News

POST TYPE

INTERVIEW

ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံခြင်း
24-Apr-2019
အပူကြောင့်ဖြစ်သည့်ရောဂါများ

“ရေခဲရေက များများသောက်လို့ မရဘူး။ နည်းနည်းသောက်လိုက်တာနဲ့ အာသာပြေသွားတော့ ရေခဲရေတစ်ပုလင်းလုံးကုန်အောင် သောက်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး”



ရက်ပိုင်းအတွင်း ရာသီဥတုပူပြင်းသောကြောင့် အပူချိန်မြင့်တက်လျက်ရှိပါသည်။ ထိုကဲ့သို့ အပူချိန်မြင့်တက်သဖြင့် အပူကြောင့်ဖြစ်သည့် ရောဂါများ ဖြစ်ပွားလျက်ရှိသောကြောင့် အဆိုပါရောဂါများ မဖြစ်ပွားစေရန် သတိပြုသင့်သည်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာ မိုးအောင်ကျော်နိုင်နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အခုလို ရာသီဥတု ပူပြင်းတဲ့အချိန်မှာ ဘယ်လိုရောဂါမျိုးတွေ ပိုပြီးဖြစ်ပွားနိုင်ပါသလဲ ဆရာ။
Dr.MAKN : ရာသီဥတုပူတဲ့အတွက်ကြောင့် ခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းပေးတဲ့ ရေဓာတ်၊ ဆားဓာတ်တွေ ဆုံးရှုံးတာကို ခံစားရနိုင်တယ်။ အဲဒီဓာတ်တွေ ဆုံးရှုံးတဲ့အခါမှာ မူးဝေတာ၊ သွေးပေါင်ကျတာ၊ မျက်စိပြာတာမျိုးတွေ ဖြစ်တတ်တယ်။ နောက်တစ်ချက်က ကြွက်တက်တတ်တယ်။ ချွေးထွက်တဲ့အထဲမှာ ရေဓာတ်၊ ဆားဓာတ်တွေအကုန်ဆုံးရှုံးတယ်။ ဒါကို ပြန်ဖြည့်တဲ့အခါမှာ ရေဓာတ်ပဲပြန်ဖြည့်တဲ့အခါ အငန်ဓာတ်ဖြစ်တဲ့ ဓာတ်ဆားရည်ပြန်မသောက်မိတဲ့အခါကျရင် ခန္ဓာကိုယ်က အငန်ဓာတ်အားနည်းရင် ကြွက်တက်တတ်တယ်။ နောက်တစ်ခုကတော့ မူးဝေပြီးတော့ လဲကျတာ။ အဲဒါက ရေဓာတ်ရော၊ ဆားဓာတ်ရောဆုံးရှုံးတယ်၊ အဲဒါတွေကို မဖြည့်ဖြစ်တဲ့အခါ သွေးပေါင်တွေကျတော့ မျက်စိပြာတာ၊ ခြေဖျားလက်ဖျားအေးပြီး ကတုန်ကယင်ဖြစ်တာ၊ မူးဝေတာတွေဖြစ်တတ်တယ်။ နောက် အဆိုးဆုံးကတော့ အပူကြောင့် သတိလစ်ခြင်း (အရင်တုန်းကတော့ အပူလျှပ်ခြင်းလို့ခေါ်တယ်) လို့ခေါ်တယ်။ သူကတော့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေဆုံးရှုံးပြီး ထပ်ထွက် စရာချွေးမရှိတော့ ခန္ဓာကိုယ်အပူချိန်က 40.5 Degree Celsius ထက်ကျော်သွားတဲ့အခါမှာ ဦးနှောက်ထဲမှာ အပူတွေများပြီး ကယောင်ကတမ်း ဖြစ်ရာကနေ သတိလစ်ပြီး အသက်ဆုံးရှုံးတတ်တယ်။ တချို့ကျတော့လည်း ပူတဲ့အတွက် ရေစိမ်တယ်။ အင်္ကျီချွတ်နဲ့နေတယ်။ ချွေးစေးတွေပြန်တယ်။ ပူလိုက်အေးလိုက်ဖြစ် တဲ့အခါကျတော့လည်း အအေးမိ၊ ချောင်းဆိုး၊ လည်ချောင်းနာတာတွေလည်း ဖြစ်တာတွေ့ရတယ်။

