News

POST TYPE

INTERVIEW

ဆရာများ၏ ရင်ဖွင့်သံ (စတုတ္ထတန်း ခရိုင်စစ်၊ အဋ္ဌမတန်း တိုင်း/ပြည်နယ်စစ်)
07-Mar-2019
အခြေခံပညာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းကို ခရိုင်စစ်၊ တိုင်း/ပြည်နယ်စစ် စာမေးပွဲအဖြစ်ပြောင်းလဲခဲ့သည်မှာ သုံးနှစ်ကျော် ကြာခဲ့ပြီဖြစ်သည်။ အောင်စာရင်း (အတန်းပြောင်းစာရင်း) ထုတ်ပြန်ရာတွင်လည်း အောင်၊ ကျရှုံးအစား A,B,C,D သတ်မှတ်ပြီး ထုတ်ပြန်ခဲ့သည်။ ယခုနှစ်တွင် ကျရှုံးဘာသာရပ်ကို နှုတ်မေး၊ နှုတ်ဖြေခွင့်ပြုတာ အတန်းကူးပြောင်းခွင့်ဆုံးဖြတ်ခြင်းကိုလည်း ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်နေသည်။ ထိုအခြေအနေများအပေါ် ဆရာ၊ ဆရာမများ၏ သဘောထားအမြင်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် စုစည်းဖော်ပြလိုက်ပါသည်။ 

“ကြိုးစားမှုပိုင်းမှာ အားနည်းလာတာတွေ တွေ့ရတယ်”
ဒေါ်မြသန်း (အထက၊ ဗိုလ်မင်းရောင်၊ တပ်ကုန်းမြို့နယ်) 

လေးတန်းကို ခရိုင်စစ်၊ ရှစ်တန်းကို တိုင်းစစ်အဖြစ် စာမေးပွဲစစ်ခဲ့တာ သုံးနှစ်ကျော်ပြီ။ လေးတန်းနဲ့ ရှစ်တန်းစာမေးပွဲအတွက်လည်း မေးခွန်းသေတ္တာတွေနဲ့ သက်ဆိုင်ရာကျောင်းတွေက လာထုတ်ရတယ်။ မေးခွန်းတိုက်တွေ ဘာတွေ ဆောက်ထားတာမျိုးတွေ ရှိတယ်။ အဲ့လိုလုပ်လိုက်တဲ့အတွက် ကောင်းတာကတော့ ဖြေမယ့်နေ့အထိ မေးခွန်းပေါက်တာတွေ မရှိတော့ဘူး။ အရင်ကဆို မေးခွန်းပေါက်တာမျိုး တွေရှိတယ်။ အခုကျ သက်ဆိုင်ရာ နယ်မြေအလိုက် မိသားစုကျောင်းတွေကို မေးခွန်းတွေ ပေးထားတယ်။ မိသားစုကျောင်းဆိုတာက အထက ၁ ဆို အထက ၁ ရဲ့ ကျောင်းခွဲလေးတွေအတွက်လည်း မေးခွန်းသေတ္တာ ထုတ်ပေးထားတယ်။ အဲ့လို သက်ဆိုင်ရာကျောင်းတွေကို တိုက်ရိုက်မေးခွန်းချပေးတဲ့အတွက် မေးခွန်းတွေကတော့ မပေါက်ကြားတော့ဘူးပေါ့။ အဲဒီ ကောင်းကျိုးတွေတော့ရှိပါတယ်။

နောက်တစ်ခုက လေးတန်းခရိုင်စစ်၊ ရှစ်တန်း တိုင်းစစ်မှာ စာမေးပွဲတွေ သုံးနှစ်ကျော် မေးလာခဲ့တယ်။ အဲအခါမှာ မအောင်မနေရစနစ်ဖြစ်တဲ့အတွက် အတန်းကူးပြောင်းခွင့်ကတော့ အကုန်ပေးရတယ်။ အဲဒီလိုပေးတဲ့အခါမှာ အဆင့်သတ်မှတ်ချက်တော့ရှိတာပေါ့။ ဘယ်လိုလဲဆို တကယ်အရည်အချင်းရှိလို့ အောင်သွားတဲ့ ကလေးတွေဆိုရင် A အဆင့်၊ သိပ်မတော်တဲ့ ကလေးတွေဆို B အဆင့်နဲ့ လုံးဝ မဖြေနိုင်တဲ့ ကျောင်းသားဆိုရင်တော့ C အဆင့်ဆိုပြီး သတ်မှတ်ထားတယ်။ အခု စနစ်က လာဖြေရင်ကို အောင်တဲ့ပုံစံမျိုးပေါ့နော်။ အဲ့လိုအောင်သွားတဲ့အတွက် ကျောင်းသားတွေမှာ အမှန်တကယ် အရည်အချင်းရှိသလားဆို ကျောင်းသားက ဘယ်လိုဖြေဖြေ အောင်မယ်ဆိုတာ သိနေတော့ စာမကြိုးစားချင်ဘူး။ ကြိုးစားမှုပိုင်းမှာ အားနည်းလာတာတွေ တွေ့ရတယ်။ ဒါကတော့ ပြောရမယ်ဆို ကျောင်းသားအတွက် မကောင်းဘူးပေါ့။

