News

POST TYPE

INTERVIEW

မွန်ပြည်နယ် စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့မှ Program Director မိချယ်ရီစိုးနှင့် တွေ့ဆုံခြင်း
11-Mar-2019
“မြန်မာနိုင်ငံမှာက ဓလေ့ထုံးတမ်းထဲမှာ ပိတ်မိနေကြတယ်၊ တိုင်းရင်းသားတွေမှာလည်း ကိုယ်စီကိုယ်စီ အတားအဆီးတွေ ရှိနေတုန်းပဲ”



ယခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်မှ ပေးအပ်သည့် Champion for Gender Equality Award 2019 ကို မွန်ပြည်နယ် စံပြလူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့မှ Program Director မိချယ်ရီစိုးက ရရှိခဲ့သည်။ ထိုဆုအတွက် အမည်စာရင်းတင်သွင်းခံရသူ ခြောက်ဦးရှိပြီး ၎င်းတို့အနက်မှ Online Voting အများဆုံးရသူ သုံးဦးကို ရွေးချယ်ကာ အမှတ်ပေးဒိုင်လူကြီးများက ထပ်ဆင့်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ Champion for Gender Equality Award 2019 winner အဖြစ် အရွေးချယ်ခံရသည့် မိချယ်ရီစိုးကို The Voice Daily သတင်းစာမှ တွေ့ဆုံမေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်နေ့မှာ အစ်မအနေနဲ့ ဘာဆုရခဲ့တာလဲ။ 
MCS : အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ကျား၊ မ တန်းတူညီမျှရေးအတွက် လုပ်ဆောင်နေတဲ့ လူတွေရဲ့ ချန်ပီယံပေါ့နော်၊ ချန်ပီယံ နှစ်မျိုးမှာ တစ်မျိုးက ယှဉ်ပြိုင်ခြင်း။ စားမေးပွဲပုံစံ တစ်ခုယှဉ်ပြိုင်ရတယ်၊ နောက်တစ်ခုက အသိအမှတ်ပြုတာ။ ဒီဆုက အသိအမှတ်ပြုဆုရတာဖြစ်တယ်။ ကျား၊ မ တန်းတူညီမျှမှုကို စွမ်းစွမ်းတမံလုပ်ဆောင်ချက်ကို အသိအမှတ်ပြုအနေနဲ့ ပေးတဲ့ဆုဖြစ်ပါတယ်။ Champion for Gender Equality Award 2019 ဖြစ်ပါတယ်။

Voice : ဒီဆုအတွက် အစ်မအနေနဲ့ ဝင်ရောက် အရွေးချယ်ခံတာလား ဒါမှမဟုတ် ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်က ရွေးချယ်ပြီး ပေးတာလား။ 
MCS : ကျား၊ မ တန်းတူရေးလုပ်ဆောင်နေတဲ့ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သော်လည်းကောင်း၊ အဖွဲ့အစည်းကနေသော်လည်းကောင်း ဒီဆုကိုပေးမယ်ဆိုပြီး ကြေညာထားတယ်၊ အဲဒီအတွက် ကိုယ့်အကြောင်းကိုသိပြီး ကိုယ့်နာမည်ကို တစ်ဦးဦးက ထောက်ခံအမည်စာရင်း တင်သွင်းပေးတယ်၊ အမည်စာရင်းတင်သွင်းခံရသူကို သူတို့က နှစ်ဆင့် ရွေးချယ်တယ်၊ အဲဒီမှာ အစ်မနာမည်လည်း အမည်စာရင်းတင်သွင်းခံရတာပါ။ ရွေးချယ်တာကတော့ အမည်စာရင်း တင်သွင်းခံရသူတွေကို Online Voting အများဆုံးကို သုံးဦးရွေးတယ်၊ အဲဒီသုံးဦးထဲမှာမှ ချန်ပီယံတစ်ဦးကို ရွေးချယ်တာပါ။

