News

POST TYPE

INTERVIEW

မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနေရာအတွက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဌေးမြင့်နှင့် တွေ့ဆုံခြင်း
08-Mar-2019
“ကျွန်တော်တို့လုပ်ပိုင်ခွင့်ရတဲ့ အချိန်အတွင်းမှာ လုပ်ပိုင်ခွင့်ရှိတဲ့အတိုင်း တတ်နိုင်သလောက်တော့ ကြိုးစားပြီးဆောင်ရွက်သွားမယ်”



 လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာနယ်ပယ် ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်စည်ပင် သာယာဥက္ကဋ္ဌရာထူးအတွက် ဝင်ပြိုင်ဖို့ လျှောက်ထား တယ်လို့ သိရပါတယ်။ ဘယ်မြို့နယ်ကနေ ဝင်ပြိုင်မှာလဲ။ ဘာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာလဲ။
UHM : မင်္ဂလာတောင်ညွန်မြို့နယ် စည်ပင်ဥက္ကဋ္ဌ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တာပါ။ ကျွန်တော်တို့က မြို့နယ်ထဲမှာလည်း အရင်ကတည်းက ဖွံ့ဖြိုးရေး လုပ်ငန်းတွေလိုက်လုပ်တယ်။ တိုင်းလွှတ်တော်ကိုယ်စားလှယ်နဲ့လည်း တွဲပြီးလုပ်ကိုင်ခဲ့တယ်။ နောက်ပိုင်းမှာ လုပ်ရမယ့်ကိစ္စတွေကို သူ့ကိုယ်စား ဆောင်ရွက်တာ ဖြစ်တဲ့အတွက် တာဝန်တစ်ရပ်အနေနဲ့ ကိုယ့်ရဲ့လုပ်ပိုင် ခွင့်နဲ့ရယူပြီးတော့လုပ်တာ ပိုသင့်တော်မယ်ပေါ့။ သူ့ ကိုယ်စားလှယ်အနေနဲ့ ကျွန်တော်က ဝန်းရံပြီး လုပ်ကိုင်ပေးနေရတာ။ တာဝန်တစ်ရပ်အနေနဲ့ တာဝန်တစ်ခုကိုယူပြီးတော့ လုပ်သင့်တယ်လို့ ထင်တယ်လေ။ မဟုတ်ရင်လည်း ကျွန်တော်က ဘာမှတာဝန်မရှိဘဲ လုပ်နေသလို ဖြစ်မှာပေါ့လေ။ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဒီထက်ပိုပြီး တာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်နိုင်အောင် ဝင်အရွေးခံခြင်းဖြစ်တာပါ။