နောက်ထပ်တစ်ခုက အခုစနစ်က လာမဖြေတဲ့ သူကလွဲရင် အားလုံးအောင်တယ်။ တကယ်လို့ ကျောင်းသားဘက်က စာမေးပွဲဖြေဖို့အတွက် အမှန်တကယ် အခက်အခဲဖြစ်ပြီး လာမဖြေတာမျိုးဆိုရင် သက်ဆိုင်ရာအတန်းပိုင်ဆရာမတွေက တစ်ဆင့် လာမဖြေတဲ့ကလေးကို ဆက်သွယ်ပြီး စာမေးပွဲကို လာဖြေခိုင်းတာမျိုးတွေ လုပ်ပေးရတယ်။ ဒီနှစ်မှာ ရှစ်တန်းကျောင်းသားတစ်ယောက် ပထမဆုံးနေ့ မြန်မာစာဖြေမယ့်နေ့မှာ လာမဖြေဘူး။

အဲဒီအတွက် သက်ဆိုင်ရာကျောင်းကနေတစ်ဆင့် ကျောင်းသားနေတဲ့ရွာက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေ ကျောင်းသားက ဘာလို့စာမေးပွဲ လာမဖြေတာလဲဆိုပြီး စစ်ဆေးတယ်။ အဲဒီအခါမှာ ကျောင်းသားဘက်က မိသားစုစားဝတ်နေရေးအတွက် အခက်အခဲရှိနေလို့ လာမဖြေဘူးဆိုတာသိရတဲ့အတွက် နောက်ရက်တွေမှာ အဲ့ဒီကျောင်းသားကို စာမေးပွဲလာဖြေနိုင်အောင် ဆိုင်ကယ်ကယ်ရီငှားပြီး အကြို၊ အပို့ လုပ်ပေးလိုက်မှ ကျောင်းသားကဘာသာရပ်အစုံကို လာဖြေတာမျိုးတွေရှိတယ်။ တစ်ရက် စာမေးပွဲလာမဖြေရင်ကို မဖြေတဲ့ ကျောင်းသားတွေကို လိုက်ခေါ်ထားရတာပေါ့။

ဆိုလိုတာက စာမေးပွဲဖြေဆိုရာမှာ အကြောင်းပြချက်ခိုင်လုံရင် နှုတ်မေး၊ နှုတ်ဖြေကို စာမေးပွဲ အောင်စာရင်းထွက်ပြီးရင် ကျတဲ့ ဘာသာကို နှုတ်မေး၊ နှုတ်ဖြေပြန်ဖြေခွင့်ပေးတယ်။ စာမေးပွဲမှာ ကျတဲ့သူတွေကို အောင်စာရင်းထွက်ပြီးရင် ကျတဲ့ဘာသာရပ်အလိုက် နှုတ်မေး နှုတ်ဖြေ မေးခွန်းဖြေခိုင်းပြီး အအောင်ပေးလိုက်ရတာပေါ့။

“စာမလိုက်နိုင်တဲ့သူလည်း အချိန်တန် အောင်ကုန်ကြတာပဲ”
ဒေါ်ခင်မြင့်ရီ (အထက၊ ဗိုလ်မင်းရောင်၊ တပ်ကုန်းမြို့ )

လေးတန်းနဲ့ ရှစ်တန်းစာမေးပွဲမှာ မေးခွန်းတွေကို မေးခွန်းသေတ္တာတွေ မေးခွန်းတိုက်တွေဆောက်ပြီး သက်ဆိုင်ရာကျောင်းတွေက တစ်ဆင့် မေးခွန်းသေတ္တာတွေကို လာရောက်ထုတ်ယူရတာက ဟုတ်ပါတယ်။ အဲလိုလုပ်လိုက်တဲ့အတွက် ကောင်းတာက အပြင်ကို မေးခွန်းပေါက်တာမျိုးတွေ မရှိတော့ဘူးပေါ့။ ဒီလိုဖြစ်တာ ၂ နှစ်ရှိပြီ။ အရင်ကဆို ဒီနေ့လို ဖြေမယ်ဆို ဟုတ်သော်ရှိ မဟုတ်သော်ရှိ ညရှစ်နာရီ၊ ကိုးနာရီလောက်ဆို ဘာတွေ၊ ဘာတွေပါမယ်ဆိုပြီး မေးခွန်းပေါက်တာမျိုးတွေ ရှိတယ်။ အခုကျ အဲ့လို အသံမျိုး လုံးဝမကြားရတော့ဘူး။ နောက်တစ်ခုက အခုမေးခွန်းထုတ်တဲ့ ပုံစံက ၅ ယောက်ကော်မတီဖွဲ့ပြီး ထုတ်တာလည်းပါတယ်။ အဲဒီငါးယောက်မှာ ကျောင်းအုပ်ကြီးအပါအဝင် သက်ဆိုင်ရာ ဆရာ၊ ဆရာမတွေရယ်၊ မြို့နယ်အုပ်ချူပ်ရေးမှူးတွေ၊ ရွာကျောင်းတွေမှာဆို ကျေးရွာအုပ်ချုပ်ရေးမှူး စတဲ့ အုပ်ချုပ်ရေးအပိုင်းက တာဝန်ရှိသူတွေနဲ့ အဖွဲ့ဖွဲ့ပြီး မေးခွန်းကို ထုတ်တဲ့အတွက် မေးခွန်းပေါက်ကြားတာမျိုးတော့ အခု ၂ နှစ်အတွင်း လုံးဝမတွေ့ရတော့ဘူး။ မေးခွန်းလုံခြုံမှုရှိတယ်လို့ ပြောလို့ရတာပေါ့။

