News

POST TYPE

INTERVIEW

စည်ပင်ရွေးကောက်ပွဲတွင် မြို့တော်ကော်မတီဝင်နေရာအတွက် မဲဆန္ဒနယ်အမှတ် (၄) မှ တစ်သီးပုဂ္ဂလအဖြစ် ယှဉ်ပြိုင်မည့် ဦးမျိုးမြင့်နှင့်တွေ့ဆုံခြင်း
11-Mar-2019


လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

“အာရှမင်းသမီးဆိုတဲ့ဂုဏ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့ မြို့ကြီးတစ်မြို့ဖြစ်ဖို့အတွက် အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်နိုင်ပါစေလို့ တိုက်တွန်းပြောကြားလိုပါတယ်”

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့တော်ကော် မတီဝင်နေရာအတွက် ဝင်ပြိုင်ဖို့လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာလဲ။ ဝင်ပြိုင်ဖြစ်တဲ့အကြောင်းက။ 
UMM : ကျွန်တော် ဝင်ပြိုင်မယ့် မဲဆန္ဒနယ်က မဲဆန္ဒနယ် ၄ ဖြစ်ပါတယ်။ ကျွန်တော်ပြိုင်မယ့် မဲဆန္ဒနယ်မှာ ရှစ်မြို့နယ်ရှိတယ်။ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ဒေါပုံ၊ ဒလ၊ ဆိပ်ကြီးခနောင်တို စတဲ့မြို့နယ်တွေပါတယ်။ ရည်ရွယ်ချက်က ကျွန်တော်က အင်ဂျင်နီယာတစ်ဦးလည်း ဖြစ်ပါတယ်။ RIT ကနေ BE (Civil) ဘွဲ့ရခဲ့တဲ့ ၁၉၈၅ ခုနှစ်ကနေ ယနေ့ထက်အထိ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ တောက်လျှောက် ရင်းနှီးကျွမ်းဝင်နေတဲ့သူလည်း ဖြစ်ပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှာလည်း ကျွန်တော်က နှစ် ၂၀ ကျော်ကြာ ခရိုင်အင်ဂျင်နီယာမှူးအထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒါကြောင့် စည်ပင်သာယာအကြောင်းကို တော်တော်များများသိတယ်။ ရန်ကုန်မြို့ကြီးမှာ ဖြစ်ပျက်နေတာ တော်တော်များများလည်းသိတယ်။ စည်ပင်သာယာရဲ့ လုပ်ငန်းတော်တော်များများသည် မြို့ပြအင်ဂျင်နီယာရဲ့လုပ်ငန်းတွေနဲ့ ဆက်စပ်မှုတွေဖြစ်တယ်။ လမ်းတံတားလုပ်ငန်းတွေ၊ ရေမြောင်းလုပ်ငန်းတွေ၊ ရေစီးရေလာလုပ်ငန်းတွေ၊ ရေသန့်ရရှိရေးလုပ်ငန်းတွေ အကုန်လုံးနီးနီးက တော်တော်များများက မြို့ပြ အင်ဂျင်နီယာဘာသာရပ်နဲ့ ဆက်စပ်နေတဲ့အတွက် ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်။ နောက်တစ်ခုက ရန်ကုန်မြို့ကြီးကို တိုးတက်စေချင်တယ်။ ကျွန်တော်တို့အမြင်မှာ တိုးတက်သင့်သလောက်မတိုးတက်ဘူးလို့ ခံစားနေရတယ်။ အဲဒီအတွက်ကြောင့် မြို့တော်သူမြို့တော်သားတစ်ယောက်အနေနဲ့ရော နိုင်ငံသားတစ်ယောက်အနေနဲ့ရော ဖွံ့ဖြိုးတိုးတက်စေချင်တယ်။ စည်ပင်ယန္တရားကြီးက နှေးကွေးနေတယ်လို့ထင်တယ်။ စည်ပင်ယန္တရားကြီးကိုလည်း မြန်ဆန်သွက်လက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝင်ရောက် ယှဉ်ပြိုင်ဖြစ်တာပါ။