Voice : ဒီဆုကိုရဖို့အတွက် အစ်မအနေနဲ့ ဘယ်လိုကြိုးစားလုပ်ဆောင်ခဲ့တာလဲ။
MCS : ကျွန်မအနေနဲ့ အမျိုးသမီးအခွင့်အရေး၊ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအကြောင်းတွေကို ၂၀၀၄ ကနေ ၂၀၁၀ အထိ အချက်အလက်စုဆောင်းတာတို့၊ အစီရင်ခံစာ တင်သွင်းတာတို့၊ သတင်းထုတ်ပြန်တာတို့က စပြီး ရုန်းကန်ခဲ့တယ်၊ အမျိုးသမီးအခွင့်အရေး ပျက်ကွက်နေမှု၊ လစ်ဟင်းနေမှုတွေ၊ ဘာတွေမပြည့်စုံသေးလဲ၊ ဘာတွေလိုအပ်နေလဲဆိုတာကို အမျိုးသမီး အခွင့်အရေးပေတံနဲ့ တိုင်းတာပြီး လုပ်ဆောင်ခဲ့တယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ ခေါင်းဆောင်မှုပိုင်းမှာ ဆုံးဖြတ်ချက်ပေးတဲ့နေရာမှာ လိုအပ်မှုတွေ ဖြစ်နေတယ်။ အုပ်ချုပ်ရေးမှူးတွေမှာ၊ လွှတ်တော်တွေမှာ၊ နိုင်ငံရေးပါတီမှာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာအောင် ကျွန်မအနေနဲ့ ကြိုးစားပေးခဲ့တယ်၊ အမျိုးသမီးခေါင်းဆောင်မှု သင်တန်းတွေပေးတယ်၊ ၅ နှစ်တာ လုပ်ဆောင်တဲ့ နေရာမှာ အောင်မြင်မှုတွေလည်းရခဲ့တယ်၊ နောက် တစ်ချက်က အမျိုးသမီးဆိုရင် ကလေးကတွဲပြီးပါလာတယ်၊ ဒါကြောင့် ကလေးအခွင့်အရေးနဲ့ ပတ်သက်ပြီး အခွင့်ရရင်ရသလို အဲဒီအကြောင်းတွေကိုလည်း လုပ်ပေးတယ်၊ သက်ငယ်မုဒိမ်း ကြိုတင်ကာကွယ်ရေးတို့၊ အမျိုးသမီးများ တရားဥပဒေ လက်လှမ်းမီရရှိရေး စတဲ့လုပ်ဆောင်ချက်တွေ၊ Save house တွေ၊ Single mother တွေ တရားရင်ဆိုင်ချိန်အတွင်းမှာ အခြေခံလိုအပ်ချက်တွေကို အစိုးရကနေ ထောက်ပံ့ပေးဖို့။ နောက်ပြီး သက်ငယ်မုဒိမ်းတွေကို အစိုးရကနေ တရားလိုလုပ်ပေးဖို့အတွက်လည်း ဒါကို ကြိုစားနေပါတယ်။ 

Voice : လက်ရှိ မြန်မာနိုင်ငံမှာရော ကျား၊ မ တန်တူရေးနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေရှိလဲ။ 
MCS : ကျွန်မတို့မှာက ဓလေ့ထုံးတမ်းအစဉ်အလာ၊ ဘာသာရေးအဆုံးအမ၊ လုံခြုံရေး၊ သားသမီးအရေး ကိစ္စရပ်တွေက အမျိုးသမီးတွေအတွက် အဟန့်အတားဖြစ်နေတယ်၊ နိုင်ငံရေးဟာ အမျိုးသမီးနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ ဓလေ့ထုံးတမ်းအစွဲတွေ အမူအကျင့်တွေရှိနေတယ်၊ အမျိုးသမီးတွေအတွက် လုပ်ဆောင်ပေးရမှာ ကလေးအတွက် စဉ်းစားပေးရတာက အပိုအလုပ်လို့ယူဆနေကြတုန်းပဲ၊ ဒါကြောင့် ကျွန်မတို့က ကိုတာစနစ်ကို တောင်းဆိုကြတယ်၊ နောက်ပြီး ယာယီအထူးလုပ်ဆောင်ဖို့ကို တောင်းဆိုကြတယ်၊ ဒါပေမဲ့ အမျိုးသမီးတွေ ကိုယ်တိုင်က တချို့က လက်မခံကြဘူး၊ ဒါက အထူးအခွင့်အရေးအပိုတောင်းသလိုပဲ ခံစားနေကြတယ်၊ အမှန်က မဟုတ်ဘူး၊ အမျိုးသားနဲ့ အမျိုးသမီးက ခန္ဓာကိုယ်ဖွဲ့စည်းပုံလည်း မတူညီကြဘူး၊ ဒီမတူညီမှုကို လက်ခံရမယ်၊ ပထမဆုံး ဓလေ့ထုံးတမ်းကို ကျော်ဖြတ်ရမယ်။ ဒါဆို ယှဉ်ပြိုင်မှုတွေ ပိုရှိလာနိုင်မယ်၊ လက်ရှိ မြန်မာနိုင်ငံမှာက ဓလေ့ထုံးတမ်းထဲမှာ ပိတ်မိနေကြတယ်၊ တိုင်းရင်းသားတွေမှာလည်း ကိုယ်စီကိုယ်စီ အတားအဆီးတွေရှိနေတုန်းပဲ။

