပါပဲ။ အဓိက ကိုယ့်စိတ်ပျော်ပြီး ကိုယ်နုနေရင် အားလုံးအဆင်ပြေနိုင်တယ်။ အိမ်ထောင်ရေးမှာ အေးမြတ်သူက အသက်အရွယ်မထားဘူး။ အမှန်ဆို သုံးဆယ်ကတည်းက အိမ်ထောင်ပြုချင်နေတာ မရခဲ့ဘူး။ ၃၅ မှာလည်း ကြိုးစားနေတယ်။ ဒါပေမဲ့ ဖူးစာကံမပါလို့ မကျသေးရင် လေးဆယ်ပေါ့နော်။ 

ခင်ညိုညိုသိမ့်





  • VIA