Voice : ဒုတိယမြို့တော်ဝန်ကို အစိုးရခန့်အပ်ထားတဲ့ ကော်မတီဝင်ငါးဦးနဲ့ ပြည်သူတွေကရွေးချယ် တင်မြှောက်ထားတဲ့ ကော်မတီဝင်ခြောက်ဦး စုစုပေါင်း ၁၁ ဦးက မဲခွဲဆုံးဖြတ်မယ်ဆိုတော့ ဒုတိယမြို့တော်ဝန်က လက်ရှိအစိုးရသဘောကျတဲ့သူ ဖြစ်လာနိုင်ဖွယ်ရှိလား။
UMM : ယေဘုယျတွေးရင်တော့ နီးစပ်တာပေါ့။ အခုလက်ရှိ ကော်မတီဝင်ငါးယောက်ကလည်း လက်ရှိအစိုးရက ခန့်ထားတာ။ အကယ်၍ ဒုတိယမြို့တော်ဝန်က လက်ရှိရှိနေတဲ့ငါးယောက်နဲ့မတူညီရင် သူတို့ဆက်သွားမယ့် ခရီးအတွက်က ထိုက်သင့်သလောက် အခက်အခဲရှိနိုင်တယ်။ သူတို့နဲ့ အဆင်ပြေမယ့်သူကိုပဲ ရွေးချယ်ဖို့ ပိုများတာပေါ့။ ဒါကတော့ ယေဘုယျကောက်ချက်ဆွဲတာပေါ့။ တကယ်တမ်းဖြစ်လာမှ သိရမယ်။

