News

POST TYPE

INTERVIEW

စည်ပင်ရွေးကောက်ပွဲတွင် သာကေတမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် - ၁ နေရာအတွက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးအောင်ဆန်းထွန်း (ခ) တိုးတိုးနှင့် တွေ့ဆုံခြင်း
12-Mar-2019
“ကျွန်တော်တို့ပြည်သူတွေ စည်းကမ်းတကျ လိုက်နာကြမယ်ဆိုရင် အခြားနိုင်ငံကြီးတွေလို တိုးတက်သွားမယ်လို့ ထင်ပါတယ်”



လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာနယ်ပယ် ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်စည်ပင်သာ ယာအဖွဲ့ဝင် - ၁ အနေနဲ့ ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ဘယ်မြို့နယ်ကနေ ဝင်ပြိုင်မှာလဲ။ ဝင်ပြိုင်ရတဲ့ရည် ရွယ်ချက်ရော။
UAST : သာကေတမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်-၁ နေရာအတွက် အရွေးခံမှာပါ။ ကျွန်တော်က ဟိုတုန်းကတည်း အခုအချိန်အထိ အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) တောင်ပိုင်းခရိုင်ရုံးမှာ ကျွန်တော့်ဆရာတွေနဲ့အတူ လုပ်ကိုင်ခဲ့တဲ့အတွက် စည်ပင်အတွေ့အကြုံလည်း ရှိပါတယ်။ သာကေတ မြို့နယ်မှာ စည်ပင်နဲ့ပတ်သက်ပြီး နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စရပ်တွေအပေါ် အများဆန္ဒနဲ့အညီ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်။ ရပ်ကွက်တိုင်း နေ့စဉ်ကြုံနေရတဲ့ ရပ်ကွက်အတွင်းက အမှိုက်တွေကို နည်းစနစ်မှန်ကန်တဲ့ပုံသဏ္ဌာန်မျိုးနဲ့ စနစ်တကျ သိမ်းဆည်းပေးမယ်။ ရပ်ကွက်အတွင်းက လမ်းတွေနဲ့ ရေမြောင်းတွေ ရေစီးရေလာကောင်းအောင် အဓိကလုပ်မယ်။ သာကေတမြို့နယ်ဖွံ့ဖြိုးတိုး တက်ဖို့အတွက် တစ်ထောင့်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါ။

Voice : စည်ပင်ရွေးကောက်ပွဲမှာ ရွေးချယ်ခံရရင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်အချက်တွေအဓိကထား ဆောင်ရွက်ပေးဖို့ရှိလဲ။
UAST : အဓိက သာကေတမြို့နယ်မှာ ခြင်ကိုက် တယ်။ ခြင်ကိုက်တဲ့ အဓိကအကြောင်းအရင်းက ရေစီးရေလာမကောင်းလို့။ ရပ်မိရပ်ဖတွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပေါင်းပြီး ရေစီးရေလာကောင်းအောင်နဲ့ ကားပါကင်ကိစ္စတွေ ဦးစားပေးလုပ်ပေးဖို့ စဉ်းစားထားပါတယ်။ သာကေတမြို့နယ်မှာ မြစ်ထွက်ပေါက် ၁၄ ပေါက်ရှိတယ်။ ၁၄ ပေါက်ကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကော်မတီဝင်တွေ မြို့တော်ဝန်ကိုတင်ပြပြီး ရှင်းနိုင်ရင် အကောင်းဆုံးဖြစ်သွားမယ်။ လမ်းတိုင်းလမ်းတိုင်းမှာရှိတဲ့ ရေမြောင်းတွေ၊ ထွက်ပေါက်တွေ ပိတ်ဆို့နေတာတွေကို သေချာဖယ် ရှားမယ်ဆိုရင် ရေစီးရေလာတွေ ကောင်းသွားမယ်။ ခြင်တွေ မပေါက်ဖွားတော့ဘူး။ အဓိက ရေစီးရေလာကောင်းဖို့ ပထမဆုံးဦးစားပေးအနေနဲ့ ဆောင်ရွက်သွားမယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ်သက်တမ်းသာ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့် အချိန်ကာလ လုံလောက်မယ်ထင်သလား။
UAST : တစ်နာရီတတ်နိုင်ရင် တစ်နာရီ ပြည်သူလူထုအတွက် မြို့သူမြို့သားတွေအတွက် ရပ်ကွက်သူ ရပ်ကွက်သားများအတွက် ငါဘာလုပ်ပေးနိုင်မလဲဆိုတဲ့ ပုံစံမျိုး လုပ်ပေးမှာပါ။ ၂ နှစ်ဆိုလည်း ဒီသက်တမ်းမှာ ပြည်သူတွေအတွက် အကောင်းဆုံး လုပ်ဆောင်သွားပါမယ်။ ဒီကာလအပေါ်မှာ တိုတယ်၊ ရှည်တယ်လို့ မရှိပါဘူး။ စည်ပင်အတွေ့အကြုံကလည်း အများကြီးရှိတော့ ကျွန်တော့်အတွက် တစ်ရက်ဆိုလည်းတစ်ရက် ခရီးရောက်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာနေထိုင်တဲ့သူတွေက ဘာကြောင့်မဲပေးသင့်သလဲ။
UAST : အခု ကျွန်တော်ကွင်းဆင်းတဲ့အခါကျတော့ အချို့တွေက မဲမပေးတော့ဘူးတောင် လုပ်တယ်။ အရင်တုန်းက မဲပေးပါဆိုပြီးလာတယ်။ နောက်ပိုင်း အောက်ခြေကို ပြန်မဆင်းတဲ့အပိုင်းတွေရှိတယ်လို့ သူတို့ကပြောတယ်။ ဒီ ၂၀၁၄ စည်ပင်ရွေးကောက်ပွဲ ထက်စာရင် အခုစည်ပင်ရွေးကောက်ပွဲက ကွာခြားချက် နည်းနည်းရှိမယ်။ ပြည်သူလူထုရဲ့ရင်ထဲမှာက မရခင် ကတစ်မျိုး၊ ရပြီးတစ်မျိုးဆိုပြီး ပုံစံလေးတွေရှိကြတယ်။ ကျွန်တော်ကတော့ တစ်သီးပုဂ္ဂလပါ။ ကျွန်တော်တို့ကို ခိုင်းပေးပါ။ ပြည်သူထဲကပေါက်ဖွားလာတဲ့ကိုယ်စားလှယ်တွေပါ။ ကျွန်တော့်အနေနဲ့ ပြည်သူတွေကို မတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီကနေ ညနေ ၄ နာရီအထိ သွားပြီးပေးဖြစ်အောင်ပေးပါလို့ ပြောခဲ့တယ်။ ပြည်သူ လူထုကတော့ နည်းနည်းလေး ဒွိဟလေးတွေဖြစ်ကြတယ်။