Voice : ဘယ်လိုလူတွေမှာ အပူဒဏ်ကို ပိုပြီးခံစားရနိုင်ပါသလဲ။
Dr.MAKN : ဘယ်လိုလူတွေမှာ ပိုခံစားရသလဲ ဆိုတော့ နေပူထဲမှာအလုပ်လုပ်ရတဲ့သူတွေ၊ သွားလာလှုပ်ရှားရတဲ့သူတွေ၊ ချွေးထွက်များတဲ့သူတွေက အပေါ် မှာပြောခဲ့တဲ့ အပူပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ပိုတွေ့တယ်။ အရိပ်ထဲမှာ အလုပ်လုပ်ရတယ်၊ အိမ်ခန်း၊ ရုံးခန်းထဲမှာ အဲယားကွန်းဖွင့်ပြီး အလုပ် လုပ်ရတဲ့သူတွေက ဒီလိုပြဿနာသိပ်မတွေ့ရဘူး။ နောက်တစ်ခုက နာတာရှည်ရောဂါသည်တွေ၊ လေဖြတ်ထားတဲ့သူတွေမှာ အပူဒဏ်ပိုခံစားရပါတယ်။ နောက် အရေးကြီးဆုံးက ရောဂါမရှိဘဲနဲ့ အပူဒဏ်ကိုတွေ့ရ တဲ့သူတွေက အရက်သောက်တဲ့သူတွေပဲ။ ဘီယာပဲ သောက်သောက်၊ အရက်ပဲသောက်သောက် သူတို့က အရက်ရှိန်ကြောင့် မူးဝေနေတဲ့အခါကျတော့ ပုံမှန် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက်တာတို့၊ ရေငတ်တာတို့ကို သတိမပြုမိဘူး။ ရေဓာတ်ကို လုံလောက်အောင် ပြန်မဖြည့်မိတဲ့အခါမှာ အခုနကပြောခဲ့တဲ့ အပူကြောင့်လေဖြတ်ခြင်းကို တွေ့ရတယ်။ ဒါကို နေ့လယ်၊ နေ့ခင်းအရက်သောက်ပြီး မူးနေတဲ့သူတွေမှာ တွေ့ရတတ်တယ်။ ကလေးတွေဆိုလည်း နေပူထဲ ပြေးလွှားဆော့ကစားပြီးတော့ ရေသောက်ရမှန်း မသိဘူး။ ဒီတော့ သူတို့မှာလည်း အပူကြောင့် သတိလစ်ခြင်းတွေ ဖြစ်တတ်တယ်။ အပူကြောင့် ခန္ဓာကိုယ်ထဲက ရေတွေဆုံးရှုံးတဲ့အခါမှာ ဓာတ်ဆားရေနဲ့ ရေကို လုံလုံလောက်လောက်သာ ဖြည့်ပေးနိုင်မယ်ဆိုရင် အပူကြောင့်သတိလစ်ခြင်း၊ အပူကြောင့် မူးဝေခြင်း၊ အပူကြောင့် ခံစားရတဲ့ လက္ခဏာတော်တော်များများကို ကာကွယ်နိုင်မယ်။

Voice : ဟုတ်ကဲ့။ တခြားဘယ်လိုကာကွယ်ရေးနည်းလမ်းတွေကို ပြုလုပ်ပေးလို့ရပါသလဲ။
Dr.MAKN : ကာကွယ်ရေးအပိုင်းမှာလည်း နေပူထဲမှာ သွားလာလှုပ်ရှားတဲ့သူတွေအနေနဲ့က ထီး၊ ဦးထုပ်ကို သုံးပြီး သွားသင့်တယ်။ အဝတ်အစားဆိုလည်း ဖြူဖြူ၊ ပါးပါး၊ ပွပွတွေကို ဝတ်ရမယ်။ ဓာတ်ဆားရည် သောက်ရမယ်။ ဓာတ်ဆားအလွယ်တကူမဝယ်ဖြစ်ရင် ရေပိုသောက်ရပါမယ်။ နောက်ပြီး ကိုယ်စားသောက်တဲ့ အစားအသောက်ထဲမှာ ဆားပိုထည့်ရမယ်။ သွေးတိုးရှိတဲ့သူတွေကိုတောင်မှ ဆရာတို့ပြောတာက ချွေးထွက်များပြီး ချွေးထဲမှာ ဓာတ်ဆားတွေပါသွားရင် အငန်ပြန်ဖြည့်စားပေးဖို့ပါ။ နားလည်လွယ်အောင်ပြောရရင် ဝမ်းလျှောတဲ့သူတွေက သူတို့မှာသွေးတိုး ရှိရှိ၊ မရှိရှိ ဓာတ်ဆားရည်သောက်ပြီးတော့ ဝမ်းသွားတဲ့အထဲမှာပါသွားတဲ့ ရေဓာတ်နဲ့ဆားဓာတ်ကို ပြန်ဖြည့်ပေးရတယ်။ သွေးတိုးအတွက် သွေးတိုးကျဆေးနဲ့ သတ်သတ်ထိန်းတယ်။ ခန္ဓာကိုယ်ထဲက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဆားဓာတ်ကိုတော့ အစားအသောက်နဲ့ ပြန်ဖြည့်ပေးရမယ်။ ဒါကြောင့် သွေးတိုးရှိတဲ့သူတွေအနေနဲ့ ချွေးထွက်များလို့ရှိရင် ဓာတ်ဆားရည်သောက်တာ၊ အငန်စားပေးတာကို မကြောက်ရွံ့ဘဲနဲ့ ပြန်ဖြည့်ပေးသင့်တယ်။ ဓာတ်ဆားအစား သောက်ပေးရတဲ့အခါ ဆားစားပွဲတင်ဇွန်းတစ်ဇွန်းကို ရေ ၁ လီတာနဲ့ ဖျော်သောက်ပေးလို့ရပါတယ်။ သွေးတိုး ရှိရှိ၊ မရှိရှိ နေ့စဉ်လိုအပ်တဲ့ ဆားပမာဏ စားပေးဖို့လိုတယ်။ ဒါကြောင့် သွေးတိုးရှိတဲ့သူတွေကို အပေါ့မစားခိုင်းဘူး။ နေ့စဉ်လိုအပ်တာကိုပဲစားခိုင်းပြီးတော့ အငန်လွန်ကဲတာတွေကို ရှောင်ခိုင်းတယ်။ မိတ်ထွက်တဲ့သူတွေကတော့ ယားယံတာ၊ အိပ်ရေးပျက်တဲ့အထိဖြစ်တယ်။ အဲဒီအခါ ကိုယ့်ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ချပေးရမယ်။ ရေပတ်တိုက်ပေးတာတွေ လုပ်ပေးလို့ရတယ်။ သနပ်ခါးတို့၊ ကရက်မက်တို့ စတဲ့ အရေပြားအေးတာတွေ လိမ်းပေးလို့ရတယ်။ အဓိကတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင် အပူချိန်မမြင့်တော့ဘူးဆိုရင် ဒါတွေက ပြန်ပျောက်သွားလိမ့်မယ်။ ဒါကတော့ အသက်အန္တရာယ်မရှိပေမယ့် နေထိုင်ရခက်တာတစ်ခုဖြစ်တယ်။

