News

POST TYPE

INTERVIEW

ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံခြင်း
06-Mar-2019
ရေကျောက်ရောဂါ

“ရေကျောက်က သူ့ဘာသာပြန်ကောင်းမယ်ဆိုပြီးတော့လည်း အိမ်မှာမနေသင့်ဘူး”



ရေကျောက်ရောဂါသည် ရာသီအကူးအပြောင်းကာလတွင် ဖြစ်ပွားတတ်ပြီး ဆောင်းအကုန် နွေအကူးကာလတွင် ပို၍ဖြစ်ပွားတတ်ပါသည်။ ယင်းရောဂါသည် ရက်ပိုင်းအတွင်း ပျောက်ကင်းနိုင်သော်လည်း အခြားဗက်တီးရီးယားပိုးများ ဝင်ရောက်မှုကြောင့် ရေကျောက်ပေါက်၍ဖြစ်သည့် ရေကြည်ဖုမှတစ်ဆင့် ပြည်တည်နာနှင့် ဗက်တီးရီးယားအဆုတ်ရောင် (နမိုးနီးယား) ခြင်းများကို ဖြစ်ပွားနိုင်သည်။ အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်၍ အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ရေကျောက်ပေါက်တယ်ဆိုတာကို ရှင်းပြပေးပါဦး ဆရာ။
Dr.MAKN : ရေကျောက်က ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တယ်။ ကလေးငယ်တွေမှာ အဓိကဖြစ်တယ်။ တစ်ခါဖြစ်ပြီးသွားလို့ ကိုယ်ခံအားစနစ်ရသွားတဲ့အခါမှာ တစ်သက်လုံး ပြန်မဖြစ်တော့ဘူး။ ကာကွယ်ဆေးထိုးပြီးတော့လည်း ရောဂါမဖြစ်အောင် ကာကွယ်လို့ရတယ်။ ကာကွယ်ဆေးက ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ထဲမှာမပါဘူး။ ရေကျောက်က ကူးစက်နှုန်း အရမ်းလွယ်တယ်။ မူလတန်းအရွယ် ကလေးတစ်ယောက်က ရေကျောက်ဖြစ်တယ်ဆိုရင် ကျောင်းတက်လိုက်ရင် သူ့ဘေးမှာထိုင်တဲ့လူတွေက နောက်တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ ဖျားပြီးတော့ ရေကျောက်ပေါက်ကြတယ်။

Voice : ရေကျောက်က အခုလို နွေရာသီမှာပဲ ပေါက်တာလား။ အခြားရာသီတွေမှာရော ပေါက်ပါသလား။
Dr.MAKN : ရေကျောက်အပါအဝင် ဝက်သက်တို့လို ဗိုင်းရပ်စ်တွေက ဆောင်းအကုန် နွေအကူးအချိန်မှာ ပျံ့နှံ့မှုနှုန်းများတယ်။ နောက်ပြီး နွေအကုန် မိုးအကူးပေါ့။ အထူးသဖြင့် လေထုထဲမှာ ဗိုင်းရပ်စ်ပွားများမှုနှုန်းက ပိုများတယ်။ အဲဒီလို ရာသီအကူး အပြောင်းမှာ ကိုယ့်ရဲ့ ကိုယ်ခံစနစ်ကျတဲ့အခါမှာ ဗိုင်းရပ်စ်ပိုးတွေဝင်ရောက်ပြီး လက္ခဏာတွေပေါ်လာတာ တွေ့ရတယ်။ ရာသီတိုင်းမှာတွေ့ရတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ ပိုများတယ်။

Voice : ဟုတ်ကဲ့။ ရေကျောက်က ကလေးတွေမှာပဲဖြစ်တာလား၊ လူကြီးတွေမှာ မဖြစ်နိုင်ဘူးလား။
Dr.MAKN : ကလေးမှာဖြစ်ပြီးသွားရင် လူကြီးမှာ မဖြစ်တော့ဘူး။ ဒီတော့ လူကြီးမှာ တွေ့ရနည်းတယ်။ ဒါပေမဲ့ လူကြီးတွေမှာလည်း တွေ့ရတယ်။ ငယ်ငယ်တုန်းက အကြောင်းအမျိုးမျိုးနဲ့ ကာကွယ်ဆေး မထိုးခဲ့ဘူး၊ ရေကျောက်ရောဂါမဖြစ်ခဲ့ဘူးဆိုရင် ပိုးနဲ့ထိတွေ့တဲ့အခါမှာ ဖြစ်နိုင်ပါတယ်။