လေးတန်းခရိုင်စစ်နဲ့ ရှစ်တန်းကို တိုင်းစစ် စာမေးပွဲတွေလုပ်လာတဲ့ ကာလတစ်လျှောက်မှာ တကယ်ပဲ အရည်အချင်းရှိတဲ့ ကျောင်းသားတွေကိုပဲ အတန်းကူးပြောင်းခွင့်ပေးတာမျိုးတော့ မဟုတ်ဘူး။ အကုန် အအောင်ပေးရတာပဲ။ အဲ့ဒီအတွက် အတန်းထဲမှာ အရည်အချင်းရှိတဲ့ ကလေးရော စာလုံးဝ လိုက်မရေးတဲ့ အရည်အချင်းမပြည့်တဲ့ ကျောင်းသားတွေဆိုလည်း စာမေးပွဲ လာဖြေတယ်ဆိုတာနဲ့ကို အောင်ကြတာပဲ။ အဖြေလွှာထဲမှာ သူဘာတွေ ထည့်ဖြေခဲ့လဲ၊ မဖြေခဲ့လဲကတော့ မသိရဘူး။ ရှစ်တန်းဆို ရှစ်တန်းအဆင့်မမီတဲ့သူလည်း အောင်ကုန်တာပဲ။

အရင်ကဆို မဖြေနိုင်တဲ့ ကျောင်းသားတွေအတွက် ကုစားဆိုပြီး သတ်သတ်ဖြေရတာမျိုးရှိတယ်။ စာမေးပွဲမှာ မဖြေနိုင်ရင် စာမေးပွဲအောင်စာရင်းထွက်လို့ မအောင်ရင် နွေရာသီမှာ ကုစားပြန်တက်ရတယ်။ အခုကျ ကုစားမရှိတဲ့အတွက် တစ်ခါတည်း အောင်ကုန်ကြတယ်။ အတန်းထဲမှာ စာမလိုက်နိုင်တဲ့သူလည်း အချိန်တန်အောင်ကုန်ကြတာပဲ။ 

အခုစနစ်က စာမေးပွဲလာမဖြေလို့ ကျတဲ့ ကျောင်းသားတွေကို နှုတ်မေး နှုတ်ဖြေမေးခွန်းမေးပြီး အအောင်ပေးပါတယ်။ ဘာလို့စာမေးပွဲကိုလာမဖြေရတာလဲဆိုတာကို ကျောင်းသားက အသနားခံစာ တင်ရတယ်။ ဒီနှစ် ကျွန်မအတန်းထဲက ကျောင်းသား တစ်ယောက်က ကျွန်မသင်တဲ့ မြန်မာစာမေးခွန်း လာမဖြေဘူး။ ကျန်တဲ့ ဘာသာတွေတော့ အကုန်ဖြေတယ်။ အဲဒီအတွက် သူဘာလို့ စာမေးပွဲလာမဖြေတာလဲဆို မိသားစုက စားဝတ်နေရေးအဆင်မပြေဘူး။ စာမေးပွဲလာဖြေဖို့ ရွာကနေ မြို့ကိုလာဖို့ ဆိုင်ကယ် ကယ်ရီခတောင် မရှိတာမျိုး။ အဲဒီအတွက် ကျောင်းသားဘက်မှာ တစ်ဘာသာ အခက်အခဲ ဖြစ်သွားတယ်။ ဒါကြောင့် ကျတဲ့ဘာသာရပ်ကို မြို့နယ်ပညာရေးမှူး ရုံးကို သွားပြီး နှုတ်မေး နှုတ်ဖြေ သွားဖြေရတယ်။ နောက်တစ်ယောက်ကျ ဘာသာစုံလာမဖြေတာ။ သူကျ ကျောင်းသားလေး။ စာမေးပွဲမဖြေခင် ခိုးပြေးသွားတဲ့အတွက် အခုထိ မိဘတွေလည်း သူတို့ ရှာမရသေးတော့ ကျွန်မတို့လည်း မတတ်နိုင်ဘူး။ သူတော့ အောင်စာရင်းထွက်ရင် ကျမလား။ အောင်မလား စောင့်ကြည့်ရမှာပေါ့။  

ခိုင်ချယ်ရီထွန်း


  • VIA