News

POST TYPE

INTERVIEW

တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ဦးအောင်မျိုးလင်းနှင့်တွေ့ဆုံခြင်း
06-Mar-2019


လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

“အစ်ကိုတို့သာ တာဝန်ယူခဲ့ရမယ်ဆိုရင် အစ်ကိုတို့ တာမွေမြို့နယ်ထဲက အများပိုင်မြေတစ်ခုမှ အပြင်ကိုမရောက်စေရဘူး”

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်စည်ပင်သာယာ ဥက္ကဋ္ဌရာထူးအတွက် ဝင်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မြို့နယ်ကနေ ဝင်ပြိုင်မှာလဲ။ ရည်ရွယ်ချက်ကရော။
UAML : တာမွေမြို့နယ်၊ စည်ပင်ဥက္ကဋ္ဌနေရာအတွက် ဝင်ပြိုင်တာပါ။ ပြည်သူလူထုကို ဝန်ဆောင်မှုပေးတဲ့ နေရာမှာ အများကြီး လိုအပ်ချက်တွေရှိပါတယ်။ လိုအပ်ချက်တွေကတော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော လိုအပ်ချက်တွေ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာဆိုတာက လူတွေက စည်ပင်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိဘူး။ စည်ပင်သာယာနဲ့ ဆက်ဆံတဲ့နေရာ မှာ စိတ်ကျေနပ်မှုတွေ မရှိကြဘူး။ စီမံကိန်းတွေ ဖော်ဆောင်တဲ့အခါမှာလည်း လူတွေနဲ့ ဘတ်ဂျက်အသုံးပြု ပြီးတော့ ဖော်ဆောင်ပေးရတာ။ အဲဒီမှာ ပြည်သူလူထုက ပူးပေါင်းပါဝင်မှုမရှိဘူး။ ပြည်သူလူထုက သိခွင့်မရှိဘူး။ ပြည်သူလူထုရဲ့ လိုအပ်ချက်နဲ့ ဌာနကပေးတာနဲ့ မအပ်စပ်ဘူးဖြစ်နေတယ်။ ပြည်သူ့ဝန်ဆောင်မှုကို ဘယ်လိုအကောင်းဆုံးပေးနိုင်မလဲ။ အခုလို အကူးအပြောင်းကာလမှာ ပြည်သူလူထုကို ပါဝင်ခွင့်ဘယ်လိုပေးမလဲ။ ဒါမျိုးတွေ လုပ်ပေးမယ်။ စည်ပင်သာယာနဲ့ပတ်သက်လို့ ဝန်ဆောင်မှုတွေပဲလုပ်လုပ် မကျေနပ်လို့တိုင်ကြားတယ်ဆိုတဲ့ အခါကျတော့ အခုလက်ရှိဖြစ်နေတာက စည်ပင်သာယာရေးကော်မတီကို တိုင်လိုက်တဲ့အခါကျရင် တိုင်တဲ့သူရဲ့နာမည်ကို ဖော်ထုတ်တယ်။ လူတွေသိသွားတယ်။ သိသွားတဲ့အခါကျတော့ တိုင်တဲ့သူကို တိုင်ကြားခံရသူက လက်တုံ့ပြန်တာတွေ ရှိတယ်ဆိုတော့ တော်ရုံတန်ရုံ ဘယ်သူပဲဖြစ်ဖြစ် မတိုင်ရဲကြတော့ဘူး။ အဲဒီတော့ ဒီလောကကြီးက ဆိုးသထက်ဆိုးနေတယ်ဆိုတော့ အစ်ကိုတို့ကို တာဝန်ပေးအပ်ခဲ့မယ်ဆိုရင် အဲဒီလိုကိစ္စတွေကို သေချာကိုင်တွယ်မယ်။ စီမံကိန်းတွေ လုပ်တဲ့အခါ အစအလယ်အဆုံး ပူးပေါင်းပါဝင်ခွင့်ပေးမယ်။ ဝေဖန်ပိုင်ခွင့်၊ အကြံပေးပိုင်ခွင့်၊ တောင်းဆိုခွင့် တိုင်ကြားပိုင်ခွင့်ပေးမယ်။ စာတွေတင်လာခဲ့ရင်လည်း ပြန်ပြီးတုံ့ပြန်ပေးမယ်။ ရုံးတစ်ရုံးကို စာရောက်တယ်ဆိုရင် ကိုယ့်စာက ရောက်လို့ ရောက်မှန်းလည်း မသိဘူး။ အကြောင်းလည်း မပြန်ဘူး။ အစ်ကိုတို့ကျရင် ပြန်အကြောင်းပြန်မယ့်အပြင် မြန်မြန်ဆန်ဆန်နဲ့ အကောင်အထည်ဖော်လုပ်ပေးမယ်။ ပြီးရင် တိုင်ကြားတဲ့သူကို လျှို့ဝှက်ပေးထားမယ်။ ဒါမှ လက်တုံ့ပြန်ခြင်းမူဝါဒတွေ တားဆီးထားလို့ရမယ်။ အကူအပြောင်းကာလမှာ တရားမျှတမှုလည်း ရှိရမယ်။ ဒီအကူးအပြောင်း ကာလရဲ့ ကောင်းကျိုးချမ်းသာတွေကိုလည်း ပြည်သူလူထု မျက်ဝါးထင်ထင်ခံစားစေချင်လို့ အစ်ကိုတို့က လုပ်ပေးချင်တာပါ။ ဒါကြောင့် ဝင်ရောက်အရွေးခံတာပေါ့။

Voice : စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအနေနဲ့ တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေရှိလာနိုင်မလား။
UAML : စိန်ခေါ်မှုအခက်အခဲကတော့ မရှိပါဘူး။ ဒါက ပြည်သူလူထုကနေပြီးတော့ အဆုံးအဖြတ်ပေးရမယ့်ကိစ္စပါ။ အရည်အချင်းရှိတဲ့သူကို ပြည်သူလူထုက ရွေးချယ်မှာပါ။ အစ်ကိုတို့ စိုးရိမ်တာ တစ်ချက်ပဲရှိပါတယ်။ ပြည်သူကြားမှာ အခုဖေ့စ်ဘွတ်ခ်ထဲမှာ ပျံ့နှံ့နေတဲ့အရာတွေပါ။ အခုက ပါတီတွေက မပြိုင်သင့်ဘူး။ တစ်သီးပုဂ္ဂလတွေက အခွင့်အရေးဆုံးရှုံးတယ်လို့ ပြောတဲ့ကိစ္စတွေပေါ့။ နိုင်ငံရေးပါတီတစ်ရပ်ဆိုတာက တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့အတွက် ပါတီထောင်ပြီး လုပ်ဆောင်နေတာပါ။ အစ်ကိုတို့ရည်မှန်းချက်က တိုင်းပြည်အကူးအပြောင်းကာလမှာ ပိုကောင်းအောင်လုပ်ချင်လို့ ဝင်လုပ်နေတာပါ။ ပါတီနဲ့ဝင်ပြိုင်တယ် ဆိုတာလည်း ရှင်းရှင်းလေးပါ။ နောက်ဆုံးတော့ ကိုယ်စိုက်ပျိုးတဲ့အပင်ကို ကိုယ်ရိတ်သိမ်းရပါတယ်။ သူတို့လည်း ပြုပြင်ပြောင်းလဲချင်စိတ်ရှိသလို အစ်ကိုတို့မှာလည်း