Voice : ဒီနှစ် စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
UHM : ကျွန်တော်ကိုယ်တိုင်လည်း NLD ပါတီက ပါပဲ။ ပါတီညွန်ကြားချက်အရ ကျွန်တော်တို့မြို့နယ်ကတော့ ရွေးတယ်။ အထက်က အတည်ပြုချက်မရတဲ့အတွက် ကျွန်တော်က တစ်သီးပုဂ္ဂလဝင်ပြိုင်ခြင်းဖြစ်ပါတယ်။ NLD အနေနဲ့ အားသာမှုက အလံတံဆိပ် သုံးခွင့်ရှိတယ်ပေါ့။ တစ်သီးပုဂ္ဂလအနေနဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ အစွမ်းအစကို ဖော်ထုတ်ပြီးတော့ ကျွန်တော်တို့က သွားရတဲ့အပိုင်းဖြစ်တာပေါ့။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံရမယ်ဆိုရင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဘယ်အချက်တွေ အဓိကထားဆောင်ရွက်ပေးသွားဖို့ရှိလဲ။
UHM : ကျွန်တော်သာ ရွေးချယ်ခံရမယ်ဆိုရင် အချိန်မရွေး ကျွန်တော့်အိမ်တံခါးကို ခေါက်လိုက်ပါ။ ဖုန်းဆက်နိုင်ပါတယ်လို့ မဲဆွယ်တဲ့လက်ကမ်းစာရွက် တွေမှာ ရေးထားပါတယ်။ အခုလက်ရှိ ဖုန်းဆက်တဲ့သူ နှစ်ယောက်သုံးယောက်လောက်ရှိပါပြီ။ ကျွန်တော်တို့ မြို့နယ်က အဓိကတော့ မိုးတွင်းဆို ရေကြီးရေလျှံတယ်။ အစ်ကိုအနေနဲ့ ဒါတွေကို ဘယ်လိုမျိုးဖြေရှင်းပေးမလဲပေါ့။ အစ်ကိုတို့မြို့နယ်က အခုမှ ရေကြီးရေလျှံတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ငယ်ငယ်ထဲက ရေကြီးရေလျှံ ဖြစ်ပါတယ်။ အခုခေတ်မှာကျတော့ မြောင်းပိတ်ဆို့မှုကြောင့် နည်းနည်းပိုပြီးတော့ များလာတယ်ပေါ့။ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နဲ့ ကျွန်တော်တို့ တွဲပြီးလုပ်လာတဲ့အခါ စည်ပင်သာယာကနေ ကန်တော်ကြီးကို ရေစုကန်အဖြစ်ပြောင်းလဲပြီးတော့ မိုးတွင်းမှာ ဗဟန်းဘက်ကကျလာတဲ့ရေတွေကို ထိန်းပြီးမှ မိုးမရွာတဲ့ အချိန်မှာ ရေတံခါးကနေ ရေလွှတ်ပြီး လုပ်ထားပါတယ်။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုတွေကြောင့် ရေကြီးရေလျှံတာတွေ ဖြစ်တာလည်းပါတယ်။ စည်းကမ်းအနေနဲ့ကတော့ စည်ပင်ဥပဒေအသစ်မှာလည်း ပါထားပြီးသားပါ။ တော်တော်တော့ ကြပ်မတ်ရမယ်။ လူတွေရဲ့ အကျင့်တွေကို ပြောင်းရမှာပေါ့။ အရေးမယူတဲ့အခါ လွယ်လွယ်ကူကူပစ်တော့ စည်းမဲ့ကမ်းမဲ့တွေ ဖြစ်လာတာပေါ့။ ဒီလိုမတော်တဆကနေ ကြာလာတဲ့အခါကျတော့ စည်းပျက်ကမ်းပျက် ဖြစ်သွားတာပေါ့။ အဲဒါလေးတွေလည်း ကျွန်တော်တို့က ထိန်းသိမ်းရမှာပေါ့။