Voice : ယခုလက်ရှိမှာ စည်ပင်ဥပဒေအသစ်ထုတ် ပြန်ထားပြီးပါပြီ။ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေ ရှိတယ်။ ဝင်ပြိုင်တဲ့ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
UAST : ကျွန်တော်တို့လူမျိုးတွေက ဥပဒေ၊ နည်းဥပဒေတွေထုတ်ရင် ချက်ချင်းလိုက်နာမှု အားနည်းတယ်။ ကွမ်းမစားနဲ့ ကွမ်းမထွေးနဲ့ဆိုလည်း လွယ်လင့် တကူထွေးကြတယ်။ အမှိုက်ဆိုလည်း ပစ်ကြတယ်။ အဲဒီလိုကိစ္စတွေကို စည်းကမ်းတကျနဲ့ မြို့တွင်းမြို့နယ်တွေတောင် မလုပ်နိုင်ပါဘူး။ လူကူးမျဉ်းကျားလုပ်ထားတာတောင် လူကူးမျဉ်းကျားကမကူးဘဲ နီးစပ်တဲ့ နေရာကနေ စည်းကမ်းမဲ့ လမ်းကူးကြတယ်။ အစိုးရကနေ ဥပဒေတွေ ထုတ်ပြန်တယ်။ ကျွန်တော်တို့ပြည်သူတွေ စည်းကမ်းတကျလိုက်နာကြမယ်ဆိုရင် အခြား နိုင်ငံကြီးတွေလို တိုးတက်သွားမယ်လို့ထင်ပါတယ်။

Voice : ဒီနှစ်စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်တဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
UAST : လက်ရှိအစိုးရက အနိုင်ရပါတီဆိုတော့ ဒိုင်လူကြီးပေါ့။ အုပ်ချုပ်ရေးယန္တရားမှာလည်း ဒိုင်လူကြီးပေါ့။ စည်ပင်ရွေးကောက်ပွဲမှာ ဒိုင်လူကြီးအနေနဲ့ လုပ်မယ်ဆိုရင် ၂၀၂၀ မှာတော့ ပြည်သူလူထုထဲက အားတွေက လက်ရှိအစိုးရကို ထင်ဟပ်မယ်လို့ထင်တယ်။ ဒိုင်လူကြီးကိုယ်တိုင်က ဘောလုံးဝင်ကန်ရင် မသင့်တော်ဘူးလို့ အစ်ကိုတို့ကထင်တယ်။ တစ်သီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်တဲ့အခါကျတော့ အခက်အခဲ မျိုးစုံရှိပါတယ်။ သူငယ်ချင်း အပေါင်းအသင်းတွေလာပါ။ ရပ်ကွက်ထဲမှာရှိတဲ့ ပရဟိတအဖွဲ့တွေလာပါဆိုပြီး အကူအညီတောင်းရတာပေါ့။ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ သူတို့အင်အားတွေရှိတဲ့အခါကျတော့ အစ်ကိုတို့က နည်းနည်းလေးတော့ လျော့ရဲမှုလေးတော့ရှိပါတယ်။

Voice : အစ်ကိုမဲဆန္ဒနယ်က ပြည်သူတွေကို ဘာများပြောချင်သေးလဲ။
UAST : မဲဆွယ်စည်းရုံးရေးဆင်းပြီး ပြည်သူတွေ ဘာတွေလိုချင်လဲ၊ ပြည်သူတွေအသံကို နားထောင်တယ်။ လိုအပ်တဲ့ မက်ဆေ့ချ်ပေးချင်တယ်။ ကြီးကြီးကျယ်ကျယ်တွေပြောပြီး ကိုယ်မလုပ်ပေးနိုင်ရင် ပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်တယ်။ ပြည်သူတွေအတွက် တကယ်လိုအပ်တာ၊ ဆောင်ရွက်ပေးနိုင်တာပဲ မက်ဆေ့ချ်ပေးတယ်။ ပြည်သူလူထုအနေနဲ့ ကျွန်တော်တို့ကိုခိုင်းပါ။ ခိုင်းနိုင်အောင်လုပ်ပေးပါ။ ပြည်သူတွေခိုင်းမှ ကျွန်တော်တို့ များများလုပ်ပေးနိုင်မှာပါ။

သက်သျှိုင်းသူ