News

POST TYPE

INTERVIEW

ကျောက်တံတားမြို့နယ် စည်ပင်ဥက္ကဋ္ဌနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးကျော်စွာဝင်းနှင့် တွေ့ဆုံခြင်း
07-Mar-2019


လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

“ဒုတိယမြို့တော်ဝန်က ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကော်မတီဝင်ခြောက်ဦးထဲကပဲ ဖြစ်လာနိုင်ပါတယ်”

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်စည်ပင် သာယာဥက္ကဋ္ဌနေရာဝင်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရတယ်။ ဘယ်မြို့နယ်ကနေ ဝင်ပြိုင်မှာလဲ။ ရည်ရွယ်ချက်ကရော။
UKSW : ကျောက်တံတားမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနေရာအတွက် ဝင်ပြိုင်မှာပါ။ မြို့တွင်းမြို့နယ် (Downtown) ဖြစ်တဲ့အတွက် ကျောက်တံတားမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲချင်တဲ့ဆန္ဒနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်။

Voice : ဒုတိယမြို့တော်ဝန်ကို ပြည်သူကရွေးချယ် တင်မြှောက်တဲ့ ကော်မတီဝင်ခြောက်ဦးနဲ့ တိုင်းအစိုးရက ခန့်အပ်ထားတဲ့ကော်မတီဝင်ငါးဦး စုစုပေါင်း ၁၁ ဦးထဲကနေ မဲခွဲဆုံးဖြတ်ရွေးချယ်မယ်လို့ သိရပါတယ်။ ဆိုတော့ ဒုတိယမြို့တော်ဝန်က ပြည်သူတွေရွေးချယ်ထားတဲ့ ကော်မတီဝင် ခြောက်ဦးထဲက ဖြစ်လာနိုင်ဖွယ်ရှိလား။
UKSW : ဒုတိယမြို့တော်ဝန်က ပြည်သူတွေရွေးချယ် တင်မြှောက်ထားတဲ့ ကော်မတီဝင်ခြောက်ဦးထဲကပဲ ဖြစ်လာနိုင်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ ရွေးချယ်ခံခဲ့ရမယ်ဆိုရင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်အချက်တွေ အဓိကထား ဆောင်ရွက်ပေးသွားဖို့ရှိလဲ။ 
UKSW : မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ စီမံချက်တွေရှိပါတယ်။ ကျန်ရှိနေသေးတဲ့ စီမံချက်များနဲ့ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားပါမယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ် သက်တမ်းသာရှိတဲ့အတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်မယ့်အချိန် လုံလောက်မယ် ထင်သလား။ 
UKSW : ၂ နှစ်တာသက်တမ်းက ကာလအားဖြင့် ကာလတိုဖြစ်ပေမယ့် ဖွံ့ဖြိုးတက်ရေးကိစ္စရပ်တွေမှာ အချိန်နဲ့တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားမယ်ဆိုရင် အထိုက်အလျောက်လုံလောက်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ နေထိုင်တဲ့သူတွေက ဘာကြောင့်မဲပေးသင့်သလဲ။
UKSW : ပြည်သူလူထုနဲ့ အမြဲလိုထိတွေ့ဆက်ဆံနေ ရတဲ့ဌာနတစ်ခုဖြစ်တဲ့အတွက် မိမိတို့နေထိုင်ရာမြို့နယ် သန့်ရှင်းသာယာလှပစေဖို့အတွက် ရန်ကုန်မြို့မှာ နေထိုင်တဲ့သူတိုင်း မဲပေးသင့်ပါတယ်။

Voice : ယခုလက်ရှိမှာ စည်ပင်ဥပဒေအသစ်ထုတ် ပြန်ထားပြီးပါပြီ။ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုတွေ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတစ်ယောက်အနေနဲ့ ဒီအပေါ်မှာ ဘာပြောချင်သလဲ။ 
UKSW : ဥပဒေ၊ နည်းဥပဒေအသစ် ထုတ်ပြန်ထားတဲ့အပေါ်မှာ ပြည်သူလူထုအနေနဲ့ လိုက်နာကျင့်သုံးနိုင်အောင်၊ ပြည်သူလူထုသိရှိနားလည်နိုင်အောင် အဆင့်ဆင့်ပညာပေးပြီး လမ်းပြဆောင်ရွက်ရမည့်အချိန် ဖြစ်ပါတယ်။

Voice : အစ်ကိုယှဉ်ပြိုင်တဲ့မြို့နယ်မှာကရော ဘယ်အချက်တွေပြုပြင်ပြောင်းလဲဖို့ရှိသလဲ။ 
UKSW : လိုအပ်ချက်အသီးသီးကို ရပ်ကွက်အလိုက် ကွင်းဆင်းပြီး အဓိကထားပြုပြင်ပြောင်းလဲရမယ့်ကိစ္စရပ်တွေကို ဆောင်ရွက်ပေးသွားရမှာဖြစ်ပါတယ်။

Voice : လက်ရှိမှာ စည်ပင်ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားမှုနည်းနေတာ တွေ့ရတယ်။ အများပြည်သူ သိရှိလာပြီး မဲပေးတဲ့ပြည်သူများလာအောင် ဘယ်လိုလုပ်မလဲဗျ။ 
UKSW : စည်ပင်ရွေးကောက်ပွဲက အချိန်ကာလအားဖြင့် နီးကပ်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထုမသိသေးတာတွေကို သိရှိလာအောင် အမြန်ဆုံး ကွင်းဆင်းဆောင်ရွက်သွားပါ့မယ်။

Voice : ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို တရားဝင်ကြေညာပြီးပြီဆိုတော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ နိုင်ငံရေးပါတီတွေနဲ့ တစ်သီးပုဂ္ဂလတွေကြားမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
UKSW : ပြည်သူလူထုက ရွေးချယ်မှာဖြစ်တဲ့အတွက် ကိုယ်ကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်ကို ရွေးချယ်ပြီး လွတ်လပ်စွာ မဲပေးနိုင်ပါတယ်။  

သက်သျှိုင်းသူ


  • VIA