News

POST TYPE

INTERVIEW

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဆလမ်ဆမ်ဆွန်နှင့် ဆက်သွယ်မေးမြန်းချက်
10-Mar-2019
“ပေါင်းသင်းဆက်ဆံရေးလည်း မပျက်ရအောင်၊ ကိုယ့်ရဲ့တိုင်းပြည်လည်း မနစ်နာရအောင် ဦးဆောင်တဲ့ ခေါင်းဆောင်တွေရဲ့ တိကျတဲ့ဆုံးဖြတ်ချက်က အရေးကြီးမယ်လို့ ပြောပြချင်ပါတယ်”



တရုတ်နိုင်ငံ ယူနန်အစိုးရက ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ကို မတ်လ ၁ ရက်နေ့တွင် လာရောက်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဖိအားပေးခြင်း၊ KIA ကို အစိုးရနှင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးရန် သတိပေးပြောဆိုမှုများ လုပ်ဆောင်ခဲ့ရာ ယင်းသို့ ဖိအားပေးမှုအခြေအနေများနှင့် ပတ်သက်ပြီး KBC ဥက္ကဋ္ဌ ဒေါက်တာဆလမ်ဆမ်ဆွန်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ မတ်လ ၁ ရက်နေ့က ယူနန်အစိုးရနဲ့ တွေ့ဆုံဖြစ်တဲ့ အကြောင်းရင်းဘာတွေလဲ။
ဖြေ ။ ။ ရွှေလီကချင်ရိုးရာမနောပွဲ ပြုလုပ်နေတဲ့အချိန်၊ သူတို့ကို ယူနန်ဘက်က တာဝန်ပေးခံရသူဖြစ်ကြောင်း တရုတ်ပြည်ဗဟိုကနေ လွှတ်လိုက်တဲ့ ကိုယ်စားလှယ် ဖြစ်တဲ့အကြောင်း သူတို့ဘက်က ၃ ယောက်၊ ကျွန်တော် တို့ဘက်က ၃ ယောက် တွေ့ဆုံခဲ့ပါတယ်။

မေး ။ ။ အဓိက ဘာတွေကို ဆွေးနွေးဖြစ်သလဲ။
ဖြေ ။ ။ သူတို့ဘက်ကတော့ မြစ်ဆုံကိစ္စ၊ NCA၊ IDP ဒီခေါင်းစဉ် ၃ ခု ကို ပြောတယ်။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သူတို့ (တရုတ်) မကြာခင် စမယ်ပေါ့။ ကျွန်တော်တို့ကိုလည်း ဒေသခံ ပြည်သူလူထုဆန္ဒကို နည်းနည်း သိပြီးသားဖြစ်တယ်။ ကျွန်တော်တို့ကိုတွေ့တိုင်း မြစ်ဆုံပြောနေတယ်ဆိုတော့ ကျွန်တော်တို့က ကျွန်တော်တို့ချင်း ပြောလည်း အလုပ်မဖြစ်ဘူး၊ မြစ်ဆုံက ကျွန်တော်တို့ မြန်မာပြည်တစ်ပြည်လုံး ကန့်ကွက်လို့ ဖြစ်လာတဲ့အတွက်ကြောင့်မို့ မြန်မာပြည်သူလူထုနဲ့ ခင်ဗျားတို့ တွေ့ဆုံဖို့လိုကြောင်း ပြောပြပါတယ်။

မေး ။ ။ ဆရာတို့ဘက်က မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ သုံးသပ်ပြောဆိုခဲ့တာရှိလဲ။
ဖြေ ။ ။ ကျွန်တော့်အနေနဲ့ ဒီစစ်တပ်၊ NLD အစိုးရ ၊ ပြည်ခိုင်ဖြိုး (USDP) တို့က မြစ်ဆုံနဲ့ ပတ်သက်ပြီး သူတို့က တိတိကျကျ (NO) လို့ ကန့်ကွက်တယ် ပြောတာ တစ်ခါမှမကြားဖူးသေးပါဘူး။ လူထုကပဲ ကန့်ကွက်နေကြတာ ဖြစ်နေတယ်ဆိုတော့ ဒါကြီးကို တိတိကျကျဆုံးဖြတ်ဖို့က လက်ရှိအစိုးရ၊ တပ်မတော်က ဒါကကန့်ကွက်တယ်လို့ ပြောရင် ဒီကိစ္စပြတ်မယ်လို့ မြင်ပါတယ်။