Voice : မြန်မာနိုင်ငံမှာ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးအခြေအနေကရော။ 
MCS : လက်ရှိမှာတော့ အခြေခံလိုအပ်ချက်တွေရှိနေတုန်းပဲ၊ အခုဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ထောက်ပံ့မှုတွေတော့ ရနေပြီ။ ဒါပေမဲ့ နေရာတိုင်းတော့ မဟုတ်ဘူး၊ ကျန်းမာရေးအနေနဲ့ဆိုရင်လည်း သိတဲ့လူ တချို့လောက်ပဲ ဝန်ဆောင်မှုကို အခမဲ့ရနေတယ်၊ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့ကိရိယာတွေလည်း ဆေးရုံတိုင်းမှာ မရနေဘူး၊ လိုအပ်နေသေးတယ်၊ ကလေးတွေအတွက် ပညာရေးဆိုလည်း ပျော်ရွှင်တဲ့ပညာရေးကို မရကြသေးဘူး၊ ဘဝအတွက် အဆုံးအဖြတ်ပေးတဲ့ စာမေးပွဲကို တစ်ခါတည်းတော့ မဖြစ်စေချင်ဘူး၊ နောက်ပြီး အမျိုးသားနဲ့ အမျိုးသမီးတွေကို အခွင့်အရေးအတူတူ ပေးသင့်တယ်၊ ဒါပေမဲ့ ကျွန်မတို့မှာ ရှိမနေဘူး၊ တက္ကသိုလ်တက်တာကအစ အမျိုးသမီးတွေက အမျိုးသားတွေထက် အမှတ်ပိုများနေတာ ဒါတွေက မဖြစ်သင့်တော့ဘူး။

Voice : အမျိုးသမီးနဲ့ ကလေးသူငယ်တွေအားလုံး လုံခြုံကျန်းမာတဲ့ မြန်မာနိုင်ငံဖြစ်လာအောင် ဘာတွေအဓိကလိုအပ်မလဲ။
MCS : ဟုတ်ကဲ့ အဓိကတော့ ကျွန်မတို့နိုင်ငံက လက်တွေ့ကျင့်သုံးနေတဲ့ ဥပဒေတွေ၊ ဒီဥပဒေတွေက ကြာခဲ့ပြီ။ ခေတ်နဲ့လည်း မလျော်ညီတော့ဘူး၊ အားနည်းနေတယ်၊ ပြန်ပြီး ပြုပြင်သင့်နေပြီး၊ ဥပဒေတွေကို Update ဖြစ်နေဖို့လိုတယ်၊ နောက်ပြီး ဓလေ့ထုံးတမ်းတွေ၊ ကိုက်ညီတဲ့ ဓလေ့ထုံးတမ်းတွေ ဖြစ်စေချင်တယ်၊ နောက်ပြီး အစိုးရရဲ့ မူဝါဒတွေရယ်၊ နောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကလည်း လူထုရဲ့အသံတွေကို သယ်ဆောင်ပြီး ဆွေးနွေးနိုင်ရမယ်၊ ဒါက အုပ်ချုပ်သူအပိုင်းဘက်က၊ နောက်ပြီး ပြည်သူတွေကလည်း နိုင်ငံသားအသိစိတ်နဲ့ ကိုယ့်ရဲ့ အခွင့်အရေးကိုသိပြီး ပူးပေါင်းပါဝင်မှသာလျှင် လုံခြုံကျန်းမာတဲ့ နိုင်ငံတော်ကြီး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ခတ္တာနွန်