Voice : ရေကျောက်ရောဂါကာကွယ်ဆေးက ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ထဲမှာပါလား ဆရာ။
Dr.MAKN : ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ထဲမှာ မပါပါဘူး။ ရေကျောက်ရောဂါကာကွယ်ဆေးက နှစ်ကြိမ်ထိုးရင် ကာကွယ်ပြီးသားဖြစ်တယ်။ သူ့ကို ပုံမှန်ထိုးနေတဲ့ ကာကွယ်ဆေးတွေထိုးတဲ့အခါမှာ တွဲပြီးတော့ ထိုးပေးလို့ရပါတယ်။ နှစ်ကြိမ်ထိုးလိုက်ရင် သူက ကိုယ်ခံစနစ်ရပြီးတော့ တစ်သက်လုံး ရေကျောက် ရောဂါကာကွယ်ပြီးသား ဖြစ်တယ်။ ကာကွယ်ဆေးကို ဘာမှမဖြစ်ခင်ကတည်းက ထိုးရမယ်။ ဖြစ်မှထိုးရင် ဘာမှမထူးခြားဘူး။ ဒါက ကာကွယ်ဆေးထိုး အစီအစဉ်ထဲ မပါပေမယ့် အပြင်မှာသီးသန့်ထိုးလို့ရပါတယ်။ လူကြီးတွေလည်း ရေကျောက်မပေါက်သေးလို့ ကာကွယ်ဆေးထိုးမယ်ဆိုရင်လည်း ထိုးထားလို့ရပါတယ်။

Voice : ရေကျောက်ရောဂါရဲ့ လက္ခဏာတွေကရော ဆရာ။
Dr.MAKN : လေထုထဲက ပိုးတွေကို ရှူရှိုက်မိရင် အသက်ရှူလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်တယ်။ ပိုးဝင်ရောက်ပြီးတော့ တစ်ပတ် လောက်ဆိုရင် ဖျားတာနဲ့စတယ်။ ရေကျောက်က ဗိုင်းရပ်စ်ဖြစ်တဲ့အတွက် ဖျားမယ်၊ ခေါင်းကိုက်မယ်၊ နှာစေး၊ ချောင်းဆိုးမယ်။ ပြီးတော့ ဖျားပြီး ၃ ရက်ကနေ ၅ ရက်အတွင်းမှာ ခန္ဓာကိုယ်မှာ ရေကြည်ဖုလေးတွေ ပေါက်လာမယ်။ ခန္ဓာကိုယ်ကတစ်ဆင့် လည်ပင်း၊ မျက်နှာ၊ ခြေ၊ လက်တွေကနေ တစ်ကိုယ်လုံး ပျံ့နှံ့သွားတယ်။ ပြီးတော့ အနာဖေးအဖတ်လေးတွေ ဖြစ်သွားတယ်။ တစ်ပတ်လောက်နေတဲ့အခါမှာ အနာဖေးတွေ ကွာကျသွားတယ်။ ဖျားတဲ့အချိန်ကနေစပြီး အနာဖေးကွာတဲ့အချိန်အထိ သူ့ရဲ့နှာစေးချောင်းဆိုးလို့ထွက်လာတဲ့ အမှုန်အမွှားတွေက လေထုထဲကတစ်ဆင့် ဘေးမှာရှိတဲ့သူတွေကို ကူးစက်နိုင်တယ်။