မေး ။ ။ လက်ရှိ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး တရုတ် ဘက်က ဘာတွေ ဖိအားပေးလုပ်ဆောင်တာရှိလဲ။
ဖြေ ။ ။ ဒီစီမံကိန်းဒေသမှာရှိတဲ့ အိမ်ထောင်စုတွေကို (YES ) or ( NO ) ကနေ ထောက်ပံ့မှုတွေ ဆန်တွေ၊ ရိက္ခာတွေ ပေးတာတော့ ရှိပါတယ်။ ဒါကတော့ သူတို့ အခုထိလည်း ပေးနေတုန်းပဲ။ သူတို့အနေနဲ့ ဒီလှုပ်ရှားမှု၊ လုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး ရပ်နားမှုတော့ မရှိဘူး။ ပြီးတော့ မြစ်ဆုံရောက်ခါနီး တစ်နေရာမှာလည်း ပုဒ်မ ၁၄၄ ထုတ်ထားပြီးမှ သူတို့ လုပ်နေတာတော့ နှစ်ကြာနေပြီ။ သူတို့ဘက်ကတော့ ဆက်လက်လှုပ်ရှားဖို့တော့ အဆင်သင့်ဖြစ်နေတယ်လို့ သိရတာပေါ့။ အဓိကတော့ သက်ဆိုင်ရာ နိုင်ငံတော်ခေါင်းဆောင်တွေကလည်း ကချင်လူထုဒေသခံတွေ ကန့်ကွက်လို့ ဆိုတဲ့အဖြေကိုတော့ တရုတ်က အဲ့လိုပဲ ခံယူထားတယ်။ ကျွန်တော်ကလည်း ပြန်ပြောတယ်၊ ဒေသခံလူထုကြီးပဲ မဟုတ်ဘူး၊ ဒါတစ်ပြည်လုံးဖြစ်တယ်လို့ ပြန်ပြောပြတယ်။ ဒါကြောင့်မို့ တရုတ်သံအမတ်ကလည်း ဒေသခံတွေ ကန့်ကွက်မှု မရှိပါဘူးလို့ သူ အစီရင်ခံစာမှာ ပြန်တွေ့ရတယ်။ ဒီကိစ္စဟာ သူတို့ရဲ့ မဟာစီမံကိန်း ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့ကတော့ အနှေးအမြန်၊ ဖိအားနဲ့ ဖြစ်ဖြစ် ၊ စည်းရုံးရေးပဲ ဖြစ်ဖြစ်လုပ်ဖို့ ကျွန်တော်တို့က တွေ့နေရတယ်။ ဒါကြောင့်မို့ သက်ဆိုင်ရာ နိုင်ငံတော်အာဏာရ အဖွဲ့အစည်းတွေအနေနဲ့ ပြတ်ပြတ်သားသား အဖြေပေးဖို့တော့ လိုတယ်လို့ ထင်မြင်ယူဆမိပါတယ်။

မေး ။ ။ နောက်ထပ် တခြားသော ဖိအားပေးမှုတွေက ဘာတွေရှိသေးလဲ။
ဖြေ။ ။ ကျွန်တော်တို့ ဒေသတွေမှာ သွားရေးလာရေး ခက်ခဲတာတွေ ရှိတယ်။ ဒီဘက်မှ နည်းနည်းလှုပ်ရှားပြီဆိုရင် နယ်စပ်မှ ဒေသခံတွေ တော်တော်ကို ဒုက္ခရောက်ပါတယ်။ အဲ့ဒါမျိုးတွေ ရှိတယ်။ ဒေသခံတွေ သွားလာရင် စိစစ်တွေ များလာတယ်။ နောက်ပြီးတော့ ခွင့်ပြုချက်မရ၊ ဖမ်းဆီးတာတွေ ရှိတယ်။