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ် သက်တမ်းသာ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့်အချိန်ကာလ လုံလောက်မယ်ထင်သလား။
UHM : ကျွန်တော်တို့က တတ်နိုင်သလောက် ကြိုးစားမယ်။ ရွေးချယ်ခံပြီးရင်တောင် လုပ်ရမယ့်ကာလက တိုတောင်းတယ်ဆိုတာသိတယ်။ အခုပြဋ္ဌာန်းထားတဲ့ စည်ပင်ဥပဒေအသစ်အရဆိုရင်တော့ ကျွန်တော်တို့က ကြပ်ကြပ်မတ်မတ် အကုန်လုံးမဆောင်ရွက်နိုင်ရင်တောင် ရာနှုန်းပြည့်လုပ်မယ်။ ကျွန်တော်တို့လုပ်ပိုင် ခွင့်ရတဲ့အချိန်အတွင်းမှာ လုပ်ပိုင်ခွင့်ရှိတဲ့အတိုင်း တတ်နိုင်သလောက်တော့ ကြိုးစားပြီးဆောင်ရွက်သွားမယ်။ ဒီလိုဆောင်ရွက်သွားရင် နောင်လာမယ့် နောက်သက်တမ်းကျတော့ ဆက်လက်ပြီးတော့ အကောင်အထည်ဖော်နိုင်မယ်။ အချိန်နည်းတယ်၊ များတယ်ကတော့ ရှိတဲ့အချိန်လေးပေါ့။ ရတဲ့အချိန်လေးမှာ ရသလောက် လုပ်ပိုင်ခွင့်လေးနဲ့ပဲ ဒီဥပဒေအတိုင်း ရသလောက် အကောင်အထည်ဖော်ချင်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာနေထိုင်တဲ့သူတွေက ဘာကြောင့်မဲပေးသင့်တာလဲ။
UHM : ပြီးခဲ့တဲ့စည်ပင်ရွေးကောက်ပွဲမှာ ဝင်အရွေးခံတဲ့သူကို ကျွန်တော်တို့ ပံ့ပိုးဆောင်ရွက်ပေးခဲ့ဖူးတယ်။ အဲဒီတုန်းက တစ်အိမ်တစ်ယောက်နှုန်း မဲပေးရတာဆိုတော့ အားနည်းတယ်။ အခုကျတော့ ၁၈ နှစ် ပြည့်ပြီး သူတိုင်း မဲပေးရမယ်ဆိုတော့ နည်းနည်းတော့ များလာမလားပေါ့။ အခုလက်ရှိပြောရမယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ ကြေညာထားတဲ့မဲစာရင်း လာကြည့်တဲ့သူတောင် တော်တော်နည်းပါတယ်။ အဓိကတော့ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုမဲလာ ပေးဖို့ကြိုးစားရမယ်။ စည်ပင်ဆိုတာကတော့ ရွေးချယ်မှုမှန်ကန်ဖို့လိုတယ်။ ပြည်သူလုထုအနေနဲ့ကတော့ စည်ပင်ရွေးကောက်ပွဲကျတော့ စိတ်ဝင်စားမှုအားနည်းတယ်။ သူတို့လည်း သူတို့ဟာနဲ့သူတို့ ရုန်းကန်ရတဲ့အတွက်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Voice : အခုလက်ရှိမှာ စည်ပင်ဥပဒေအသစ်ထုတ် ပြန်ထားပြီးပြီ။ ဒါပေမဲ့ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ ဝင်ပြိုင်တဲ့သူတစ်ယောက်အနေနဲ့ အဲဒီ အပေါ်မှာ ဘာပြောချင်သလဲ။ 
UHM : ကျွန်တော်ကိုယ်တိုင်လည်း အဲဒီအပေါ်မှာ သိပ်တော့အားမရဘူး။ သို့သော် စည်းမျဉ်းစည်းကမ်း ဆိုတာကတော့ ထုတ်ရမှာပဲ။ လူတွေရဲ့အကျင့်စရိုက် တွေကို စည်းကမ်းနဲ့ထိန်းရမယ်။ စည်းကမ်းနဲ့ ထိန်းတဲ့နေရာမှာ စည်းကမ်းမှာ ပြစ်ဒဏ်ဆိုတာပါလာမယ်။ လူတွေက တစ်ခါတလေကျတော့ အရေးယူအပြစ်ပေးရင် မကြိုက်ချင်ကြဘူး။ စည်းကမ်းပျက်ရင်ပျက်မယ်။ ဒဏ်ရိုက်ရင် ကြိုက်ချင်မှကြိုက်မယ်။ အရေးယူရင် ကြိုက်ချင်မှ ကြိုက်မယ်။ သို့သော် ဘာပဲပြောပြော နိုင်ငံတကာမှာလည်းရှိတယ်။ စင်ကာပူတို့၊ မလေးရှားတို့မှာ သွားလို့ရှိရင် ကျွန်တော်တို့ကိုယ်တိုင် အဲဒီဘက်ရောက်ခဲ့တုန်းကဆိုရင် သူများတိုင်းပြည်ရောက်ရင် အမှိုက်မပစ်ရဲဘူး။ တစ်ရှူးကအစ ဘောင်းဘီအိတ်ထဲမှာ ထည့်ရတယ်။ ပြီးတော့မှ အမှိုက်ပုံးရှိတဲ့နေရာမှာ ပစ်ရတယ်။ သူတို့ဥပဒေရှိတဲ့အခါမှာ အဲဒီပုံစံခွက်ထဲ ကို ကျွန်တော်တို့ဝင်သွားတယ်။ မြန်မာပြည်ရောက် တော့ ကျွန်တော်တို့ပြန်ပစ်တယ်။ ဘာဖြစ်လဲဆိုတော့ စည်ကမ်းနဲ့ ဥပဒေနဲ့ တင်းကျပ်စွာ အရေးယူမှုမရှိတဲ့အတွက် ပေါ့ပေါ့ဆဆနေတဲ့အခါကျတော့ ပြည်သူတွေက စည်းကမ်းပျက်သွားကြတယ်။ ဒီစည်ကမ်းက ရှိပြီးသားကို ကျွန်တော်တို့က ဖြစ်စေချင်တယ်။ စည်းကမ်းကို အတင်းအကျပ်ကိုင်တဲ့အခါကျတော့ သူတို့နဲ့ထိပ်တိုက်တွေ့တယ်။ အဲဒါကို ဘယ်လိုပုံစံမျိုးနဲ့သွားမလဲ။ ဟုတ်တယ် အရေးယူရမယ်။ အရေးယူမယ်လို့ ဆုံးဖြတ် ထားရင် အပြီးအပြတ်အရေးယူရမယ်။ ကွမ်းတံတွေး တင်မက လမ်းဘေးဈေးသည်တွေရှိတယ်။ ကျူးကျော်တွေရှိတယ်။ ကျွန်တော်တို့နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေပေါင်းပြီး အမိုးအဖီတွေဖျက်တဲ့အခါကျတော့ ဟိုဘက်ကျ မဖျက်ဘူး။ ဒီဘက်ကျဖျက်တယ်ပြောတော့ ကျွန်တော့်တို့မှာ လုပ်ရကိုင်ရတာ အခက်အခဲရှိတယ်။ တကယ်ဆို စီမံချက်တစ်ရပ်အနေနဲ့ တင်းတင်းကျပ်ကျပ်လုပ်ရမယ်။ ဒါပေမဲ့ လက်ရှိအစိုးရအနေနဲ့ ပြည်သူနဲ့ ထိပ်တိုက်တွေ့မှ သူတို့မှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့အချိန်မှာ လုပ်ရကိုင်ရခက်ခဲတဲ့အနေအထားဖြစ်နေတော့ အကြောင်းကြောင်း တွေကြောင့်ငဲ့ညှာတယ်။ အချို့ကိစ္စတွေကျတော့ ကျွန်တော်တို့က လက်မခံချင်ဘူး။ အကြောင်းကြောင်းကြောင့် ငဲ့ညှာနေရင် ဒီဥပဒေက ဘယ်တော့မှ အသက်ဝင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ လုပ်ပိုင်ခွင့်ရလာရင် ကော်မတီဝင်တွေကို တင်ပြရမယ်။ ဥပဒေ ထုတ်ထားပြီး လျော့တိလျော့ရဲလုပ်နေရင် အလကားပဲ။ ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတာက ဥပဒေက စာရွက်ထဲမှာ ပြဋ္ဌာန်းထားတာက အကောင်းကြီးပဲ။ လက်တွေ့ကိုင်တွယ်တဲ့အခါမှာ အကောင်အထည်မဖော်နိုင်တဲ့အခါကျတော့ ဥပဒေက အလကားပါကွာဆိုပြီး အားလုံးအမြင်မှာ အဲဒီလိုဖြစ်သွားတယ်။

