News

POST TYPE

INTERVIEW

မြစ်ဆုံစီမံကိန်း လျော်ကြေးပေးရန် ကမ်ပိန်းပြုလုပ်မှုအပေါ် အမြင်များ
22-Apr-2019
ဧရာဝတီမြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းရေးအတွက် မြန်မာပြည်သူများ၏ လျော်ကြေးပေးမှုကို လက်ခံပေးရန် တရုတ်သမ္မတကြီး ရှီကျင့်ဖျင်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်မှုအပေါ် အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။ (ခင်မြတ်မြတ်ဝေ၊ ပွင့်ဇင်မော်ဟိန်း)

Daw Nyo Nyo Thinn

ဒေါ်ညိုညိုသင်း (ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ)

မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးက ပြည်သူအားလုံးရဲ့ မျှော်လင့်ချက်ပဲဖြစ်တယ်။ ဒီလိုဖျက်သိမ်းဖို့ကို ဒေသခံအသီးသီးနဲ့ ပညာရှင်အသီးသီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ လှုပ်ရှားလာခဲ့ကြတာဖြစ်တယ်။ မနေ့က နိုဗိုတိုဟိုတယ်မှာ လုပ်တဲ့ပွဲကဆိုရင် လွတ်လပ်တဲ့ စာပေပညာရှင်တွေ၊ လွတ်လပ်တဲ့အနုပညာရှင်တွေက သူတို့ရဲ့လုပ်ဆောင်မယ့်နည်းလမ်းကို မိတ်ဆက်တဲ့ ပွဲပဲဖြစ်တယ်။ ဧရာဝတီကိုပြန်ရွေးမယ်ဆိုတဲ့ အဲဒီအစီအစဉ်က မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအတွက် နည်းလမ်းများစွာရှိတဲ့အထဲက တစ်ခုပဲဖြစ်တယ်။ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ ပြည်သူတွေက ကြိုက်နှစ်သက်ရာအစီအစဉ်မှာ ပါဝင်နိုင်တယ်။ တချို့လူငယ်တွေမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူ အစိုးရအဆက်ဆက်က လုပ်ဆောင်ခဲ့တဲ့တာဝန်ကို ပြည်သူက ထမ်းဆောင်စရာမလိုဘူး။ အစိုးရအဆက်ဆက် ခြစားခဲ့တာကို ပြည်သူလူထုက တာဝန်ယူပေးရတာ တရားမျှတမှုကို ချိုးဖောက်ရာကြတယ်လို့ လူငယ်တွေမှာ အမြင်တွေရှိတာ တွေ့ရတယ်။ ဘယ်လိုပဲကွဲပြားကြပါစေ ဒါက နည်းလမ်းအားဖြင့်ကွဲပြားကြတာပဲ။ ရည်ရွယ်ချက်ကတော့ တူတယ်။ အဓိကကတော့ မြစ်ဆုံစီမံကိန်းကြီး အပြီးတိုင် ရပ်ဆိုင်းသွားဖို့ပဲ။ တစ်ဖက်နဲ့တစ်ဖက် အငြင်းမပွားကြဘဲ၊ အပြစ်တွေမတင်ကြဘဲ တစ်ဦးရဲ့နည်းလမ်းကို တစ်ဦးက လေးစားပြီး အားသန်ရာဖြစ်တဲ့နည်းလမ်းကို တင်ပြသွားတာပဲဖြစ်တယ်။ လူငယ်တွေမှာ တွေးကြတာရှိတယ်၊ မြစ်ဆုံစီမံကိန်းအတွက် တရုတ်အစိုးရကို မြေ၊ သတ္တု၊ ရွှေ စတဲ့ အရင်းအမြစ် နှစ်ဘီလီယံခွဲလောက် ခွဲပေးလိုက်ရတာရှိတယ်။ မြစ်ဆုံစီမံကိန်းအတွက် သူတို့ကို လျော်စရာမလိုဘူး။ သူတို့ဆီကတောင် ပြန်တောင်းရမှာဆိုတဲ့ ယူဆချက်တွေလည်းရှိတယ်။ တချို့ကတော့ အစိုးရကို အကျပ်မရိုက်ချင်ဘူး။ ဆန္ဒမဖော် ထုတ်ချင်တဲ့ ပြည်သူတွေကလည်း ဒီ One Dollar Campaign ကို ထောက်ခံကြတဲ့သူတွေရှိတယ်။ ဒါကလည်း အစိုးရက လျော်ကြေးပေးမယ်ဆိုမှသာ လုပ်ရမယ့်နည်းလမ်းဖြစ်တယ်။ အစိုးရက ဒီနည်းလမ်းမရွေးဘဲ ထည့်ကြထည့်ကြဆိုပြီးတော့လည်း ပြောနေတာတော့ မဟုတ်ဘူးပေါ့။ တရုတ်အစိုးရကို ပြန်ပေးစရာ မလိုဘူးဆိုတဲ့သူတွေကလည်း သူ့နည်းလမ်းနဲ့သူ လူထုတိုက်ပွဲတွေမှာ ပူးပေါင်းချင်လည်းရတယ်။ One Dollar Campaign မှာ ပါရင်လည်းရတယ်။ အားလုံးက မတူညီတဲ့ယူဆချက်တွေနဲ့ အားသန်ရာ ကိုင်ဆွဲကြတာဖြစ်တယ်။ မနေ့က နိုဗိုတယ်မှာလုပ်တဲ့ပွဲ၊ နာရေးကူညီမှုအသင်းမှာလုပ်သွားတဲ့ပွဲ၊ မြို့တော်ခန်းမရှေ့မှာ လုပ်တဲ့ ဆန္ဒပြပွဲ၊ ပြည်ပမှာလုပ်တဲ့ပွဲ ဒါတွေအားလုံးက တရုတ်နိုင်ငံကိုသွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းစကားပါးတာဖြစ်တယ်။ မြစ်ဆုံကိုထိရင် နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေ၊ ဧရာဝတီကို ချစ်တဲ့သူတွေက မခံဘူးဆိုတာပဲ။ သတင်းစကား ပေးရုံမကဘူး အဖြေကိုပါပေးထားတာ။ အစိုးရကို အကျပမတွေ့စေတဲ့နည်းလမ်းတွေ တင်ပြထားတာ၊ လျော်ကြေးကိုတောင်မှ ပေးလိုက်သေးတယ်။ အားလုံးရဲ့ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပဲ။ တရုတ်နိုင်ငံမသွားခင် ပြည်တွင်းမှာ ဒီလိုဖိအားတွေရှိတယ်ဆို ပြသတာဖြစ်တယ်။ သူတစ်ဦးတည်းနဲ့ ဧရာဝတီရဲ့နောင်ရေးကို မဆုံးဖြတ်သင့်ဘူး။ အခုလောက်ဆိုရင်တောင် တရုတ်နိုင်ငံမသွားခင် မြစ်ဆုံအရေးနဲ့ပတ်သက်လို့ သင့်တော်မှန်ကန်တဲ့ဆုံးဖြတ်ချက် ချသွားနိုင်မယ်လို့လည်း ယုံကြည်တယ်။



တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် (ဥပဒေအကြံပေး)

မြစ်ဆုံစီမံကိန်းအတွက် လျော်ကြေးပေးပြီး ပြန်ရွေးမယ့်ကိစ္စအပိုင်းက နှစ်ပိုင်းရှိတယ်။ တစ်ခုက ဒီပွဲကို လုပ်တဲ့ ကိုတာတို့၊ ဦးထွန်းလွင်တို့အနေနဲ့ ဆောင်ရွက်ပိုင်ခွင့် ရှိ ၊ မရှိ။ တရုတ်ပြည်သူ့သမ္မတထံ အိတ်ဖွင့်စာက ပြည်သူ့ကိုယ်စား ပေးပိုင်ခွင့်မှမရှိတာ။ ဥပဒေအရ လုပ်ပိုင်ခွင့်မရှိဘူး။ စေတနာအရဆောင်ရွက်တာ ဖြစ်ကောင်းဖြစ်မယ်။ ဒီစီမံကိန်းက တပ်မတော်အစိုးရ လက်ထက်က လုပ်ခဲ့တာ။ ပြည်သူရွေးချယ်တဲ့အစိုးရ ဖြစ်လာတဲ့အချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၄၅၆ အရ ဖွဲ့စည်းပုံမပေါ်ခင်က ချုပ်ဆိုခဲ့တဲ့ နိုင်ငံတော်အဆင့်စာချုပ်တွေ၊ သဘောတူညီချက်တွေကို ဆက်ခံပြီး လုပ်ရမယ်ဆိုတာမပါဘူး။ ယခင်စာချုပ်တွေကိုစိစစ်ပြီး မျှတတဲ့စည်းကမ်း၊ အခွင့်အရေးတွေ တာဝန်တွေ၊ မြန်မာနိုင်ငံဥပဒေနဲ့ ညီညွတ်မှုရှိ မရှိ၊ ပြည်သူ့ ရေရှည်အကျိုးစီးပွားရေးတွေ မျှတတဲ့တာဝန် ပေါ်ပေါက်မှ လက်ရှိအစိုးရက တာဝန်ယူရမယ်ဆိုတာပါတယ်။ ဒီအချက်ကြောင့် ဦးသိန်းစိန် အစိုးရလက်ထက်က ရပ်ဆိုင်းထားခဲ့ပြီး ကော်မရှင်တစ်ရပ် ဖွဲ့လိုက်တာပါ။ NLD အစိုးရကလည်း ရပ်ဆိုင်းထားတယ်။ ပြည်ထောင်စု အဆင့်စီမံကိန်းကို အစိုးရကဖွဲ့စည်းထားတဲ့ အဖွဲ့လည်း မဟုတ်၊ ပြည်သူကရွေးချယ်ထားတဲ့အဖွဲ့အစည်းလည်း မဟုတ်ဘဲ သဘောတူတဲ့သူတွေစုထားတဲ့ လူစုလူဝေး ကလုပ်တဲ့ကမ်ပိန်းပါ။ မြစ်ဆုံနဲ့ပတ်သက်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လည်းရှိတယ်။ ပြည်သူ့အပေါ် စည်းရုံးခွင့်လည်းရှိတယ်။ ဒါပေမဲ့ မိမိလုပ်ပိုင်ခွင့်ထက် ကျော်ပြီး အစိုးရကလုပ်ရမယ့်ဟာကို တရုတ်သမ္မတကြီး ရှီကျင့်ဖျင်ထံ အိတ်ဖွင့်စာပေးပို့တာ ဥပဒေနဲ့မညီဘူး။ ကာဒီနယ်ချားလ်စ်ဘို ပေးတဲ့အိတ်ဖွင့်စာက ဒီ စီမံကိန်းကို အပြီးရုပ်သိမ်းပေးရန် မေတ္တာရပ်ခံတဲ့စာ ဖြစ်တယ်။ ထမ်းဆောင်ရမယ့် တာဝန်တွေမပါဘူး။ ဒါက ပြဿနာမရှိသေးဘူး။ အခုကမ်ပိန်းက ပြည်သူက အပ်နှင်းထားတာလည်း မဟုတ်ဘူး။ အစိုးရက တာဝန်ပေးထားတာလည်း မဟုတ်ဘူး။ နိုဗိုတယ်မှာလုပ်တဲ့ပွဲမှာ ဘာမှ ကြိုတင် ညှိနှိုင်းမှုမရှိဘဲ ပြည်သူတစ်ဦးချင်းက တစ်ဒေါ်လာ ၁၀ ခါထည့်ရင် ၁၀ ဒေါ်လာပေးပြီး ပြန်ရွေးမယ်ဆိုတာ ဥပဒေနဲ့မညီဘူး။ နိုင်ငံတကာဥပဒေနဲ့လည်း မညီဘူး။ ဒီစာချုပ်ချုပ်ဆိုတုန်းက ဒေါ်လာသန်းချီ ပေးပြီးချုပ်ဆိုထားတာကို တရုတ်အစိုးရဘက်က ဝန်ခံထားတယ်။ လာဘ်ထိုးပြီးချုပ်ဆိုထားရင် ဥပဒေအရ ဖျက်သိမ်းလို့ရတယ်။ တစ်ဖက်သတ် ဖျက်သိမ်းလို့ရတယ်။ နိုင်ငံတော်အဆင့်စာချုပ်တွေမှာ (မမျှော်မှန်းနိုင်သော အခြေအနေ) ပေါ်ပေါက်ခဲ့လျှင်ဆိုတာပါတယ်။ အခြေအနေဆိုတာက စီမံကိန်းဆောင်ရွက်တဲ့နေရာမှာ စစ်ဖြစ်ပွားတာ၊ ရောဂါကပ်ဆိုက်တာ၊ သဘာဝအန္တရာယ်ကျရောက်တာ၊ အစိုးရမူဝါဒပြောင်းလဲပြီး ဆက်လက်မဆောင်ရွက်နိုင်ရင် ဖျက်သိမ်းခွင့်ရှိတယ်။ အဲဒီလို ဖျက်သိမ်းခဲ့ရင် လျော်ကြေးတစ်စုံတစ်ရာမှ ပေးစရာမလိုဘူး။ မြစ်ဆုံစာချုပ်မှာ ဒီအချက်မပါဘူးဆိုရင် နိုင်ငံတကာစာချုပ်နဲ့မညီတဲ့အတွက် ဖျက်သိမ်း လို့ရပါတယ်။ တစ်ဖက်သတ် ဖျက်သိမ်းခွင့်ရှိတယ်။ စေတနာနဲ့ဆန္ဒစောပြီးဆောင်ရွက်တဲ့ ဒီပုဂ္ဂိုလ်တွေက ဥပဒေနဲ့မညီဘူး။ ဆောင်ရွက်ခွင့်လည်းမရှိဘူး။ ဥပဒေအရ ဆိုရင် အစိုးရကပြန်တရားစွဲလို့ရတယ်။ ပြည်ထောင်စု အဆင့်စီမံကိန်းတွေကို သမ္မတက လုပ်ချင်ရင်တောင် ပြည်သူ့လွှတ်တော်ကိုတင်ပြပြီးလုပ်ရမှာ။ အစိုးရအနေနဲ့ ဒီအဖွဲ့ကို ဘာကြောင့် ဒီလိုလုပ်တာလဲ ခွင့်ပြုချက် မရှိဘဲလုပ်တာကို ဥပဒေအရ မေးမြန်းသင့်တယ်။