Voice : ဒီနှစ် စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
UMM : ကွာဟချက်ကတော့ရှိတယ်။ နိုင်ငံရေးပါတီကို ပုတ်ခတ်တာလည်း မဟုတ်ပါဘူး။ လက်ရှိအစိုးရဆို ကျွန်တော်တို့မဲပေးခဲ့တဲ့ လူထုအစိုးရပါပဲ။ နိုင်ငံရေးပါတီကျတော့ သူ့မှာရပ်ကျေးတွေရှိတယ်။ မြို့နယ်အဆင့်၊ ခရိုင်အဆင့်တွေရှိတယ်။ တိုင်းအဆင့်တွေရှိတယ်။ သူတို့မှာက အဖွဲ့အစည်းအင်အားက ကြီးပြီးသားဖြစ်တယ်။ အခု သူတို့မဲဆွယ်စည်းရုံးတာ သတင်းတွေမှာပါတယ်။ အကုန်လုံး သူတို့ ဝတ်စုံတွေနဲ့ မဲဆွယ်စည်းရုံးတယ်။ ကျွန်တော်တို့ တစ်သီးပုဂ္ဂလတွေက ကိုယ့်မိတ်ဆွေ၊ ကိုယ့်ဝန်ထမ်းတွေနဲ့ မဲဆွယ်စည်းရုံးတယ်။ နိုင်ငံရေးပါတီတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ထက်စာရင် ကျွမ်းကျင်မှုရှိတယ်။ မဲရုံတွေမှာ စောင့်ကြည့်ဖို့အတွက် မဲရုံ ၄၀၀ ကျော်ဆိုရင် မဲရုံတစ်ရုံ သုံးလေးငါးယောက်နဲ့တွက်ရင် လူတစ်ထောင် နှစ်ထောင်လောက် ကျွန်တော်တို့သုံးဖို့ မဖြစ်နိုင်ဘူး။ ငွေကြေးအားဖြင့် တတ်နိုင်ရင်တောင် ကျွန်တော်တို့ကို ကန့်သတ်ထားတဲ့ သိန်းနှစ်ရာဆိုတဲ့ဟာတင် ကျွန်တော်တို့အတွက် အခက်အခဲအများကြီး ဖြစ်သွားနိုင်တယ်။ ကွာဟချက်ရှိတဲ့အတွက် တစ်သီးပုဂ္ဂလနဲ့ ပါတီမှာ ကွာခြားနိုင်ပါတယ်။ ပါတီမှာမှ ပါတီရဲ့ပုံရိပ်ကောင်းရင်တော့ အရွေးချယ်ခံမယ့် ကိုယ်စားလှယ်က သူ့မှာ အရည်အချင်း ရှိတာ မရှိတာ တစ်ပိုင်း ပါတီပုံရိပ်အရ အနိုင်ရသွားနိုင်တယ်။ သူတို့မှာ အားနည်းချက်တစ်ခုရှိတာက ပါတီပုံရိပ်မကောင်းရင် အရွေးခံတဲ့ကိုယ်စားလှယ်က ဘယ်လောက်အရည်အချင်းရှိရှိ သူကအရွေးချယ်ခံရဖို့ အခွင့်အရေးနည်းသွားနိုင်တယ်။ အဲဒီလို အားသာချက်၊ အားနည်းချက်တွေတော့ ရှိပါတယ်။ နောက်တစ်ခုက သူတို့ တကယ်လို့ရွေးချယ်ခံရရင် ပါတီရဲ့လွှမ်းမိုးမှု၊ ပါတီရဲ့စည်းကမ်းကို လိုက်နာရတာရှိတယ်။ တစ်သီးပုဂ္ဂလကျတော့ စည်းမရှိ ကမ်းမရှိကိုဆိုလိုတဲ့ အဓိပ္ပာယ်မဟုတ်ဘူး။ သူ့အနေနဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ သူ့မှာ နောက်က နှောင်ကြိုးမရှိဘူး။ အဲဒါမျိုးတွေအားသာချက်၊ အားနည်းချက်ရှိတယ်လို့ မြင်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရရင် အစ်ကိုမဲဆန္ဒနယ်ကမြို့နယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုအချက်တွေ အဓိကထား ဆောင်ရွက်ပေးသွားဖို့ရှိလဲ။
UMM : ကျွန်တော် ဝင်ပြိုင်မယ့် မဲဆန္ဒနယ်က မြို့နယ်တွေက အဓိကအားဖြင့် အပိုင်းသုံးပိုင်းလို့ပြောလို့ရတယ်။ မြို့တွင်းခြောက်မြို့နယ်မှာ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်က Down Town ဧရိယာမှာပါတယ်။ မင်္ဂလာတောင်ညွန့်ကလည်း ပြောရမယ်ဆိုရင် မြို့တွင်းမြို့နယ်ဖြစ်တဲ့အတွက် ဒီမြို့နယ်လည်း မြို့တွင်းမြို့နယ်ပဲပေါ့။ သာကေတ၊ ဒေါပုံမှာကျတော့ သူရဲ့လိုအပ်ချက်နဲ့ လူနေမှုသဘာဝက တစ်မျိုးပါ။ တစ်ဖက်ကမ်းဖြစ်တဲ့ ဒလ၊ ဆိပ်ကြီးခနောင်တိုက လိုအပ်ချက်ကတစ်မျိုး။ မြို့တွင်းမြို့နယ်မှာ အဓိကဖြေ ရှင်းရမယ့်ပြဿနာက ယာဉ်ကြောပိတ်ဆို့မှုပြဿနာတွေ၊ အဆောက်အအုံတွေမှာ စည်ပင်သာယာက လျစ်လျူရှုထားတဲ့ အန္တရာယ်ရှိ အဆောက်အအုံတွေ၊ ရန်ကုန်မြို့က ငလျင်ဇုန်မှာ ကျရောက်တယ်။ ကျရောက်တဲ့အတွက် အန္တရာယ်ရှိအဆောက်အအုံတွေကို လုံးဝ လျစ်လျူရှုထားတာ လေးငါးနှစ်ရှိနေပြီ။ အကယ်၍ ငလျင်အန္တရာယ်ကျရောက်ရင် လူတစ်ထောင်၊ တစ်သောင်းမက ထိခိုက်ဒဏ်ရာတွေရ၊ သေဆုံးနိုင်တယ်။ ဒါတွေက အစဉ်အမြဲစိတ်ပူနေတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဒီလေးမြို့နယ်မှာ ဒါအင်မတန် အရေးကြီးပါတယ်။ ဒီလေးမြို့နယ်မှာပဲ တိုက်အသစ်တွေဆောက်ရင် စည်ပင်သာယာက ရေမပေးပဲနဲ့ အဝီစိတွင်းတူးပြီးတော့ ကိုယ့်တိုက်အတွက်ကိုယ် ရေထုတ်ယူသုံးခိုင်းတယ်။ အဲဒီလို ထုတ်ယူသုံးစွဲခိုင်းတဲ့အတွက် ဒီလေးမြို့နယ်မှာ ရှိနေတဲ့ရေက တကယ်သောက်သုံးရန် သင့် မသင့် မသိဘူး။ အဝီစိတွင်းတစ်တွင်းတူးမယ်ဆိုရင် မိလ္လာကန်နဲ့ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် ပေ ၅၀ အကွာအဝေးမှာ အနည်းဆုံးရှိရမယ်။ အဆောက်အအုံတွေက ပေ ၄၀၊ ပေ ၅၀ ဒီလောက်ပဲရှိတဲ့အတွက် အဝီစိတွင်းတူးလိုက်ရင် ပေ ၃၀ မပြည့်ချင်ဘူး။ ဒီအတွက် ကျန်းမာရေးထိခိုက်တာတွေ ပြည်သူတွေ မသိဘဲနဲ့ ဒါတွေကို သောက်သုံးတာတွေရှိပါတယ်။ ထွက်လာတဲ့ရေက ပေ ၅၀ ကွာဖြစ်စေ၊ ပေ ၅၀ထက် ပိုကွာတာဖြစ်စေ ဒီမြေအောက်ရေက သံဓာတ်များတဲ့ ရေတွေရှိတယ်။ ထုံးဓာတ်များတဲ့ရေတွေ ရှိတယ်။ အဲဒီရေတွေက လူတွေရဲ့ ကျန်းမာရေးအတွက် အများကြီးထိခိုက်နိုင်တယ်။ နောက်တစ်ချက်က မြေအောက်ရေအများကြီး ထုတ်ယူသုံးစွဲလိုက်ရင် ရန်ကုန်မြို့ကြီး နိမ့်ကျမယ်။ အခုလည်း နိမ့်ကျနေတယ်။ ထိုင်းမှာဆိုလည်း ဘန်ကောက်မြို့ကြီးနိမ့်ကျတယ်။ မြို့တွင်းတွေမှာ ယာဉ်ကြောကျပ်တည်းမှုရယ် မြေအောက်ရေ ထုတ်ယူသုံးစွဲတာတွေ၊ အန္တရာယ်ရှိအဆောက်အအုံတွေနဲ့ ပတ်သက်ပြီး အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ချင်တယ်။ သာကေတ၊ ဒေါပုံမှာဆိုရင် မြို့သစ်ကို လယ်ကွက်ထဲမှာ ဖြစ်သလိုတည်ခဲ့တယ်။ ၁၉၅၈၊ ၆၂ တော် လှန်ရေးကောင်စီတို့ အိမ်စောင့်အစိုးရတို့တက်ကတည်းက လုပ်ခဲ့တဲ့စီမံကိန်းက အခုဆို နှစ် ၅၀ နှစ် ၆၀ ရှိနေပြီ။ ရေနုတ်မြောင်းတွေ စနစ်တကျမရှိဘူး။ လမ်းတွေက ကွန်ကရစ်လမ်းတွေ တော်တော်များများ ဆောင်ရွက်ပြီးပေမယ့် ရေနုတ်မြောင်းစနစ်က စနစ်တကျမရှိတဲ့အတွက် မိုးတွင်းမှာ ရေဝပ်တာ၊ ရေအိုင်တာ တွေကတစ်ဆင့် ခြင်ပေါက်ဖွားတယ်။ ခြင်အန္တရာယ်တွေ စတဲ့ ပြဿနာတွေရှိလာပါတယ်။ နောက်တစ်ခုက ခွေးလေခွေးလွင့်ပြဿနာပါ။ ခွေးရူးကိုက်လိုက်ရင် ခံစားရတဲ့ပြဿနာတွေဖြစ်နေတယ်။ ဒီခွေးလေခွေးလွင့်အတွက်လည်း စဉ်းစားရမယ့်အချက်ပါ ပါတယ်။ ရေစီး ရေလာ ကောင်းမွန်အောင်လုပ်ပြီး ခြင်အန္တရာယ်တွေ ကင်းဝေးမယ်ဆိုရင် အခြားကူးစက်စေတဲ့ ရောဂါတွေ ကင်းဝေးပြီးသား ဖြစ်ပါတယ်။ ဒလ၊ ဆိပ်ကြီးခနောင်တိုမှာဆိုရင် ဒလမှာတော့ အဆိုးဆုံးကတော့ ရေပေါ့။ သောက်သုံးရေ ရရှိရေးအတွက် နှစ်စဉ်နှစ်တိုင်း နွေရာသီရောက်ရင် တော်တော်လေးခက်ခဲတယ်။ သောက်သုံးရေရရှိရေး ဖူလုံအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားမယ်။ ဒလမှာတော့ လူဦးရေတော်တော်များတယ်။ လေးပုံတစ်ပုံမက ဒလမှာရှိပါတယ်။ မိန်းလမ်းမကြီးက ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းသွားတဲ့ လမ်းမကြီး တစ်လမ်းရှိတယ်။ အဲဒီမိန်းလမ်းမကြီးက သိပ်မကျယ်ဘူး။ အဲဒီမှာက သုံးဘီးကား၊ တုတ်တုတ်နဲ့ ဆိုင်ကယ်တွေရှိတယ်။ ခရီးသွားတွေကလည်း ဒလဆိပ်ကမ်းကနေ မနက်မိုးလင်းသွားတယ်။ ညပြန်တယ်။ အဲဒီမှာ မိန်းလမ်းကြီး တစ်လမ်းပဲရှိတယ်။ အဲဒီလမ်းက တော်တော်ကျဉ်းတယ်။ ဆိုက်ကားတွေ၊ စက်ဘီးတွေ၊ တုတ်တုတ်တွေ ဆိုင်ကယ်တွေ၊ ကားတွေနဲ့ဆိုတော့ တော်တော်အန္တရာယ် ရှိပါတယ်။ ဒီလမ်းတွေကိုချဲ့ထွင်ဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစားဆောင်ရွက်သွားမယ်။ နောက်တစ်ခုက ဆိပ်ကြီးခနောင်တိုဘက်ဆိုရင် ဒလနဲ့တစ်ဖက်ကမ်းကို တံတားထိုးပေးမယ်ဆိုရင် သွားလာရေး အဆင်ပြေပါတယ်။ ဒလကို တံတားနဲ့ ရန်ကုန်မြို့ကနေသွားလို့ရပြီဆိုရင် လှေတစ်တန် စီးရသေးတယ်။ စဉ့်အိုးတန်း ဆိပ်ကနေစီးမယ်ဆိုရင် လှေက တော်တော်လေးစီးရတယ်။ ဒလကို နောက်ပိုင်း တံတားထိုးပြီးသွားရင် ဒလနဲ့ ဆိပ်ကြီးခနောင်တိုကို တံတားလေးတစ်စင်း ထိုးပေးလိုက်တာနဲ့ အဆင်ပြေသွားနိုင်ပါတယ်။ ဒလကို လက်ရှိသင်္ဘောကြီးတွေနဲ့ ကူးနေသေးတဲ့အတွက် ဘာပဲပြောပြော အန္တရာယ်က ထိုက်သင့်သလောက် ကင်းပါတယ်။ ကျွန်တော်အရွေးခံမယ့် မဲဆန္ဒနယ် ရှစ်မြို့နယ်ရဲ့ လိုအပ်ချက်တွေကို ပြောသွားတဲ့အတိုင်း အတတ်နိုင်ဆုံး ကြိုးစားပြီးဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ် သက်တမ်းသာ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့် အချိန်ကာလ လုံလောက်မယ်ထင်သလား။
