News

POST TYPE

INTERVIEW

ဆရာများ၏ရင်ဖွင့်သံ (စာစစ်တာဝန်၊ သွားလာ၊ နေထိုင်၊ စားသောက်ရေး)
04-Apr-2019
ဆယ်တန်းစာမေးပွဲပြီးနောက် ယခုအချိန် အဖြေလွှာများစစ်ဆေးရန် ဆရာ၊ ဆရာမများ တာဝန်ကျနေရာ အသီးသီးသို့ သွားရောက်ကြ၊ စစ်ဆေးနေကြပြီဖြစ်သည်။ ထိုကာလအတွင်း ဆရာ၊ ဆရာမများ၏ သွားလာ၊ နေထိုင်၊ စားသောက်ရေး အခက်အခဲများနှင့်ပတ်သက်၍ တွေ့ကြုံရသည်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။


ဓာတ်ပုံ - SPK

“တစ်သိန်းခွဲလောက်ကုန်တာဆိုတော့ သွားစစ်ရင် အိတ်စိုက်ကများတယ်”
ဦးဆန်းမျိုးအောင် (အ.ထ.က ၇၊ ကလေးမြို့)

စာစစ်သွားရင် စသွားသွားချင်း ကားလက်မှတ် ဖြတ်တာကအစ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သွားရတာ။ ဒီနှစ်က တော်သေးတယ်။ လစာထုတ်ပြီး သွားရလို့။ သွားရေးလာရေးမှာတော့ ဘယ်လိုအခက်အခဲတွေ ကြုံရလဲဆို အသွားအပြန်လက်မှတ်ဖိုးက စာစစ်က ပြန်လာမှ ပညာရေးမှူးဆီမှာ တင်ရတယ်။ ဒီလိုပြန်တင်ရင်လည်း ကိုယ့်ပိုက်ဆံပြန်ရဖို့က တော်တော်ကြာ စောင့်ရတာမျိုးတွေရှိတယ်။ နောက် ဒီနှစ်မှာ ကျွန်တော် သတိထားမိတာ ပင်စင်ရခါနီး ဆရာတစ်ယောက်တောင် စာစစ်အဖွဲ့ထဲပါနေတာ တွေ့တယ်။ အဲဒီ့ဆရာဆို လာမယ့် ၂၀၁၉ နိုဝင်ဘာဆို ပင်စင်ယူရတော့မှာကို ဘာလို့စာစစ်အဖွဲ့ထဲပါလဲ မသိဘူး။ တချို့လည်း တွေ့ဖူးတယ်။ တချို့ဆို ကျန်းမာရေးမကောင်းတဲ့သူတွေပါ ပါလာတယ်။ လေဖြတ်ထားပြီး ပြန်ကောင်းတာ မကြာသေးတဲ့သူတွေကိုလည်း စာစစ်ထဲပါနေတာတွေ့တော့ ကျွန်တော့်အနေနဲ့ စာစစ်ခေါ်တဲ့အခါ သေချာစိစစ်ပြီး ခေါ်စေချင်တယ်။ 

