News

POST TYPE

INTERVIEW

“ပွဲရက်နီးလာတဲ့တစ်လလောက်မှာ တစ်ညကို ၄ နာရီလောက်ပဲ အိပ်ရတော့တယ်”
12-Mar-2019



ပြည်တွင်း၌ နည်းပညာတီထွင်မှုများကို ကွန်ပျူတာတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှ ကျောင်းသားလူငယ်များက ကြိုးပမ်းဆောင်ရွက်နေကြသည်။ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသားလူငယ်များက ဒေသတွင်း ပြည်သူများအတွက် အသုံးဝင်မည့် မိုဘိုင်းလ် App များ၊ Web App များ နှင့် Hardware ထုတ်ကုန်များကို ဖန်တီးတီထွင်ခဲ့ကြသည်။ ယင်းတို့အနက်မှ Private Resturance App ရေးသားသည့် ကွန်ပျူတာတက္ကသိုလ် (မအူပင်) မှ တတိယနှစ်ကျောင်းသား မောင်ဝေယံထွန်းနှင့် တွေ့ဆုံမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : ကွန်ပျူတာတက္ကသိုလ် (မအူပင်) အနေနဲ့ ပထမဆုံးလုပ်တဲ့ Product Show မှာ ညီလေးတို့ Private Hospital ကို ပြသခဲ့တယ်လို့ သိရတယ်။ ဒီ App မှာ ဘာတွေလုပ်လို့ရမယ်ဆိုတာကို ပြောပြပေးပါဦး။
Private Hospital : ဒီ App မှာ ဘာတွေလုပ်လို့ရ မလဲဆိုတော့ လူနာ (သို့မဟုတ်) ဆေးရုံတက်ချင်သူ ဒါမှမဟုတ် ဒီဆေးရုံအကြောင်း သိချင်တဲ့သူတွေအတွက်ကတော့ ဆရာဝန်တွေရဲ့ ဆေးရုံထိုင်တဲ့ရက်၊ အချိန်နဲ့ ဆရာဝန်ရဲ့ Data (အချက်အလက်တွေ) ဥပမာ-ဒီဆရာဝန်ကတော့ ဘာအထူးကု၊ သူက ဘာ ဘွဲ့တွေရထားတယ်ပေါ့။ အဲ့ဒီလို ဆရာဝန်ရဲ့ အချက်အလက်တွေကို ကြိုသိနိုင်မယ်။ နောက်ပြီး ဒီဆေးရုံမှာ ဘယ်လိုရောဂါတွေ ကုလို့ရနိုင်မယ်ဆိုတာ ကြည့်နိုင်မှာဖြစ်ပါတယ်။
ပြီးတော့ ဆေးရုံအခန်းတွေရဲ့ ဈေးနှုန်းတွေ၊ အခန်းရဲ့ပုံစံတွေကို ကြည့်လို့ရမယ်။ ဆေးရုံရဲ့ တည်နေရာ၊ ဖုန်းနံပါတ်၊ လူမှုကွန်ရက်စာမျက်နှာတွေကို အလွယ်တကူ ကြည့်လို့ရပါတယ်။ အွန်လိုင်းကနေလည်း ကြိုတင်ပြီး Booking လုပ်လို့ရမယ်။ Booking လုပ်တဲ့နေရာမှာလည်း ၄ မျိုးလုပ်လို့ရမယ်။ ဖုန်းနဲ့ဖြစ်စေ၊ အီးမေးလ်ကနေဖြစ်စေ၊ လူမှုကွန်ရက်စာမျက်နှာ ကနေဖြစ်စေ၊ App မှာပါတဲ့ Box မှာ ဖြည့်ပြီးတော့ဖြစ်စေ Booking လုပ်နိုင်ပါတယ်။ 
ကျန်းမာရေးဗဟုသုတတွေအနေနဲ့ကတော့ ကျန်းမာရေးနဲ့ သင့်တော်မယ့် အစားအသောက်တွေရဲ့ အချက်အလက်တွေကို ထည့်ပေးထားပါတယ်။ နောက်ပြီး ဥပမာပြောရရင် နှလုံးရောဂါရဲ့ လက္ခဏာ တွေက ဘာတွေပေါ့နော်။ အဲ့ဒီလိုရောဂါနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ထည့်ပေးထားပါတယ်။ 
ဆရာဝန်တွေအတွက်ကတော့ လူနာတွေရဲ့ အချက်အလက်တွေကို မှတ်သားထားနိုင်ပါတယ်။ ဥပမာ-ဘယ်လူနာက ဘယ်နှရက်နေ့မှာ ဘာရောဂါနဲ့ ဆေးရုံတက်ဖူးတယ်၊ ကိုယ်က ဘာဆေးတွေပေးဖူး တယ်ဆိုတာကို အလွယ်တကူ သိရှိနိုင်ပါတယ်။ 
သူနာပြုတွေအတွက်ကတော့ သူတို့ရဲ့ တာဝန်ချိန်တွေကို မှတ်သားနိုင်မယ်၊ လူနာတွေရဲ့ အချက်အလက် တွေကို အလွယ်တကူသိရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပဲ ဧည့်ကြိုကောင်တာမှာလည်း Booking တွေကို ထိန်းချုပ်ဖို့နဲ့ ဆေးရုံလာတက်တဲ့ လူနာတွေရဲ့ မှတ်တမ်းတွေကို မှတ်သားနိုင်မှာ ဖြစ်ပါတယ်။