UMM : စည်ပင်အဆက်ဆက်တော့ ကောင်းအောင်တော့ လုပ်လာတာပဲ။ ယနေ့ထက်အထိတော့ အားရကျေနပ်မှုမရှိကြဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း အားရကျေနပ်မှုမရှိလို့ ဝင်ရောက်အရွေးချယ်ခံရတာပါ။ တကယ်တမ်းပြောရမယ်ဆိုရင် ၂နှစ်ဆိုတဲ့အချိန်က နှစ်အတော်ကြာပျက်စီးနေတာကို ဆယ်တင်ဖို့ဆိုတာ အချိန်တော့နည်းတယ်။ နည်းတယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့စွမ်းအားရှိသလောက် လုပ်နိုင်မယ်ဆိုရင် ဒီ ၂ နှစ်မှာ ကျွန်တော်တို့လုပ်ပြလိုက်မယ်ဆိုရင် အချိန်ကာလဆိုတာ လူရဲ့အရည်အချင်းပေါ်လည်း မူတည်ပါတယ်။ မြို့တစ်မြို့မပြောနဲ့ နိုင်ငံတစ်နိုင်ငံတောင် ခေါင်းဆောင်တစ်ယောက်ပြောင်းလိုက်တာနဲ့ အချိန်တိုအတွင်းမှာ ပြောင်းလဲမှုတွေအများကြီးမြင်ရပါတယ်။ ၂နှစ်အတွင်းနဲ့တော့ ရန်ကုန်မြို့ကြီးက ပြီးပြည့်စုံသွားတာတော့ မဟုတ်ပါဘူး။ သို့သော်လည်း မပြီးပြည့်စုံပေမယ့် ဒီ ၂ နှစ်အတွင်းမှာ မန္တလေးဆိုရင် အချိန်တိုတယ်လို့ ပြောလို့ရတယ်။ သူတို့ဆို ၂ နှစ်လောက်ပဲ ရှိသေးတယ်။ သိသာတဲ့ပြောင်းလဲမှုတွေမြင်ရတယ်။ မန္တလေးမြို့ ပြည့်စုံပြီလားမေးရင် မပြည့်စုံသေးဘူး။ အဲဒီလိုပဲ ကျွန်တော်တို့ရန်ကုန်မှာလည်း ယေဘုယျအားဖြင့်ပြောရင် အချိန်တိုတယ်။ အရည်အချင်းရှိရင် ဒီ ၂ နှစ်အတွင်းမှာ အပြောင်းအလဲတစ်ခုကို လူထုမြင်ရရင် ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူကတော့ ကျေနပ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့လည်း ယုံကြည်မှု အပြည့်ရှိပါတယ်။ လုပ်ပိုင်ခွင့်ကို အရမ်းချုပ်တည်းထားရင်တော့ အခက်အခဲရှိပါတယ်။ နောက် ဘဏ္ဍာငွေနဲ့ပတ်သက်ပြီး အခက်အခဲနည်းနည်းရှိနိုင်ပါတယ်။ ကျွန်တော်တို့က တစ်သီးပုဂ္ဂလဖြစ်တဲ့အတွက် မီဒီယာတွေကို ချပြမယ်။ ပြည်သူတွေကို အသိပေးမယ်။ အဲဒါကြောင့် ဒီ ၂ နှစ်မှာ သိသာတဲ့ပြောင်းလဲမှုဖြစ်မယ်လို့ ယုံကြည်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ နေထိုင်တဲ့သူတွေက ဘာကြောင့်မဲပေးသင့်တာလဲ။
UMM : ရန်ကုန်မြို့မှာ ပြောရမယ်ဆိုရင် လူထုစိတ်ဝင်စားမှု တော်တော်အားနည်းတယ်။ ၂၀၁၄ နဲ့ အခုနဲ့တောင် မီဒီယာအင်အားက တော်တော်လေးကွာခြားသွားတယ်။ အခုက ဒစ်ဂျစ်တယ်မီဒီယာကလည်း အရမ်းထွန်းကားလာတယ်။ ဖေ့စ်ဘွတ်ခ်မှာလည်း ဆိုရှယ်မီဒီယာရဲ့ကဏ္ဍက အရမ်းမြင့်မားလာတယ်။ ကျွန်တော်တို့တွေကို အင်တာဗျူးတယ်။ သတင်းတွေ ဂျာနယ်တွေမှာ ဖော်ပြတယ်။ မူလရှိခဲ့တဲ့ ၂၀၁၄ ထက် စာရင် ပိုပြီးတော့ထိုက်သင့်သလောက် စိတ်ဝင်စားမှု ရှိလာတယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားမှု အရမ်းမြင့်တက်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ မီဒီယာအားကြောင့် ထိုက်သင့်သလောက် စိတ်ဝင်စားမှု ရှိလာမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့မှာနေတဲ့ပြည်သူတွေအနေနဲ့ကတော့ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားသင့်တယ်။ မဲလည်း ထည့်သင့်တယ်။ ကျွန်တော်ကို မဲထည့်ပါလို့ ပြောတာထက်စာရင် ဒီရွေးကောက်ပွဲကို စိတ်ဝင်စားပြီးတော့ အရည်အချင်းရှိတဲ့သူကို မဖြစ်မနေ မဲထည့်သင့်တယ်လို့ ကျွန်တော်က တိုက်တွန်းချင်တယ်။ 