နောက်တစ်ချက်က နေရေးထိုင်ရေးအပိုင်းမှာ ဘယ်လိုအခက်အခဲတွေကြုံရလဲဆို စာစစ်သွားတဲ့လူ အရမ်းများတဲ့အတွက် အပြင်ဆောင်ကို ကြိုပြီး Booking လုပ်ရတယ်။ ကျွန်တော်တို့တွေက အပြင်ဆောင်နေတယ်။ အပြင်ဆောင်က တစ်ရက်ကို ၁၅၀၀ ပေးရတယ်။ အပြင်ဆောင်က မိန်းကလေးတွေတော့ မသိဘူး။ ကျွန်တော်တို့ ယောကျာ်းလေးတွေဆို အခန်းတစ်ခန်းကို သုံးယောက်လောက် ပေါင်းနေရတယ်။ အဲဒီအတွက် ခြင်ထောင်တို့၊ ခေါင်းအုံး စတဲ့ အသုံးအဆောင် ပစ္စည်းတွေကအစ အိမ်ကသယ်လာရတယ်။ သိတဲ့အတိုင်း မုံရွာဆိုတာက ခြင်မြို့တော်လိုဖြစ်တော့ အိမ်ကနေ ခြင်ထောင်ကတော့ မယူမဖြစ် ယူလာရတယ်။ နောက်ပြီး သွားရေးလာရေးက နီးတဲ့သူတွေက ဆိုင်ကယ်တွေယူ လာကျပြီး တစ်စီးတည်းကို ပေါင်းစီးကျပေမယ့် တချို့ဒေသကနေ လာရတဲ့ ဝေးတဲ့ဆရာ၊ ဆရာမတွေကျ ဆိုင်ကယ်မပါတော့ သွားလာရခက်တဲ့အတွက် သုံးဘီးကိုလူစုပြီး စင်းလုံးငှားစီးရတာမျိုးတွေရှိတော့ သုံးဘီးခတွေ၊ အခန်းခတွေလည်းကုန်တယ်။ အဆောင်မှာနေတဲ့အခါ လူအရမ်းများတဲ့အတွက် ရေချိုးတဲ့အခါ လုချိုးရတာမျိုးတွေလည်း ရှိတယ်။ တစ်ခါတလေ ရေချိုးရင်းနဲ့ ရေပြတ်သွားလို့ ဒုက္ခရောက်တဲ့ အခေါက်တွေလည်း ကြုံဖူးတယ်။ 

စာစစ်ထဲပါရင် ထောက်ပံ့တာက တစ်ရက်ကို သုံးထောင်၊ ဆယ်ရက်ဆိုတော့ သုံးသောင်း။ နောက် ခရီးစရိတ်က အသွားတစ်သောင်းခွဲ၊ အပြန်တစ်သောင်းခွဲဆိုတော့ သုံးသောင်းရတယ်။ နောက် စာစစ်ခရတယ် ဆိုပေမယ့် စာတစ်ခါသွားစစ်ရင် တစ်သိန်း၊ တစ်သိန်းခွဲလောက် ကုန်တာဆိုတော့ သွားစစ်ရင် အိတ်စိုက်က များတယ်။ စာစစ်တဲ့အခါ ကျွန်တော်ယူထားတဲ့ ဘာသာက ဘိုင်အို (ဇီဝဗေဒ) ဆိုတော့ သူများတွေ ဆယ်ရက်နဲ့ ပြီးလည်း ကျွန်တော်တို့က ဆယ့်တစ်ရက်နေ့လောက်အထိ ရောက်သွားတာမျိုးဆိုတော့ ကားလက်မှတ်ဖြတ်တဲ့အခါလည်း ကြိုတွက်ပြီးဖြတ်ရတယ်။ ဆယ့်တစ်ရက်မြောက်နေ့ မနက်ပိုင်းကားဖြတ်လို့မရဘူး။ 


ဓာတ်ပုံ - AKT

“နိုင်ငံတော်အဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုတွေကျတော့ နည်းပါးလှပါတယ်”
ဦးအောင်ကျော်သူ (အလယ်တန်းကျောင်းအုပ်၊ အ.လ.က ရစ်ကန်ဘူတာ)

တက္ကသိုလ်ဝင်စာမေးပွဲဆိုတာ နိုင်ငံတော်အဆင့် စာမေးပွဲကြီးတစ်ခုပါ။ ဒီစာမေးပွဲကနေ အနာဂတ်အတွက်၊ နိုင်ငံတော်အတွက် အရည်အချင်းရှိတဲ့ ဆရာဝန်လောင်း၊ အင်ဂျင်နီယာလောင်း၊ ဆရာ၊ ဆရာမလောင်း၊ ဝန်ထမ်းလောင်း၊ ပညာရှင်လောင်းတွေ မွေးဖွားဆုံးဖြတ်ပေးခြင်းပါ။ ဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုကြတဲ့ ကလေးတွေကို အကဲဖြတ် ဆုံးဖြတ်ပေး စစ်ဆေးတိုင်းတာပေးမယ့် ဒိုင်လူကြီး၊ အကဲဖြတ်ဒိုင်များကတော့ ဘာသာရပ်အလိုက် အဖြေလွှာများကို စစ်ဆေးကြမယ့် စာစစ်သူ ဆရာ၊ ဆရာမများပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘာသာရပ်အလိုက် စာစစ်သူများက ပညာရှင်များ အဆုံးအဖြတ်ပေးသူများ ခုံသမာဓိလူကြီး မင်းများသာ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတော်အဆင့် ခုံသမာဓိလူကြီးမင်းများကို ရွေးချယ်ရာမှာတော့ စာစစ်ဦးစီးဌာန အဆင့်မြင့်ပညာဦးစီးဌာန အခြေခံပညာဦးစီးဌာန ဌာန ၃ ခုရဲ့ အစီအစဉ်အောက်မှာ ဆောင်ရွက်ကြတယ်ထင်မိပါတယ်။