Voice : မဲဆွယ်ကာလမှာ ဘယ်လိုမျိုးမဲဆွယ်စည်း ရုံးသွားမလဲ။ ယှဉ်ပြိုင်မယ့်မဲဆန္ဒနယ်က ပြည်သူတွေရော ဘာများပြောချင်လဲ။
UHM : ကျွန်တော်ကတော့ တစ်နိုင်တစ်ပိုင် ကိုယ့်အဖွဲ့လေးတွေနဲ့တော့ နီးစပ်ရာတွေမှာ ဈေးတွေ၊ လူစည်ကားတဲ့နေရာတွေမှာ ပန်းဖလက်လေးတွေဝေတဲ့ကိစ္စ တွေဆောင်ရွက်ပါတယ်။ မဲဆွယ်စည်းရုံးတာကိုတော့ ဆယ်တန်းစာမေးပွဲပြီးတဲ့အချိန်မှ ဆက်လုပ်မယ်။ အခုအချိန်က အသံချဲ့စက်တွေ သုံးခွင့်မပေးထားတော့ ရပ်ကွက်ထဲကလမ်းတွေမှာ စည်းရုံးရေးဆင်းမယ်။ အဲဒီလိုတော့ စီစဉ်ထားပါတယ်။ ပြည်သူတွေကတော့ တစ်သီးပုဂ္ဂလကို တော်တော်များများစိတ်ဝင်စားကြတယ်။

သက်သျှိုင်းသူ