News

POST TYPE

INTERVIEW

ယဉ်လက်နဲ့ တွေ့ဆုံခြင်း
10-Mar-2019
“ညီမကို မချစ်ပေးရင်လည်း မေတ္တာလေးတော့ ပေးပါလို့ တောင်းဆိုချင်ပါတယ်}



အက်ရှင်ဇာတ်ကားတွေနဲ့ အနုပညာလောကမှာ အောင်မြင်မှုရရှိလာခဲ့တဲ့ သရုပ်ဆောင်ယဉ်လက်နဲ့ တွေ့ဆုံပြီးလတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း ဗီဒီယိုဈေးကွက် ပျက်နေပေမယ့် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူး ဖြစ်နေတဲ့အကြောင်းနဲ့ အချစ်ရေးအကြောင်းတို့ကို မေးမြန်းဖော်ပြထားပါတယ်။

Voice : ဗီဒီယိုဈေးကွက် ပျက်နေပေမယ့်လည်း ယဉ်လက်ကတော့ ဇာတ်ကားတွေ ရိုက်နေရတုန်းပဲနော်။ ဒါက ကံကောင်းတယ်လို့ပြောလို့ရလား။
YL : ဗီဒီယိုခေတ်တုန်းကလည်း တစ်လကို နှစ်ကား၊ သုံးကား ရိုက်ခဲ့ရတယ်။ အခုလည်း နှစ်ကား၊ သုံးကားလောက် ပုံမှန်ရိုက်နေရတော့ ညီမအတွက် အပြောင်းအလဲတော့ သိပ်မရှိပါဘူး။ ညီမရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ မျက်ခြယ်ထုတ်လုပ်ရေးက ဇာတ်ကားတွေ အမြဲတမ်းရိုက်ပေးတယ်၊ အလုပ်တွေပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ညီမကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း ဇာတ်ကားတွေထွက်လာရင် အားပေးကြတဲ့အတွက်အခုချိန်အထိ ရိုက်နေရတာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီး ရိုက်ဖို့ ရှိလာရင်တော့ ဗီဒီယိုရိုက်တာကို ခဏရပ်ထားရတာပေါ့။

Voice : ဇာတ်ကားတွေ ပုံမှန်ရိုက်ခွင့်ရနေတာက ထုတ်လုပ်ရေးတွေနဲ့ စာချုပ်ရှိနေလို့လား။
YL : ညီမကို မြေတောင်မြှောက်ပေးခဲ့တဲ့ ရွှေစင်ဦး ထုတ်လုပ်ရေးနဲ့ မျက်ခြယ်ထုတ်လုပ်ရေးက ညီမအပေါ် အများကြီးနားလည်ပေးပါတယ်။ ရုပ်ရှင်ကားကြီးတွေ ကမ်းလှမ်းလာရင်လည်း ညီမရိုက်ချင်တယ်ဆိုရင် သူတို့ရက်တွေ ညှိပေးပါတယ်။ စာချုပ်ဆိုတာထက်နားလည်မှုနဲ့အလုပ်လုပ်ကြတာပါ။ ပရိသတ်တွေရဲ့ မေတ္တာ၊ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ထုတ်လုပ်သူတွေကလည်း ညီမအပေါ် စေတနာထားပြီး အလုပ်တွေပေးနေတာကြောင့် ဇာတ်ကားတွေ ရိုက်ခွင့်ရနေတာပါ။

Voice : အနုပညာလောကကိုကျတော့ ဘယ်အချိန်ကစပြီး ဝင်ရောက်ခဲ့တာလဲ။
YL : အနုပညာလောကကိုတော့ ညီမဆယ်တန်းဖြေပြီးတဲ့အချိန် ၂၀၁၃၊ ၂၀၁၄ ခုနှစ်လောက်က စဝင်ခဲ့တာပါ။ ပထမစလုပ်တဲ့ နှစ်နှစ်လောက်မှာတော့ ဇာတ်ကားတွေ အများကြီးရိုက်ရတာမျိုးတော့မရှိဘူး။ အခုနောက်ပိုင်းမှာမှ ဇာတ်ကားတွေ ခပ်စိပ်စိပ်လေး ရိုက်လာရတာပါ။ အစပိုင်းမှာတော့ ပရိသတ်တွေက အက်ရှင်ကားတွေနဲ့စပြီး သတိထားမိခဲ့တာပါ။ နောက်ပိုင်းမှာတော့ ဒရာမာဇာတ်ရုပ်လေးတွေနဲ့လည်း အသိအမှတ်ပြုပေးလာကြပါတယ်။