ပြုပြင်ပြောင်းလဲချင်စိတ်ရှိပါတယ်။ ဒါပေမဲ့ အစ်ကိုကျ ဘာလို့ ပါတီတံဆိပ်သုံးခွင့်မရတာလဲ။ အစ်ကိုတို့က တောက်လျှောက်လုပ်လာခဲ့ပေမယ့် မတရားလုပ်တယ်လို့ မခံစားရဘူး။ ကိုယ်စိုက်ပျိုးတဲ့အပင်ကို ကိုယ်ရိတ်သိမ်းတယ်လို့ပဲ ခံစားရပါတယ်။ နောက်တစ်ချက်က ပုဂ္ဂလိကနဲ့ အစ်ကိုတို့မှာ ဘာတစ်ခုကွာလဲဆိုတော့ ပုဂ္ဂလိကရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတွေက မိမိစိတ်ဆန္ဒနဲ့မိမိ အခု ငါဝင်ရွေးလား မရွေးလား စိတ်ဆုံးဖြတ်လို့ရတယ်။ ကိုယ့်ကိုယ်ကိုယ် အချိန်မရွေး ထတင်လို့ရတယ်။ အစ်ကိုတို့ NLD ကျတော့ မရဘူး။ အကုန်လုံးက အများအတွက်ကို လုပ်ဆောင်ချင်တဲ့သူတွေကြီးပဲ။ အဲဒီလိုများလာတဲ့အခါ ပါတီတွင်းမှာ ဝင်ရောက် ရွေးချယ်ရသေးတယ်။ ရွေးချယ်ပြီးရင် ဝင်ပြိုင်လို့ရတာ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် အစ်ကိုတို့က ရွေးကောက်ပွဲနှစ်ဆင့်ဖြတ်တဲ့ သဘောပဲ။ အစ်ကိုတို့ကတောင်မှ စိန်ခေါ်မှု ပိုများပါသေးတယ်။ ဘယ်လောက်ပဲလုပ်ချင် လုပ်ချင်ပါတီကနေ တာဝန်ပေးပါ့မလား။ အစ်ကိုတို့ က ပါတီကနေ တာဝန်ပေးပြီးတောင်မှ ပြည်သူရဲ့ အဆုံးအဖြတ်ကိုခံရပါမယ်။ စိန်ခေါ်မှုကတော့ အစ်ကိုတို့က မစိုးရိမ်ပါဘူး။ အစ်ကိုတို့က အရည်အချင်းမရှိဘဲနဲ့ ဒီဟာအတွက် ဝင်လုပ်မယ်သူတွေမဟုတ်ပါဘူး။ တာဝန်အတွက်ပဲ စိတ်ဝင်စားပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရရင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်အချက်တွေ အဓိကထား ဆောင်ရွက်ပေးဖို့ရှိမလဲ။
UAML : တစ်အချက်က အခုစည်ပင်သာယာရဲ့လုပ်ငန်းစဉ်တွေမှာ အမှိုက်ကိစ္စ၊ ရေစီးရေလာတွေ၊ ဈေးသည်တွေ စနစ်တကျထိန်းသိမ်းဖို့၊ တရားမဲ့ပြုကျင့်မှုတွေ ထိန်းသိမ်းမယ်။ ဌာနတွင်းမှာ ရေးရာတွေရှိတယ်။ ဌာနတွင်းမှာ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုမရှိတော့ တစ်ယောက်က လမ်းခင်းလိုက်၊ တစ်ယောက်က ဖောက်လိုက်နဲ့ အမှန်တကယ်ဆို လမ်းတစ်လမ်းခင်းမယ်ဆို ဒီလမ်းတစ်လမ်းကို ဒီအောက်မှာ ဘာတွေရှိလဲ။ ဘယ်နားမှာ ဘာတွေချန်သွားမလဲ။ ပူးပေါင်းဆောင်ရွက်မှုက