စာစစ်သူများက နိုင်ငံတော်အဆင့် စစ်ဆေးခြင်းဖြစ်လို့ အတော်တာဝန်ကြီးလေးပါတယ်။ စာမေးပွဲကိစ္စက လျှို့ဝှက်အရေးကြီးကိစ္စမို့ တစ်စုံတစ်ရာ မပေါက်ကြားရေး အထူးသတိထားရပါတယ်။ ဝန်ခံချက်အတန်တန်ရေး၊ လက်မှတ်တွေထိုး၊ လုံခြုံရေးအတွက် အပြင်လူမဝင်ရ၊ သော့တွေခတ် ထောင်ကျသူတွေသဖွယ် စစ်ဆေးရေးတာဝန်ထမ်းဆောင်ကြရပါတယ်။ သို့သော် နိုင်ငံတော်အဆင့် စာစစ်သူဆရာ၊ ဆရာမတွေအတွက် နိုင်ငံတော်အဆင့် တာဝန်ခံမှု၊ တာဝန်ယူမှုတွေကျတော့ နည်းပါးလှပါတယ်။

သွားလာရေးမှာ မိမိအစီအစဉ်နဲ့ မိမိလာရောက် ရပါတယ်။ ကြိုသူမရှိ နေရာချသူမရှိ မိမိဘာသာ စုံစမ်းမေးမြန်းကြရပါတယ်။ ပြန်တဲ့အခါ မိမိဘာသာ မိမိအစီအစဉ်နဲ့ပြန်ကြရပါတယ်။ သြင်္ကန်နီးရက်တွေမို့ ကားလက်မှတ်၊ ရထားလက်မှတ် အခက်အခဲတွေကြောင့် အချို့သူတွေ အကုန်အကျခံ ကားစုငှား အခက်အခဲတွေနဲ့ပါ။ ရထားလက်မှတ်၊ ကားလက်မှတ် တာဝန်ယူ စီစဉ်ပေးသင့်ပါတယ်။ 

နေထိုင်ရေးမှာတော့ တက္ကသိုလ်အဆောင်တွေ သတ်မှတ်ပေးထားပြီး အချို့ဆို ခန်းမကျယ်ကြီးထဲ၊ အားကစားရုံကြီးတွေထဲ ပူပြင်းလှတဲ့နွေရာသီမှာ လူအများပြား စုပေါင်းနေထိုင်ရတတ်ပါတယ်။ ရေမလာ၊ မီးမလာတဲ့အခက်အခဲတွေ ကြုံရတတ်ပါတယ်။ အချို့ သမံတလင်းပေါ် ကြမ်းပြင်ပေါ် ကိုယ့်အိပ်ရာကိုယ်ခင်း ကိုယ့်ခြင်ထောင်ကိုယ်ထောင် ကိုယ့်အိမ်ထက် အနေဆင်းရဲစွာ နေထိုင်စစ်ဆေးကြရပါတယ်။ မကျန်းမာ နေထိုင်မကောင်းရင်တောင် စောင့်ပေးမယ့်သူမရှိ၊ အားပေးမယ့်သူမရှိ အားငယ်စွာ နေကြရပါတယ်။