Voice : အကယ်ဒမီပေးပွဲလည်း နီးပြီဆိုတော့ ဘယ်လိုဖက်ရှင်မျိုးနဲ့ပွဲတက်ဖို့စီစဉ်ထားလဲ။
YL : ဒီနှစ်ကတော့ ညီမအကယ်ဒမီပေးပွဲကို မတက်ဖြစ်ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီနေ့မှာ အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်စရာရှိလို့ပါ။ ဒီနှစ်အကယ်ဒမီပေးပွဲကတော့ ပရိသတ်တွေတွေ၊ အနုပညာရှင်တွေရော အရမ်းရင်ခုန်ရမယ့်နှစ်ပါ။ ဇာတ်ကားကောင်းတွေ အများကြီးထဲက ရွေးတာဆိုတော့ ပိုပြီး စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ ကိုယ်တိုင်လည်း အနုပညာသမားတစ်ယောက်ဖြစ်တဲ့အတွက် ပွဲကိုကိုယ်တိုင်တက်ချင်ပါတယ်။ ဒါပေမဲ့ တက်လို့မဖြစ်တဲ့အကြောင်းတရားလေးတွေရှိနေလို့ပါ။

Voice : ကိုယ့်အနုပညာမောင်နှမတွေထဲကရော ဘယ်သူတွေဆုရမယ်လို့ ကြားသေးလဲ။
YL : ဆုရမယ်လို့သတင်းထွက်နေတဲ့ သူတွေကတော့ အများကြီးပါပဲ။ အရမ်းတော်တဲ့ သရုပ်ဆောင်ကြီးတွေ အပြိုင်ရေပန်းစားတဲ့ နှစ်ဆိုတော စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဆုရဖို့ သတင်းထွက်နေတဲ့သူတွေတော့ မသိဘူး။ ကိုယ်တိုင်တောင် တော်တော်ရင်ခုန်ပါတယ်။ ဆုရွေးချယ်တဲ့ လူကြီးတွေလည်း အကြပ်ရိုက်နေကြမယ် ထင်ပါတယ်။ ညီမကတော့ ကြိုးစားထားတဲ့သူတွေအကုန်လုံးကို ရစေချင်ပါတယ်။

Voice : တစ်လောက ကုမရတဲ့ ရောဂါထဲမှာ အချစ်ခံချင်တဲ့ ရောဂါလည်းပါတယ်လို့ ဖေ့စ်ဘွတ်ခ်မှာ ရေးထားတာတွေ့ရတယ်။ ကိုယ့်မှာ Crush ရမယ့်သူ ရှိနေပြီလား။
YL : အဲ့ဒါကတော့ ဓာတ်ပုံတင်တဲ့အခါမှာ ကုမရတဲ့ ရောဂါထဲမှာ အချစ်ခံချင်တဲ့ ရောဂါလည်းပါတယ် ဆိုပြီး စိတ်ကူးပေါက်သလို ရေးလိုက်တာပါ။ အဲ့ဒီမှာ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး ယဉ်လက်ရဲ့ကုမရတဲ့ ရောဂါဆိုပြီး တချို့ အွန်လိုင်း Page တွေက ရေးလိုက်ကြတာလဲမသိဘူး။ တချို့ကျတော့လည်း သတင်းကို ဝင်မဖတ်သေးဘဲ ခေါင်းစဉ်ကိုကြည့်ပြီး စိုးရိမ်သွားကြတာလည်းရှိတယ်။ ယဉ်လက်မှာ ဘာရောဂါရှိနေလဲပေါ့နော်။ နောက်ကျမှ စာကိုဝင်ဖတ်ကြည့်တော့မှ ဘာမှမဟုတ်ဘူးဆိုပြီး စိတ်အေးသွားကြတာပေါ့။

Voice : ကိုယ်တိုင်ရော အချစ်ခံချင်တဲ့ ရောဂါတကယ်ရှိလား။
YL : အချစ်ခံချင်တဲ့ ရောဂါရှိတာပေါ့။ ညီမကို အားပေးနေတဲ့ ပရိသတ်တွေရဲ့ အချစ်ကို ခံချင်တာပါ။ ဒီ အနုပညာအလုပ်ဆိုတာကျတော့ ပရိသတ်တွေရဲ့အားပေးမှုရှိမှ ဆက်လုပ်လို့ ရတာပါ။ ပရိသတ်တွေရဲ့ မေတ္တာနဲ့ ချစ်ခင်မှုတွေ အများကြီးလိုချင်ပါတယ်။ ပရိသတ်တွေက အားပေးမှလည်း ညီမကို ထုတ်လုပ်သူတွေက အလုပ်တွေပေးကြမှာပါ။ ညီမကတော့ လူတိုင်းချစ်တာခံချင်တယ်။ ကိုယ့်ကို မုန်းနေတာထက်စာရင် ချစ်တာကပိုပြီးတော့ ကောင်းပါတယ်။ အားလုံးရဲ့ အချစ်ခံရဖို့လည်း ညီမ အကောင်းဆုံးကြိုးစားနေပါတယ်။ ညီမကို မချစ်ပေးရင်လည်း မေတ္တာလေးတော့ပေးပါလို့ တောင်းဆိုချင်ပါတယ်။

သန့်ဇင်ဦး