အရမ်းအားနည်းတယ်။ ဒီတစ်ချက်လည်း ပြင်ချင်တယ်။ နောက်တစ်ချက်က ပြည်သူက ဌာနကိုဆက်သွယ်တဲ့နေရာမှာ ဆက်သွယ်တဲ့လမ်းကြောင်းတွေ ဖွင့်ထားပေးရမယ်။ အဓိက လက်လှမ်းမီရမယ်။ လွယ်ကူစွာအသုံးပြုနိုင်တဲ့နည်းလမ်းတွေ အစ်ကိုတို့က ပေးသွားမယ်။ စာတွေ ဘာတွေတင်မယ်ဆိုရင် စာတိုက်ကလည်း တင်လို့ရတယ်။ ကိုယ်တိုင်လည်း လာပေးလို့ရမယ်။ လူကြုံနဲ့လည်း လာပေးလို့ရမယ်။ ပေးပို့ရင်လည်း ပေးပို့သူနာမည်ရယ်၊ လိပ်စာရယ်၊ ဖုန်းနံပါတ်ရယ်၊ အီးမေးလ်ရှိရင် ထည့်ရမယ်။ ကိုယ့်ဆီရောက်လာတဲ့ စာမှာ ဘယ်ချိန်၊ ဘယ်နေ့၊ ဘယ်ရက်မှာ လက်ခံရရှိထားပါတယ်။ ဘယ်နှရက်အတွင်းမှာ ဖြေရှင်းပေးမလဲဆိုတာ အစ်ကိုတို့က ပြန်အကြောင်းပြန်ပေးမယ်။ ဖုန်းနဲ့ဆိုလည်း ဖုန်းနဲ့ပေါ့။ အဲဒီလို အကြောင်းပြန်တဲ့အခါမှာ နောက်ပိုင်းမှာ ပြည်သူလူထုနဲ့ ဌာနကြားဆက်ဆံရတာ အဆင်ပြေလာလိမ့်မယ်။ အဓိက ဘဏ္ဍာရေး ပွင့်လင်းမြင်သာမှုပေါ့။ စီမံကိန်းတွေလုပ်တယ်ဆိုရင် ပြည်သူတွေ သိသင့်သိထိုက်တဲ့ အကုန်ဖော်ပြပေးထားမယ်။ အဲဒီမှာ မကျေနပ်ချက်တွေရှိတယ်။ လာဘ်စားတယ်ထင်တယ်တို့၊ အလွဲသုံးစားမှုလုပ်တယ်လို့ ထင်တယ်တို့ပေါ့။ ခြစားတယ်ထင်ရင် အစ်ကိုတို့ကို တိုင်၊ တိုင်ရင် ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ စာဝင်စာထွက်တွေကို အစ်ကိုတို့ကကိုင်ပြီး တိုင်တဲ့သူအကုန်လုံးကို လျှို့ဝှက်ပေးထားမယ်။ ဒါမျိုးလုပ်ဖို့ရှိတယ်။ နောက်တစ်ချက်က အစ်ကိုတို့မြို့နယ်မှာ လမ်းမီးတွေက သိပ်အဆင်မပြေဘူး။ လမ်းမကြီးတွေတောင် မီးမရှိဘူး။ အဓိက စည်ပင်သာယာရေးက မီးထွန်းပေးရမယ့်တာဝန်က သူရဲ့တာဝန်လေ။ အခုလုပ်နေတာက အုပ်ချုပ်တဲ့ သူတွေကိုယ်တိုင်ကိုက ယောင်ဝါးဝါးဖြစ်နေတာ။ EPC ကို ပိုက်ဆံပေးလိုက်တာတွေက ဘောင်ဝင်တဲ့ကိစ္စတွေ မဟုတ်ဘူး။ တကယ်တော့ သူ့ဟာသူ G to G အကူအညီတောင်းတာ တစ်ပိုင်းပဲလေ။ အဓိက စည်ပင်သာယာဥပဒေမှာလည်း ပါပြီးသား။ Public Area တွေ မီးထွန်းပေးရမယ်ဆိုတာ စည်ပင်မှာပါပြီးသား။ ဒါကို ကြိုးစားပြီး လုပ်သွားဖို့ရှိတယ်။ နောက်တစ်ခုက လမ်းဘေးအမှိုက်တောင်းတွေ ဘာတွေချဖို့ရှိတယ်။ အမှိုက်ပုံးအလုံအလောက် ထားပေးဖို့ရှိတယ်။ အဓိက ဘာလဲဆိုတော့ လမ်းဘေးအမှိုက်ပုံးမရှိတဲ့ အခါကျတော့ အစ်ကိုတို့ စင်ကာပူမှာ နေလာတယ်။ လမ်းနည်းနည်း မလျှောက်လိုက်နဲ့ အမှိုက်ပုံးတစ်ပုံးရှိတယ်။ အစ်ကိုတို့ စားရင်းသောက်ရင်းနဲ့ အမှိုက်လေးတွေ ထည့်သွားမယ် ဆိုရင် ဒီအမှိုက်တွေကို အမြဲတမ်းထိန်းပေးမယ်ဆိုရင် ဘာမှပြဿနာမရှိဘူး။ အခုက လမ်းမတန်းရော လမ်း ကြားတွေရော မရှင်းတဲ့အခါကျတော့ အဲဒီအမှိုက်တွေက ပွပွ၊ မိုးလည်းရွာရော မြောင်းကပိတ်ဆို့ ရေစီးရေလာ မကောင်းဘူး။ အဓိက ရန်ကုန်မြို့တွင်း အမှိုက်တွေကို မြို့ပြင်ကို အကုန်အစင် မထုတ်နိုင်တဲ့ပြဿနာရယ်၊ လူတွေ အလွယ်တကူ စွန့်ပစ်နိုင်အောင်လို့ အမှိုက်ပုံးတွေ မထားရှိတဲ့ကိစ္စပေါ့။ ဒီအချက်တွေလည်း လုပ်သွားမယ်။ အဓိက ပြည်သူရဲ့အာဏာ ပြည်သူကို ပြန်အပ်မယ့် သဘောပါပဲ။ ကိုယ်ကျိုးအလွဲသုံးစားလုပ်မှုတွေ ခြစားမှုတွေမရှိအောင် အစ်ကိုတို့က လုပ်သွားမယ်။ နောက်တစ်ချက်က ပြည်သူပိုင်မြေတွေ ဆုံးရှုံးနေတာတွေရှိတယ်။ အများပိုင်နေရာတွေက စည်ပင်ရဲ့ စီမံခန့်ခွဲမှုကြောင့် ခရိုနီလက်ထဲတွေ ရောက်သွားတာအများကြီး ရှိပါတယ်။ အစ်ကိုတို့ စာကြည့်တိုက်ဆိုရင်လည်း ခရိုနီ လက်ထဲကိုရောက်သွားတယ်။ အဲဒါမျိုးတွေ ပြန်လည်ရရှိဖို့လုပ်တဲ့အပြင် အစ်ကိုတို့သာ တာဝန်ယူခဲ့ရမယ်ဆိုရင် အစ်ကိုတို့ တာမွေမြို့နယ်ထဲက အများပိုင်မြေတစ်ခုမှ အပြင်ကို မရောက်စေရဘူး။ စည်ပင်ပိုင်မြေတွေကို မဖြစ်စလောက်ငွေကြေးတွေနဲ့ ငှားစားတာ တွေရှိတယ်။ အဲဒီဟာတွေက အစ်ကိုတို့ လွှတ်တော်အမတ်တွေနဲ့ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့ရှိတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ်သက်တမ်းသာ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့် အချိန်ကာလ လုံလောက်မယ်ထင်သလား။