Voice : ရေကျောက်ဖြစ်ပြီဆိုရင် ဘယ်လိုမျိုး ကုသလို့ရနိုင်ပါသလဲ။
Dr.MAKN : ရေကျောက်ရောဂါက ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်တဲ့အတွက် ပိုးသတ်ဆေး သတ်သတ်မှတ်မှတ်ပေးစရာမလိုဘူး။ ဗိုင်းရပ်စ်ပိုးအများစုက သူ့ရဲ့ ခန္ဓာကိုယ်ကပဲ ပြန်လည်တိုက်ထုတ်နိုင်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ကိုယ်ခံစနစ်တက်အောင် အနားယူရမယ်။ အသီးအရွက်များများစာရမယ်။ အစားပျော့ပျော့ စားရမယ်။ ရေများများသောက်ရမယ်။ နောက်ပြီး ကိုယ့်ဘေးနားကလူတွေ မကူးစက်အောင် သီးသန့်လေးနေနိုင်ရင်တော့ကောင်းတယ်။ ဒါမှမဟုတ်လည်း ချောင်းဆိုးတဲ့အခါ ကိုယ့်ရဲ့ပိုးမွှားတွေ အပြင်မထွက်အောင် နှာခေါင်းစည်းတပ်ထားလို့ရတယ်။ နောက်တစ်ခုက ရေကျောက်ရောဂါပိုး ဝင်ခံရတဲ့သူတွေမှာ အရေပြားမှာ အရေကြည်ဖုတွေဖြစ်တယ်။ အဲ့ဒီမှာ ဗက်တီးရီးယားပိုးဝင်ပြီးတော့ ပြည်တည်နာဖြစ်တတ်တယ်။ ပြီးတော့ အသက်ရှူလမ်းကြောင်းထဲမှာ ပိုးဝင်ပြီးတော့ ဗက်တီးရီးယား အဆုတ်ရောင် (နမိုးနီးယား) ဖြစ်တယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ရေကျောက်ပေါက်ရင် အရေးကြီးတယ်။ သူတို့မှာ ဗက်တီးရီးယား အဆုတ်ရောင်ဝင်ဖို့ ပိုများတယ်။

Voice : ဟုတ်ကဲ့။ ပြည်တည်နာတွေနဲ့ ဗတ်တီးရီးယား အဆုတ်ရောင်နဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး ဆရာ။
Dr.MAKN : ရေကျောက်ကြောင့်ဖြစ်တာက ရေကြည်ဖုလေးတွေပဲ ဖြစ်ပြီးတော့ အနာဖေးဖြစ်သွားမယ်။ အဲဒီမှာ အပြင်က ဗက်တီးရီးယားပိုးဝင်ရင် ပြည်တည်နာဖြစ်သွားတယ်။ မူလက ရေကျောက်သည် ပြည်မရှိဘူး။ ဒါကြောင့် ရေကျောက်ပေါက်တဲ့ ကလေးတွေရော၊ ကိုယ်ဝန်ဆောင်တွေရောကို ဗက်တီးရီးယားပိုးသတ်တဲ့ဆေးပေးပါတယ်။ ဒါက ရေကျောက်ပိုးကိုသတ်ဖို့မဟုတ်ဘဲ ရေကျောက်နဲ့ အတူတွဲပြီးဝင်လာတဲ့ ဗက်တီးရီးယားပိုးကို ကာကွယ်ဖို့ အတွက် ပဋိဇီဝပိုးသတ်ဆေးတွေပေးလေ့ရှိပါတယ်။ အဆုတ်ရောင်ပြီဆိုရင် အဖျားကြီးမယ်၊ ခေါင်းကိုက်မယ်၊ ဗက်တီးရီးယားပိုးကြောင့် နမိုးနီးယားဖြစ်တယ်ဆိုရင်တော့ ချောင်းဆိုးမယ်၊ ချောင်းဆိုးရင်းသလိပ်ထဲမှာ သွေးစတွေပါမယ်၊ ရင်ဘတ်အောင့်တာတွေ တွဲလာပြီဆိုရင် ဒါက ဗက်တီးရီးယား နမိုးနီးယားရဲ့ လက္ခဏာပဲ။ ဒါကြောင့် ရေကျောက်က သူ့ဘာသာ ပြန်ကောင်းမယ်ဆိုပြီးတော့လည်း အိမ်မှာ မနေသင့်ဘူး။ ဆရာဝန်နဲ့တော့တိုင်ပင်ပြီး ပြသသင့်တယ်။