Voice : ဒီ App ကို ထုတ်ဖို့ကျတော့ရော ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ။
Private Hospital : အဓိက ရည်ရွယ်တာက ဆေးရုံတက်ချင်တဲ့သူတွေအတွက် ကိုယ်ပြမယ့် ဆရာဝန်က ဘယ်နေ့ဘယ်အချိန်မှာ ဆေးရုံမှာရှိမယ်ဆိုတာ သိနိုင်ဖို့၊ ကိုယ်ပြမယ့်ဆေးရုံက ကိုယ်ဖြစ်နေတဲ့ရောဂါကို ကုသပေးသလား၊ မကုသပေးဘူးလား သေသေချာချာသိနိုင်ဖို့၊ အခန်းခ ကုန်ကျစရိတ်တွေကို သိနိုင်ဖို့လိုမျိုး လူနာတွေအတွက် အဆင်ပြေပြေဖြစ်စေချင်တယ်။ တစ်ဖက်မှာလည်း ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံပိုင်ရှင်တွေအတွက်လည်း App တစ်ခုတည်းကနေ ထိန်းချုပ်နိုင်တဲ့စနစ်ဖြစ်စေချင်တဲ့အတွက်ပါ။

Voice : ဆေးရုံဆေးခန်းတွေရဲ့ အချက်အလက်တွေ ရဖို့အတွက်ကရော ဘယ်လိုလုပ်ခဲ့ရသလဲ။ 
Private Hospital : အချက်အလက်တွေရဖို့အတွက် ကတော့ မအူပင်မြို့မှာရှိတဲ့ ၁၀ လမ်း ဆေးရုံက သူနာပြုတစ်ယောက်နဲ့ဆက်သွယ်ပြီး ကျွန်တော်သိချင်တာတွေကို သူ့ကို မေးရတာပေါ့။ ပြီးတော့ ကျွန်တော်က App မှာ သုံးထားတဲ့ အချက်အလက်တွေကတော့ ဝိတိုရိယဆေးရုံက အချက်အလက်တွေပါ။ ဒီအချက် အလက်တွေကိုတော့ အွန်လိုင်းပေါ်ကပဲ ရယူထားပါတယ်။

Voice : ကျောင်းအနေနဲ့ရော ဒီလိုထုတ်ကုန်တွေ ဖြစ်လာဖို့အတွက် ဘာတွေအထောက်အပံ့ပေးထားသလဲ။
Private Hospital : အဓိကကတော့ ကျောင်းခေါ် ချိန်ပဲဗျ။ Project လုပ်နေစဉ်အတွင်းမှာ ကျောင်းမှာ Project လုပ်နေတဲ့သူတွေကို ကျောင်းခေါ်ချိန် ပေးတယ်။ ဒါပေမဲ့ လူကတော့ စက်ခန်းထဲမှာ တကယ်လုပ်နေဖို့လိုတာပေါ့။ 
နောက်ပြီး Project တစ်ခုကို Superviser တစ်ယောက်စီနဲ့ ကြီးကြပ်ခိုင်းပါတယ်။ အဲ့ဒီ Superviser တစ်ယောက်ချင်းစီရဲ့ အပေါ်မှာမှ နောက်ထပ် Superviser တစ်ယောက် ထပ်ထားပေးပါတယ်။ ကျောင်းမှာလည်း လိုအပ်တဲ့ အင်တာနက်ကို ပေးထားပါတယ်။