မေး ။ ။ မြစ်ဆုံနဲ့ ပတ်သက်ပြီး တရုတ်ဘက်ကကော ဘယ်လို သဘောထားမှတ်ချက်ပြောပြလဲ။
ဖြေ။ ။ သူတို့ကတော့ မြစ်ဆုံစီမံကိန်းက လက်ရှိဥက္ကဋ္ဌ ရှီကျင့်ဖျင်၊ သူက အရင်က ဒု - ဥက္ကဋ္ဌ ဖြစ်တုန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ သီဟသူရတင်အောင်မြင့်ဦး၊ သမ္မတဟောင်း ဦးသိန်းစိန်၊ သူတို့ရဲ့ရှေ့မှာ လက်မှတ်ထိုးခဲ့တဲ့ ကတိစာချုပ်ဖြစ်တဲ့အတွက် ဒါကို ဆက်လက်လုပ်ဆောင်ဖို့၊ လက်ရှိသူက ဥက္ကဋ္ဌဖြစ်တော့ ပိုပြီးအကောင်အထည်ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိတာပေါ့။

မေး ။ ။ ဒီမြစ်ဆုံစီမံကိန်းအပေါ် ကချင်လူထုကိုယ်စား ဘာပြောချင်လဲ။
ဖြေ ။ ။ ကျွန်တော်တို့ ဒီလက်မှတ်ထိုးတုန်းက ပြည်သူတွေမသိဘဲ လက်မှတ်ထိုးတဲ့ကိစ္စ ဖြစ်တာမို့ ပြည်သူတွေကို ကောင်းကောင်း တောင်းပန်ရင်တော့ ပြည်သူတွေက နားလည်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ အစိုးရတွေကလည်း (YES) or (NO) တိတိကျကျ ပေးဖို့လိုပါတယ်။ အခုက ကော်မရှင်မှာလိုလို၊ ဒေသခံမှာလိုလို၊ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်ဆိုတော့ တရုတ်ကလည်း ခေါင်းပူတာပေါ့။ အဲ့ဒီအပေါ်မှာ မဖြစ်ဘူးဆိုလည်း မဖြစ်ဘူး။ ဖြစ်တယ်ဆိုလည်းဖြစ်၊ အခုက ပြည်သူတွေရဲ့ အခြေအနေလည်း ပြတ်ပြတ်သားသား အဖြေပေးသင့်တယ်လို့ ထင်ပါတယ်။

မေး ။ ။ KIA တပ်ဖွဲ့ကို NCA စာချုပ်ထိုးခိုင်းတဲ့ ကိစ္စရော ဘယ်လိုဖိအားပေးလဲ။
ဖြေ ။ ။ ကျွန်တော့်ထင်မြင်ချက်က သူတို့က KIA ကို NCA လက်မှတ်အမြန်ထိုးခိုင်းစေချင်တယ်။ သူတို့က အစိုးရကိုလည်း ဖိအားပေးတယ်။ KIA ကိုလည်း ဖိအားပေးတယ်။ လက်နက်ကိုင်အားလုံးကိုလည်း ဖိအားပေးတယ်။ NCA ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုမှာ သူတို့ မတူဘူးဆိုတာ ကျွန်တော်တွေ့ရတာပေါ့။ တရုတ်ရဲ့ NCA က အမြန်ထိုးပြီးမှ သူတို့ ဒေသဖွံ့ဖြိုးရေးကို အမြန်လုပ်ချင်တယ်ဆိုတဲ့ ပန်းတိုင်ရှိတယ်။ ကျွန်တော်တို့ တပ်မတော်ဘက်က NCA ကတော့ NCA အမြန်ထိုးပြီးမှ လက်နက်ဖျက်သိမ်းရေး ကိစ္စတွေကို အမြန်လုပ်ချင်တဲ့အပေါ်မူတည်တယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ NCA ကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ထူထောင်၊ ပေါ်ပေါက်ရေးကို အမြင်ရှိတယ်။ ဒီအမြင်တွေက မတူဘူး။ မတူကြတော့ မထိုးဖြစ်ဘူးလို့ အဲဒီလိုပဲ ထင်မြင်ယူဆပါတယ်။
KIA တပ်ဖွဲ့က ကချင်လူထုကို ကိုယ်စားပြုတယ် ဆိုတာက ကချင်လူထုအားလုံးက ထောက်ခံတယ်။ လူထုအားလုံးကလည်း ငြိမ်းချမ်းရေးကို အမြန်ဖော်ဆောင်စေချင်တယ်။ ကချင်ဒေသရဲ့ ပြည်နယ်အေးချမ်းမှုကို သူတို့စွမ်းဆောင်စေချင်တဲ့ ဆန္ဒတွေရှိတော့ ထောက်ခံမှုတွေ ရှိတာပေါ့။