Voice : စည်ပင်ရွေးကောက်ပွဲကို ၂ ဘီလီယံ အကုန်ကျခံကျင်းပတဲ့အတွက် ပြည်သူတွေက ဝေဖန်တာတွေ ရှိတယ်။ အဲဒီအပေါ်မှာရော။
UMM : ဒီရွေးကောက်ပွဲက ၂ ဘီလီယံတောင် ကုန်တယ်။ ၂ ဘီဘီယံကုန်ပြီး အကျိုးရှိပါမလား။ အရည်အချင်းရှိတဲ့သူတစ်ယောက်၊ နှစ်ယောက် ပေါ်ထွန်းလာပြီး ရန်ကုန်မြို့ကြီးကို ဆွဲတင်သွားနိုင်ရင် ၂ ဘီလီယံ ဆိုတဲ့ငွေက သူဌေးတစ်ယောက်အတွက်ဆို ဘာမှရှိတဲ့ ငွေမဟုတ်ပါဘူး။ နိုင်ငံအနေနဲ့ ရုတ်တရုက်ကြည့်ရင် ၂ ဘီလီယံက များတယ်ဆိုပေမယ့် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ဖို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၂ ဘီလီယံဆိုတဲ့ငွေက အခုခေတ်က ဘယ်လောက်မှ မဟုတ်ပါဘူး။ အရေးကြီးတာက ဦးဆောင်နိုင်တဲ့သူ တကယ်တမ်းအရည်အချင်းရှိတဲ့သူကို ကျွန်တော်တို့ ရွေးကောက်တင်မြှောက်လိုက်ဖို့ပဲ လိုတာပါ။ ပြည်သူတွေက ဒီ ၂ ဘီလီယံကုန်တာကို များတယ်လို့ယူဆရင် ကိုယ့်ကိုယ်တိုင်မဲပေးပါ။ အရည်အချင်းရှိတဲ့ သူကိုရွေးချယ်ပါ။ ပြည်သူတွေ ရွေးကောက်ပွဲကို စိတ်ဝင်စားပါ။ ဒါဆိုရင် ဘာမှမပြောပလောက်တဲ့ကိစ္စ ဖြစ်သွားပါမယ်။ ပြည်သူတွေစိတ်ဝင်စားဖို့အတွက်က မီဒီယာတွေရဲ့ အားကို အများကြီးယူရပါမယ်။ ပြည်သူတွေလည်း ကိုယ့်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စိတ်ဝင်စားသင့်ပါတယ်။ ကိုယ့်မြို့တိုးတက်ရုံတင်မက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဆက်စပ်နေတဲ့အတွက် အားလုံးက ဒီရွေးကောက်ပွဲကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပေးကြပါ။ အရည်အချင်းရှိတဲ့သူ၊ တော်တဲ့မှန်ကန်တဲ့သူကို မဲပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