Voice : ရေသောက်တဲ့နေရာမှာ ရေခဲရေကို သောက်မယ်ဆိုရင်ရော အန္တရာယ်ရှိနိုင်ပါသလား။
Dr.MAKN : သိပ်မအေးတဲ့ ရေပဲဆိုပါစို့၊ ရာသီဥတုပူတော့ ရေခဲရေ သောက်ချင်တယ်လေ။ ဆရာ့အမြင်ကတော့ ရေခဲရေက များများသောက်လို့ မရဘူး။ နည်းနည်းသောက်လိုက်တာနဲ့ အာသာပြေသွားတော့ ရေခဲရေ တစ်ပုလင်းလုံးကုန်အောင် သောက်ဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ ဒီတော့ လုံလောက်တဲ့ ရေပမာဏ ခန္ဓာကိုယ်ထဲကို မရောက်တော့ဘူး။ ရေခဲရေလည်း နည်းနည်းသောက်ပါ၊ ရိုးရိုးရေလည်း ပိုသောက်ပါ။ ခန္ဓာကိုယ်ထဲ ရေပမာဏများများ ဝင်သွားဖို့က အဓိကပါပဲ။ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ရေလိုအပ်ချက်ကို ပုံမှန်ချိန်မှာ တစ်နေ့ ၂ လီတာသတ်မှတ်ထားပေမယ့် အခုလို ရာသီဥတုမှာဆိုရင်တော့ ၄ လီတာ လောက်အထိ အနည်းဆုံးဖြည့်တင်းပေးဖို့လိုအပ်တယ်။ ရေပဲဖြည့်ပြီး ဓာတ်ဆားဓာတ်ကို မဖြည့်ပေးရင် ထိခိုက်နိုင်တယ်။ ဓာတ်ဆားရည်နဲ့လည်း အလှမ်းဝေးတဲ့သူဆိုရင် ကိုယ်စားသောက်နေတဲ့ ဟင်းထဲမှာ ဆားခပ်လေးလေးထည့်ပြီး စားပေးသင့်တယ်လို့ အကြံပြုပေးထားပါတယ်။

Voice : ဆရာ့အနေနဲ့ အခုလို ရာသီဥတုပူပြင်းတဲ့အချိန်မှာ လူထုအတွက် သတိပေးဖြည့်စွက်စကားလေး ပြောကြားပေးပါဦး။
Dr.MAKN : နေသိပ်ပူတဲ့အချိန် တတ်နိုင်ရင် အရိပ်ထဲမှာပဲ အလုပ်လုပ်သင့်တယ်။ မဖြစ်မနေ နေပူထဲထွက်ရင် ဖြူဖြူ၊ ပါးပါးနဲ့ ပွတာတွေဝတ်ပါ။ ထီးဆောင်းပြီးမှ အပြင်ထွက်သင့်တယ်။ ထီးဆောင်းပြီးထွက်တဲ့အခါမှာ ပူလို့ချွေးထွက်တဲ့အခါ ရေဓာတ်၊ ဆားဓာတ် ဆုံးရှုံးတာအပြင် ခရမ်းလွန်ရောင်ခြည် အရေပြားကို ထိတွေ့ရင် အရေပြားကင်ဆာတွေ နောက်ပိုင်းမှာ ဖြစ်နိုင်ခြေရှိတယ်။

Voice : ဟုတ်ကဲ့။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