မေး ။ ။ တပ်မတော်နှင့် KIA တပ်ဖွဲ့အကြား ငြိမ်းချမ်းရေးအခြေအနေ။
ဖြေ ။ ။ ကျွန်တော်တို့ ပြည်သူလူထုအနေနဲ့ စစ်မှန်တဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုကို ဖော်ဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ ဦးဆောင်မယ်ဆိုရင် ကျွန်တော်တို့က ဘာမှ ပြောစရာ မရှိပါဘူး။ လက်ရှိ လူထုတွေရဲ့ ခံစားမှုကတော့ တရားမျှတမှု ချို့ယွင်းနေတာ သိရင်တော့ တရားမျှတမှုကို ဖော်ဆောင်ပေးမယ့် အဖွဲ့အစည်းကို ပိုပြီးတော့ လိုလားတာပေါ့။

မေး ။ ။ လက်ရှိ တရုတ်က ကချင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှုအခြေအနေ ဘယ်လိုရှိလဲ။
ဖြေ ။ ။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုက အခုကျွန်တော်တို့ သိရသလောက် တရုတ်ရဲ့ စီးပွားရေးမှာ လွှမ်းမိုးမှုက တရုတ်အစိုးရရဲ့ စီမံကိန်းမဟုတ်ဘဲနဲ့ တရုတ်တစ်ဦးချင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုက ဆိုးရွားတယ်ဆိုတော့ တရုတ်အစိုးရရဲ့ စီမံကိန်းလည်း အဲဒီလိုဖြစ်မယ်လို့ မြင်တာပေါ့။
တရုတ်တွေကလည်း အဲဒါ ဆင်ခြင်ဖို့ လိုတယ်ဆိုတာ နားလည်သွားကြပါပြီ။ သူတို့ ဒီမှာ နယ်စပ်ဒေသမှ လုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အစိုးရရဲ့ စီမံကိန်းမဟုတ်ဘဲနဲ့ တစ်သီးပုဂ္ဂလက ရင်းနှီးမြှုပ်နှံမှုက များနေတယ်ဆိုတာကို တွေ့ရတယ်။ သူတို့အစိုးရရဲ့ စီမံကိန်း အောင်မြင်ဖို့က သူတို့ ဒါတွေကို (Action) အရေးယူဖို့ ရှိမယ်လို့ ယူဆပါတယ်။

လွန့်ခဲ့တဲ့နှစ်မှ ခြစားမှု၊ လာဘ်စားမှုတွေ အရေးယူလာတာက အဲဒါတွေပဲ။ တစ်သီးပုဂ္ဂလရဲ့ ရင်းနှီးမြှုပ်နှံမှုက သိပ်များနေတော့ လာဘ်ပေးတဲ့လူလည်းဖမ်း၊ လာဘ်ယူတဲ့လူလည်း ဖမ်းတဲ့အဆင့် ရောက်သွားတာပေါ့။ တစ်သျှူးငှက်ပျောအစ၊ အားလုံးအားလုံးပဲ။ စီးပွားရေးမှာက သူတို့က လာဘ်ပေး၊ လာဘ်ယူအရမ်းများတယ်လေ။ အဲဒါတွေကို အရေးယူနေတာ တွေ့ရတယ်။

မေး ။ ။ နောက်ဆုံး ဖြည့်စွက်ပြောပြချင်တာရှိလား။
ဖြေ ။ ။ ကျွန်တော် ထပ်မံပြောပြချင်တာက အိမ်နီးချင်း တိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့်မို့ ဆက်ဆံ ပေါင်းသင်းရေးကို ကောင်းမွန်ဖို့က လိုတာပေါ့။ ပေါင်းသင်း ဆက်ဆံရေးလည်း မပျက်ရအောင်၊ ကိုယ့်ရဲ့ တိုင်းပြည်လည်း မနစ်နာရအောင် ဦးဆောင်တဲ့ ခေါင်းဆောင်တွေရဲ့ တိကျတဲ့ ဆုံးဖြတ်ချက်က အရေးကြီးမယ်လို့ ပြောပြချင်ပါတယ်။

နန့်အိသူ/ရန်ကုန်ခေတ်သစ်