UAML : မလုပ်တာထက်စာရင်တော့ ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အစ်ကိုတို့ တာမွေမြို့ နယ်တင်မက အခြားမြို့နယ်တွေမှာဖြစ်ပျက်တဲ့အဖြစ် အပျက်လေးတွေက ၂၀၁၉ ဘတ်ဂျက်က ဆွဲပြီးလို့တောင် သုံးနေပြီ။ ၂၀၂၀ ဘတ်ဂျက်ကလည်း သူတို့ကြိုဆွဲနေတာလည်း ပြီးသလောက်ရှိနေပြီ။ အစ်ကိုတို့က ဒီအပေါ်မှာ အနည်းငယ်ထိန်းကျောင်းတာနဲ့ ပြုပြင်ပြောင်းလဲ ပြင်ဆင်တာလောက်ပဲ ရလောက်မယ်။ ဒါကတော့ အရမ်းစိုးရိမ်ဖို့ကောင်းတဲ့အရာပေါ့။ အခုလက်ရှိ တာမွေမှာ နောက်ဖေးလမ်းကြားရှင်းလင်းနေတယ်။ ဒါပေမဲ့ မအူကုန်းလိုနေရာမျိုးမှာ နောက်ဖေးလမ်းကြားအမှိုက်က လူတစ်ရပ်ကျော်တယ်။ အဲဒီကလူတွေဆို နောက်ဖေး အိမ်တံခါးပါ အကုန်ပိတ်၊ ရေချိုးခန်းထဲရေချိုး၊ အဲဒီရေကိုခွက်နဲ့ခပ်ပြီးတော့ သွန်ပစ်လို့ရတဲ့နေရာမျိုးမှာ နောက်ဆုံးမှ လုပ်ပေးမယ့်အနေအထားရှိတယ်။ အဲဒီလို တကယ်ခံစားနေရတဲ့သူတွေကို အရင်ဆုံး ဦးစားပေး ရှင်းလင်းပေးသင့်တယ်။ စီမံခန့်ခွဲမှုအလွဲတွေ ရှိတဲ့အခါကျတော့ ထိန်းနိုင်သလောက်ထိန်းသွားမယ်။ ပြည်သူလူထုနဲ့ စည်ပင်နဲ့ကြားထဲမှာ ဆက်ဆံရေး ကောင်းအောင်တည်ဆောက်မယ်။ စည်ပင်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီးမြှင့်တင်ပေးမယ်။ ပြည်သူလူထုပါ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်သွားမယ်။ အချိန်လုံလောက်သလားဆိုတော့ လောက်မှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အစ်ကိုတို့ လုပ်ပိုင်ခွင့်ထဲက အကောင်းဆုံးဖြစ်အောင် လုပ်သွားမယ်။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ နေထိုင်တဲ့သူတွေက ဘာကြောင့်မဲပေးသင့်တာလဲ။
UAML : မဲပေးရွေးချယ်တဲ့အခါမှာ မဲပေးကိုပေးရမယ် ဆိုတာက နိုင်ငံသားကောင်းတစ်ယောက်ရဲ့ တာဝန်ပါ။ အဲဒီမှာ အချို့ ဘာလို့ မဲမပေးချင်ကြလဲဆိုတော့ ဒီမိုကရေစီစနစ်အလေ့အကျင့်လည်း မရှိသေးဘူး။ သူတို့ မဲတစ်ပြားရဲ့တန်ဖိုးကိုလည်း သူတို့ကိုယ်တိုင် မသိတာတွေလည်းရှိတယ်။ တာမွေမြို့နယ်မှာတော့ နိုင်ငံရေးတန်းဝင်တယ်ပဲ ပြောရမှာပေါ့။ ဒီလိုနေရာမျိုးတောင် အရင်ရွေးကောက်ပွဲတုန်းက ၇၆ ရာခိုင်နှုန်းကျော် အစ်ကိုတို့မှာ မဲပေးတယ်။ ဒီ ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲမှာ ၃၃ ရာခိုင်နှုန်းပဲ မဲပေးတယ်။ မဲပေးတယ်ဆိုတာလည်း ပြည်သူတွေရဲ့ စိတ်ခံစားမှုပေါ့။ အပြင်ကနေလည်း လော်တဲ့သူကလော်တာပေါ့။ လွှတ်တော်ထဲမှာ NLD ပဲ များနေတယ်။ သူတို့ ဒီတစ်နေရာ ဆုံးရှုံးသွားလို့လည်း ဘာမှမဖြစ်ဘူးဆိုပြီး ပေါ့ပေါ့တန်တန်နဲ့ မဲမပေးတာလည်းရှိသလို အချို့က လော်တဲ့နောက်ကို လိုက်သွားတာပေါ့။ စည်ပင်က အမှန်တကယ်ပြောရင် ပိုတောင်ဆိုးသေးတယ်။ ရန်ကုန်မြို့မှာနေထိုင်တဲ့ သူတွေရဲ့ဘဝကို ဖန်တီးပေးနိုင်တာက စည်ပင်သာယာရေး ကော်မတီပါ။ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးမှာက စည်ပင်ရဲ့တာဝန်ပါ။ ကိုယ်လိုချင်တဲ့အရာတစ်ခုကို တောင်းဆိုဖို့ ကိုယ့်ကိုယ်စား လုပ်ပေးနိုင်မယ့်သူကို ရွေးချယ်ဖို့ ကိုယ့်တာဝန်ဆိုတာကို သူတို့အနေနဲ့ မတွေးမိဘူးဆိုရင်တော့ ဒါတော်တော် အန္တရာယ်ကြီးတဲ့ကိစ္စပေါ့။ နောက်ပြီး အဓိကအချက်က အစ်ကိုတို့ အစိုးရတက်လာပြီးနောက်ပိုင်း တာမွေမှာ ပြဿနာလေးတွေ တက်ခဲ့တယ်။ ဥပမာ- စည်ပင်သာယာက စည်ပင်လုပ်ငန်းတွေလုပ်တယ်။ အိမ်ရှေ့မှာ ကျူးကျော်တာတွေ၊ နောက်ဖေးကျူးကျော်တာတွေ ရှင်းတယ်။ ဒါမျိုးတွေ ရှင်းတဲ့အခါကျရင် စည်ပင်ဝန်ထမ်းတွေက စည်ပင်ဥပဒေအရ ရှင်းတယ်ဆို ရှင်းတယ်လို့ပြောပေါ့။ ဒါမျိုးမဟုတ်ဘူး။ ခင်ဗျားတို့တင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလုပ်ခိုင်းလို့ လုပ်တာပါဆိုပြီး အဲဒီလိုတွေ လုပ်တဲ့အခါကျတော့ ပြည်သူတွေကြားထဲမှာ စိတ်ပျက်လက်ပျက်တွေ ဖြစ်သွားတာရှိတယ်။ တိုးတက်သင့် သလောက်လည်း မတိုးတက်ဘူး။ သူတို့ပါဝင်ခွင့်လည်း မရတဲ့အတွက် ငါတို့မဲပေးလည်း ဘာမှမထူးပါဘူးဆို ပြီး စိတ်ဓာတ်က လွှမ်းမိုးသွားတယ်ဆိုတော့ အဲဒါ လေးတော့ စိုးရိမ်မိပါတယ်။ မဲပေးနေတာကလည်း လွဲနေပါတယ်။ ၂၀၁၈ မှာ မဲပေးခွင့်ရသူက ကိုးသောင်း ကိုးထောင်ကျော်ရှိတယ်။ အခုက စည်ပင်ရွေးကောက် ပွဲက ဘာထူးဆန်းလဲဆိုတော့ သန်းခေါင်းစာရင်းရှိမှ မဟုတ်ဘူး။ မြို့နယ်မှာနေထိုင်တာ တစ်နှစ်သက်တမ်း ရှိတဲ့သူက မဲပေးခွင့်ရတယ်ဆိုတော့ မဲစာရင်းက ပိုတောင် များလာရမှာ။ အခုက အစ်ကိုတို့မှာ ပိုတောင်လျော့ သွားတာဆိုတော့ မဲစာရင်းတွေက ကွဲလွဲမှုရှိနေပါတယ်။
 
သက်သျှိုင်းသူ


  • VIA