Voice : အစ်ကိုသိရတာက ဒီ App က ပွဲအတွက် မဟုတ်ဘဲ လေ့လာရင်း ရေးထားတဲ့ App လို့သိရ တယ်။ App တစ်ခုဖြစ်လာဖို့ ကိုယ်တိုင်လေ့လာတဲ့ နေရာမှာရော ဘယ်လိုအခက်အခဲတွေရှိသလဲ။
Private Hospital : အခက်အခဲလို့ဆိုရင် ကျွန်တော်တို့က လေ့လာရင်းနဲ့ ရေးထားတာဆိုတော့ အဓိကက နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်ဖြစ်တဲ့ Language ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ အားနည်းတာရှိပါတယ်။ သူများတွေ တစ်ရက်လောက်နဲ့ ပြီးတဲ့ကိစ္စကို ကျွန်တော်က ၂ ရက် ၃ ရက်လောက် ကြာချင်ကြာပါတယ်။ Error တက်နေရင်လည်း တက်မှန်းတော့သိတယ်။ ဘာကြောင့်တက်လဲဆိုတာ မသိတဲ့အတွက် အင်တာနက်မှာ မူးနောက်နေအောင်ရှာရတယ်။ တစ်ဖက်ကလည်း Language ကို လေ့လာတယ်။ တစ်ဖက်မှာလည်း Project လုပ်နေတာဆိုတော့ အလုပ်နှစ်ခုဖြစ်နေတယ်။ ပွဲရက်နီးလာတဲ့တစ်လလောက်မှာ တစ်ည ကို ၄ နာရီလောက်ပဲ အိပ်ရတော့တယ်။

Voice : ပွဲမှာ ပထမဆုရခဲ့တယ်နော်။ အဲ့ဒီအကြောင်းလေး ပြောပေးပါဦး။
Private Hospital : ကျွန်တော်က ပထမဆုကို မမှန်းပါဘူး။ ကျောင်းမှာဆုပေးတာက အားလုံးပေါင်း ၆ ခုပေါ့။ နှစ်သိမ့်ဆု ၃ ဆု နဲ့ ပထမ၊ ဒုတိယ၊ တတိယပေါ့။ အမှန်အတိုင်းပြောရရင် ကျွန်တော်က နှစ်သိမ့်ဆုတော့ မှန်းထားတယ်ဗျ။ နှစ်သိမ့်ဆု ၃ ဆုမှာ မပါတော့ ကိုယ့် Project ဆုမရတော့ဘူးဆိုပြီး ကျွန်တော် ပစ္စည်းတွေတောင် သိမ်းနေပြီ။ မထင်မှတ်ဘဲ ပထမဆုဆိုတော့ ပျော်လွန်းလို့ ထတောင်ခုန်မိတယ်။

Voice : လက်ရှိက တတိယနှစ်ဆိုတော့ ကျောင်းပြီးဖို့က ၂ နှစ်လိုဦးမယ်။ ကျောင်းပြီးသွားတဲ့အခါ လုပ်ငန်းခွင်နယ်ပယ်အတွက် အဆင်သင့်ဖြစ်ဖို့ဆိုရင် ကျောင်းစာအပြင် ဘာတွေဆက်ပြီး လေ့လာဖို့ လိုဦးမယ်ထင်လဲ။
Private Hospital : ကျွန်တော်ဖြစ်ချင်တာက Professional Web Application Developer ပေါ့နော်။ Web developer တစ်ယောက်အနေနဲ့ မသိမဖြစ်လိုအပ်တဲ့ php နဲ့ mysql ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့ လိုတာပေါ့။ 
ကျွန်တော်က အခုမှ စတင်လေ့လာတဲ့ အဆင့်ပဲရှိပါသေးတယ်။ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ဖို့ဆိုရင် php နဲ့ mysql ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်အောင်လို့ ထပ်ပြီးလေ့လာဖို့ လိုပါသေးတယ်။