Voice : ဆရာ့အနေနဲ့ လူထုအတွက် ရေကျောက် ရောဂါနဲ့ပတ်သက်တဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။
Dr.MAKN : ရေကျောက်မဖြစ်ဖူးသေးတဲ့သူတွေ၊ ငယ်ငယ်တုန်းက ရေကျောက်မပေါက်ဖူးဘူး၊ ရေကျောက် ကာကွယ်ဆေးလည်း မထိုးခဲ့တဲ့သူတွေသည် ဒီအချိန်မှာ ကိုယ်ခံစနစ်တက်အောင် ကျန်းမာလိုသူတိုင်း စားသောက်နေထိုင်တဲ့ပုံစံဖြစ်တဲ့ အသီးအရွက်၊ သီးနှံများများစားတယ်၊ ရေများများသောက်တယ်၊ စိတ်အေးအေးထားတယ်၊ အိပ်ရေးဝဝအိပ်တယ် စတဲ့နည်းတွေနဲ့ ကိုယ်ခံစနစ်မြှင့်ရင် ရေကျောက်မှ မဟုတ်ဘူး၊ ကျန်တဲ့ဗိုင်းရပ်စ်တော်တော်များများကို ခံနိုင်ရည်ရှိမယ်။ ဒါက သာမန်ကောင်းနေတဲ့သူတွေ။ ဖျားနာ၊ နှာစေး၊ ချောင်းဆိုးတဲ့သူတွေ ကိုယ့်ဘေးနားရောက်ရင် ခပ်ဝေးဝေးနေပါ။ ကိုယ့်ရဲ့နှာခေါင်းကို အုပ်ထားသင့်တယ်။ နောက်ပြီး ဖျားနေတဲ့သူတွေအနေ နဲ့ စပြီးဖျားတဲ့ ၃ ရက်၊ ၄ရက်အတွင်းမှာ ဘာကြောင့် ဖျားသလဲ ဆိုတာကို ရေကြည်ဖုမပေါက်သရွေ့မသိကြ ဘူး။ မည်သူမဆို ဖျားတယ်၊ ခေါင်းကိုက်တယ်၊ ကိုယ် လက်ကိုက်တဲ့ တုပ်ကွေးလက္ခဏာရှိရင် ရေကျောက်လည်း ဖြစ်နိုင်သလို၊ ရိုးရိုးတုပ်ကွေးလည်း ဖြစ်နိုင်တယ်၊ သွေးလွန်တုပ်ကွေးလည်း ဖြစ်နိုင်တယ်၊ ဝက်သက် ရောဂါလည်း ဖြစ်နိုင်တဲ့အတွက်ကြောင့် တတ်နိုင်ရင် နားနားနေနေနဲ့ လူတွေနဲ့ ခပ်ဝေးဝေးနေသင့်တယ်။ အထူးသဖြင့် နှာရည်ယို၊ ချောင်းဆိုးတယ်ဆိုရင် တစ်သျှူး ကို သုံးပြီး အကာအကွယ်ယူသင့်တယ်။ ပြီးရင် အဲဒါ ကို အမှိုက်ပုံးထဲပစ်ပြီး လက်ကို စင်အောင်ဆေးထားသင့်တယ်။ ဒီလိုနည်းနဲ့ တစ်ဦးနဲ့တစ်ဦး မကူးအောင် ကာကွယ်လို့ရတယ်။ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေအနေနဲ့ ရေကျောက်မပေါက်ဖူးတာ သေချာရင် ရေကျောက်ကာကွယ်ဆေးကို ထိုးလို့ရပါတယ်။ ဖြစ်လာခဲ့ရင်လည်း စိုးရိမ်စရာမရှိပါဘူး။ နားနားနေနေနဲ့ ဆရာဝန်ဆီမှာ လိုအပ်တဲ့ဆေးဝါးသောက်သုံးမှုခံယူရင် လူအများစုက ဘာမှနောက်ဆက်တွဲဆိုးကျိုးတွေ မရှိဘဲနဲ့ လွယ်လွယ်ကူကူနဲ့ ကောင်းသွားပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