Voice : မဲဆန္ဒနယ်က ပြည်သူတွေကို ဘာများ ထပ်ပြောချင်သေးလဲ။
UMM : ကိုယ့်မဲဆန္ဒနယ် ရှစ်မြို့နယ်ကိုပဲ ဦးတည်နေတယ်ဆိုပေမယ့် အကယ်၍ ကျွန်တော်တို့ဝင်ပြိုင်တဲ့ သူတွေ ကော်မတီဝင်တွေဖြစ်မယ်၊ ဒုမြို့တော်ဝန်ဖြစ်မယ်ဆိုရင် ကျွန်တော်တို့ပါဝင်တဲ့ ရှစ်မြို့နယ်တင်မကဘဲ ဒီရန်ကုန်မြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားရမယ့် ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ မဲဆန္ဒရှင်ပြည်သူများအနေနဲ့ ရန်ကုန်မြို့ကြီးကို ဆွဲတင်ဖို့ နိုင်ငံရဲ့ စီးပွားရေးကိုဆွဲတင်ဖို့ နိုင်ငံရဲ့ မျက်နှာစာဖြစ်တဲ့ ရန်ကုန်မြို့ကြီးကို ယခင် အာရှမင်းသမီးဆိုတဲ့ဂုဏ်ကို ဖော်ဆောင်နိုင်ခဲ့တဲ့ မြို့ကြီးတစ်မြို့ဖြစ်ဖို့အတွက် အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက် တင်မြှောက်နိုင်ပါစေလို့ တိုက်တွန်းပြောကြားလိုပါတယ်။  

ယခုနှစ် စည်ပင်ရွေးကောက်ပွဲကို ဝင်ပြိုင်မည့် ဦးမျိုးမြင့်သည် လက်ရှိတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (Federation of MCEA) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ပြီး MKT Construction ကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ Lamin Eindray ကုမ္ပဏီ၏ဒါရိုက်တာ၊ D Capital ကုမ္ပဏီ၏ ဥက္ကဋ္ဌ၊ Myanmar Construction Development Public ကုမ္ပဏီ၏ Board of Director နှင့် Yangon Metropolitan Development Public ကုမ္ပဏီ၏ ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦး ဖြစ်သည်။  (အယ်ဒီတာ)


သက်သျှိုင်းသူ


  • VIA