Voice : ဒီ App က ဆေးရုံဆေးခန်းတွေ အားလုံးအတွက်မဟုတ်ဘဲ တစ်ခုချင်းစီအတွက်မှာ ဆေးရုံဘက်က သူတို့ရဲ့ အချက်အလက်တွေကို ဖြည့်ထားနိုင်မယ်၊ လူနာတွေရဲ့ ကုသမှုမှတ်တမ်းတွေ သိမ်းဆည်းနိုင်မယ်။ လူနာဘက်ကလည်း ကိုယ်ပြချင်တဲ့ ဆရာဝန်တွေ ဘယ်အချိန် ဒီဆေးရုံမှာ ရှိမလဲဆိုတာ သိရမယ်ပေါ့လေ။ ဆိုတော့ ဒါက ဆေးရုံတစ်ခုချင်းစီအတွက် သီးခြားစီ အသုံးပြုနိုင်မယ့်သဘောပေါ့။ ဒီ App ကို သူတို့သုံးချင်တယ်ဆိုရင်ရော ညီလေးဘက်က ဘယ်လို စဉ်းစားထားသလဲ။ ဥပမာ ရောင်းတာ သို့မဟုတ် အစိုးရ ဆေးရုံအတွက် လှူတာမျိုးပေါ့။
Private Hospital : ကျွန်တော့်အနေနဲ့ ဒီ App ကို အစိုးရဆေးရုံတွေအတွက်တော့ လှူမယ်။ ပုဂ္ဂလိက ဆေးရုံတွေအတွက်ဆိုရင် ရောင်းမှာပါ။ နည်းပညာကုမ္ပဏီတွေကလာဝယ်ရင်လည်း ရောင်းမှာပါ။

Voice : နည်းပညာထုတ်ကုန်တစ်ခုဖြစ်အောင်လုပ် တဲ့နေရာမှာ ကြုံရတဲ့အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ။ 
Private Hospital : ထုတ်ကုန်တစ်ခုဖြစ်လာဖို့ အခက်အခဲတွေကတော့ ခုနပြောခဲ့သလိုပေါ့။ ကျွန်တော်က ဒီ App ကို လေ့လာရင်း ရေးထားတာဖြစ်တဲ့အတွက် Language ပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် ကြာသင့်တဲ့အချိန်ထက် ပိုကြာပြီး ပင်ပန်းသင့်တာထက် ပိုပင်ပန်းခဲ့ပါတယ်။

Voice : အချုပ်အားဖြင့်ပေါ့လေ။ ဒီလို ကိုယ်ပိုင်နည်း ပညာထုတ်ကုန်တစ်ခုကို အစုအဖွဲ့နဲ့မဟုတ်ဘဲ တစ်ယောက်တည်းလုပ်တာနဲ့ အစုအဖွဲ့နဲ့လုပ်တာမှာ အားသာချက် အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။ ကိုယ့်လိုပဲ နည်းပညာထုတ်ကုန်တွေ ကြိုးစားထုတ်လုပ်နေကြတဲ့ လူငယ်ချင်း ဘာများပြောဖို့ရှိမလဲ။
Private Hospital : ပထမဆုံးအနေနဲ့ တစ်ယောက်တည်းလုပ်ရတာက စိတ်ချမ်းသာတယ်။ ကိုယ့်အတွေးနဲ့ကိုယ် လုပ်လို့ရတယ်။ အဖွဲ့နဲ့ဆို တက်ညီလက်ညီ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ဆိုရင် အဆင်ပြေပေမယ့် တချို့လူတွေပေါ့ဗျာ။ ကိုယ်လုပ်သလားဆိုတော့ မလုပ်ဘူး။ သူများလုပ်တာကိုလည်း လက်မခံဘူး။ အစုအဖွဲ့တစ်ခုမှာ အဲဒီလိုလူတွေပါလာရင်တော့ လုပ်ရတာ ခက်ခဲပါတယ်။ တစ်ယောက်တည်းဆိုရင်တော့ အဲလိုဖြစ်မှာ မပူရတော့ဘူးပေါ့။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် အစုအဖွဲ့နဲ့လုပ်ရတာ ပိုကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အသိချင်းဖလှယ်ရင်း အသိတွေ တိုးလာမယ်။ လူကန့်လန့်တွေပါလာတော့လည်း စိတ်ရှည်တတ်လာမယ်။
ကိုယ့်လိုပဲ နည်းပညာထုတ်ကုန်တွေထုတ်ဖို့ ကြိုးစားနေကြတဲ့သူတွေကိုတော့ ပန်းတိုင်ကို တိတိကျကျ ထားပါ။ မဆုတ်မနစ်သောဇွဲနဲ့ ကြိုးစားပါ။ ပြီးတော့ မာန်မာနကို အတတ်နိုင်ဆုံး ချိုးနှိမ်ထားပါလို့ ပြောချင်ပါတယ်။

မောင်မန်း