မုံရွာအောင်ရှင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီတာဝန်ခံ)

မြစ်ဆုံကိုပြန်ရွေးဖို့ ပြည်သူတွေဆီက တစ်ဒေါ်လာ ကောက်မယ်ဆိုတာက ဒီဟာက ရယ်စရာကောင်းတယ်။ ဒါက ပြည်သူတွေက ဆုံးဖြတ်ရမှာ။ ခုက လူတစ်စုက ကမ်ပိန်းလုပ်ပြီး ဆုံးဖြတ်နေတယ်။ ပြည်သူကိုယ်စားပြု လုပ်တာမဟုတ်ဘူး။ ကမ်ပိန်းလုပ်တဲ့ပုဂ္ဂိုလ်တွေ စဉ်းစားဖို့ကောင်းတယ်။ မြစ်ဆုံက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ စီးပွားရေးပြဿနာလည်းဖြစ်တယ်။ သံတမန်ရေးအရ လုပ်ရမှာလည်းဖြစ်တယ်။ ဒါကို ပြည်သူတွေဆီက တစ်ဒေါ်လာကောက်ပြီး ပြန်ရွေးမယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်လုပ်နေတာကတော့ ရယ်စရာ ကောင်းတယ်။ သူတို့ အခုလိုလုပ်တာ ဥပဒေနဲ့ ညီ မညီ ဆိုတာတော့ မပြောချင်ဘူး။



  • VIA