News

POST TYPE

INTERVIEW

ထက်ထက်ထွန်းနဲ့ တွေ့ဆုံခြင်း
22-Apr-2019


“ကိုယ်က အောင်ခန့်ရဲ့ တိတ်တိတ်ပုန်း Fan ပေါ့နော်” 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင် ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ် (၃) ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထက်ထက်ထွန်းကို ရွေးကောက်ပွဲအတွေ့အကြုံနဲ့ ရှုံးနိမ့်ခဲ့ရတဲ့အပေါ် စိတ်ခံစားချက်တွေကို The Voice က အခုလို မေးမြန်းထားပါတယ်။ 

Voice : ပြီးသွားတဲ့ စည်ပင်ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်ခဲ့တယ်။ ကိုယ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်မှာရှုံးနိမ့်ခဲ့ရတဲ့ အပေါ်မှာရော လက်ရှိမှာဘယ်လိုစိတ်ခံစားချက်ဖြစ်မိနေလဲ။
HHT : စိတ်မကောင်းဘူး။ ကိုယ်မပါရင် အောင်ခန့်ပါစေချင်တာ။ ကိုယ်က အောင်ခန့်ရဲ့ တိတ်တိတ်ပုန်း Fan ပေါ့နော်။ လူငယ်ချင်းဆိုတော့လေ။ အစကတည်းက မဲဆန္ဒနယ်ချင်း မတူရင်ကောင်းမယ်ပေါ့နော်။ သူလည်း တခြားမဲဆန္ဒနယ်မှာ လူငယ်တွေတက်လာပြီးရင် အပေါ်မှာ ကော်မတီဝင် ခြောက်ယောက်ထဲမှာ လူငယ်တွေ ပါဝင်လာရင် ပိုပြီးတော့ အားရှိမယ်လို့တွေးမိတယ်။ ဒါပေမဲ့ မဲဆန္ဒနယ်တူပြီးပြိုင်ရတော့ ကိုယ်အနိုင်ရချင်တာတော့ရှိပါတယ်။ ကိုယ်မရသွားရင်တော့ အောင်ခန့်ကို ရစေချင်တယ်။ 

Voice : ဘာလို့ ကိုအောင်ခန့်ကို အနိုင်ရစေချင်တာလဲ။
HHT : သူက အများပြည်သူရဲ့ ချစ်ခင်မှုကိုလည်း ရထားပြီးသား။ သူလုပ်နိုင်သည်၊ မလုပ်နိုင်သည်က နောက်ပေါ့နော်။ ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှုကို ရထားပြီးသားဖြစ်တဲ့အတွက် သူရဲ့ဦးဆောင်မှုတိုင်းကို ပြည်သူက လိုက်မှာပဲ။ အဓိက အဲဒါပဲ။ ထက် ဝင်ပြိုင်တယ်။ ယုံကြည်စွာနဲ့ ပြိုင်တယ်။ ကိုယ်လုပ်နိုင်သည် မလုပ်နိုင်သည်က ကိုယ့်အပိုင်း ကိုယ့်ကိုချစ်တဲ့ ပြည်သူတွေရှိရင် ပြည်သူတွေနောက်က လိုက်ပါလာမယ်။ 

Voice : ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်လာမှုက ဘယ်လောက်ထိအရေးပါမယ်ထင်လဲ။ 
HHT : အဓိကပူးပေါင်းပါဝင်မှုကလည်း အရေးကြီးတယ်။ ရှေ့က ခေါင်းဆောင်က ဘယ်လောက်ကောင်းနေပါစေ။ ပြည်သူနဲ့ လိုက်မပူးပေါင်းဘူးဆိုရင် အလကားပဲ။ တစ်ယောက်တည်းနဲ့လည်း ဘယ်လိုမှ မလုပ်နိုင်ဘူး။ သူ့ဆိုလည်း နောက်ကအားပေးတော့ ပြောင်းလဲမှုတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်တယ်။ ထက်မရရင်တောင် သူ့ကိုရစေချင်တာ။ သူမရသွားတော့ မတတ်နိုင်ဘူး။ ကံပေါ့။

Voice : ပါတီခေါင်းစဉ်တစ်ခုအောက်ကနေဝင်ပြိုင်တာနဲ့ တစ်သီးပုဂ္ဂလဝင်ပြိုင်ရတာက ဘာကွာခြားချက်ရှိမလဲ။ တစ်ဖက်က အင်အားကြီးပါတီနဲ့ ယှဉ်ပြိုင်ရတော့ ထင်သလောက် ခရီးမရောက်ခဲ့တာလား။
HHT : စည်းလုံးခြင်းသည်အင်အားဆိုတဲ့အတိုင်းပေါ့နော်။ အဓိက အားကွာတယ်။ NLD ဆိုတဲ့ လိုဂိုတစ်ခု ပြည်သူတွေက ယုံကြည်ပြီးသားဖြစ်လို့ အဲဒီအောက်ကလူ ကောင်းသည်၊ ဆိုးသည်၊ ဘာဖြစ်သည်၊ ညာဖြစ်သည်၊ ဘာဘွဲ့ရရ ဘာပဲဖြစ်ဖြစ်ပေါ၊့ ဘာမှ မကြည့်တော့ဘူး။ ဒီလိုဂိုကိုပေးလိုက်တာ။ တချို့ဆိုရင် အမေစုကို ပေးခဲ့တယ်လို့တောင် ပြောတယ်။ အမေစုပြိုင်နေတယ်ထင်ပြီး ပေးတဲ့သူလည်းရှိတယ်။ အမေစုနဲ့တော့ ထက်တို့ ဘယ်လိုမှမယှဉ်နိုင်ဘူး။ အမေစုနဲ့ ပြိုင်ရင်တော့ရှုံးပြီပေါ့။ ထက်တို့မှာ ပြည်သူချစ်ခင်မှုလည်း မရသေးဘူး။ အတွေ့အကြုံလည်း မရှိသေးဘူးဆိုတော့ အဲလိုအတွေးနဲ့ ထည့်ကြတဲ့သူတွေများတယ်။ ရှုံးတာသေချာတယ်။ NLD ကလည်း ရှေ့မှာ ယုံကြည်မှုတွေ တည်ဆောက်ထားတာ အများကြီးရှိတဲ့အတွက် ဒါက အဖွဲ့အစည်းရဲ့အင်အားပါ။ တစ်သီးပုဂ္ဂလအနေနဲ့ ဘယ်လိုမှမယှဉ်နိုင်ပါဘူး။

ခင်ညိုညိုသိမ့်