စားသောက်ရေးမှာတော့ ကိုယ့်ဘာကိုယ် ဝယ်စားရပါတယ်။ နံနက်စာ၊ နေ့လယ်စာ၊ ညနေစာ မိမိအစီအစဉ်နဲ့ ဝယ်စားရပါတယ်။ ပါလာတဲ့ငွေလေးနဲ့ ချင့်ချိန်စွာ၊ ခြိုးခြံစွာ တိုင်းထွာဝယ်စားရပါတယ်။ တက္ကသိုလ်တွေပိတ်ချိန်မို့ Canteen မှာရှိတဲ့ ဆိုင်၊ မရှိ ရှိတဲ့ဆိုင် ရှာဖွေစားရပါတယ်။ ညနေစာက ပိုခက်ခဲတတ်ပါတယ်။ တကယ်တော့ စာစစ်ခ၊ အဖြေလွှာစစ်ခ မပေးရင်နေ Duty is Duty မို့ စစ်ကြရချိန်မှာ စာစစ်သူ ဆရာ၊ ဆရာမများ စားသောက်ရေးကို နိုင်ငံတော်အဆင့် တာဝန်ယူသင့်ပါတယ်။

နောက် ၁၀ ရက်နဲ့အပြီး စစ်ဆေးပြီးစီးရမယ် ဆိုတဲ့ အမိန့်ကြောင့် နံနက် ၈ နာရီကနေ ညနေ ၅ နာရီအထိ အချို့ ညဘက်ပါ တောက်လျှောက် မထစတမ်း၊ မနားစတမ်း အာရုံစိုက် စစ်ဆေးရတာကြောင့် စာစစ်သူ ဆရာ၊ ဆရာမတွေ ပင်ပန်းလွန်းလှပါတယ်။ ဒီကြားထဲ စာစစ်တဲ့ နီစိမ်းခရမ်း ဘောပင်တွေကိုတောင် ကိုယ့်ငွေနဲ့ ကိုယ်ဝယ်ရပါတယ်။ နောက်တစ်ခုက အသက်ကြီးသူ၊ ကျန်းမာရေးမကောင်းသူ၊ ကိုယ်ဝန်ရှိသူတွေကိုတောင် ရွေးချယ်စေလွှတ်ခံရတာမို့ ပူပြင်းလှတဲ့နွေနဲ့အတူ အာရုံစိုက်မှုတွေကြောင့် အချို့ကျန်းမာရေးချို့ယွင်း၊ အချို့ စာစစ်တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားကြတာတွေ နှစ်တိုင်းနီးပါး ဝမ်းနည်းစရာဖြစ်ရပ်တွေ ကြုံခဲ့ကြားရပါတယ်။

ဘယ်လိုပင်ရှိပါစေ တာဝန်ရှိသူတွေက ဘယ်လိုသွားလာနေကြလဲ၊ ဘယ်လိုစားသောက်နေကြလဲ ဆရာ၊ ဆရာမတို့ဆိုပြီး မေးမယ့်သူ၊ အားပေးမယ့်သူ မရှိ။ နိုင်ငံတော်အဆင့်စာမေးပွဲမို့ တစ်စုံတစ်ရာ မှားယွင်းလွဲမှားရင် နိုင်ငံတော်အဆင့် အရေးယူခံရဖွယ်သာရှိ၊ ကိုယ့်ကိုယ်ကိုယ်တောင် သနားမိတယ်။

နိုင်ငံတော်အဆင့် စာစစ်သူ ဆရာ၊ ဆရာမများ ခင်ဗျာ... စာစစ်တာနဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ မှတ်ချက်ပြုချင်တာကတော့ ယခုနှစ် ကျွန်တော် စာစစ် မပါပါ။ ရှေ့ ၈ နှစ်တာမျှ စာစစ်တာဝန် ဆက်တိုက်ထမ်းဆောင်ခဲ့ရတဲ့ ယခုနှစ် စာစစ်သူများထံကနေရရှိတဲ့ သတင်းအချက်အလက်တွေအရ အားလုံးကိုယ်စား ထောက်ပြပြီး တောင်းဆိုပေးခြင်းဖြစ်ပါတယ်။ 

ခိုင်ချယ်ရီထွန်း


  • VIA