News

POST TYPE

INTERVIEW

High Class ယာဉ်တိမ်းမှောက်မှုတွင်ပါဝင်သူ ဦးလျန်ခန့်တွောင်နှင့်ဆက်သွယ်မေးမြန်းခြင်း
05-Mar-2019
“ကား ဘယ်၊ ညာ တအားရိုက်သွားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခုံပေါ်ကနေ လွင့်ကျသွားတယ်။ ဘေးနားမှာ လူတွေရဲ့ အော်ဟစ်သံတွေ ကြားနေရပြီ”



ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်း မိုင်တိုင် ၇၇ အနီးတွင် ယနေ့ မတ်လ ၅ရက်၊ နံနက် ၆ နာရီခန့်က ကလေး -ရန်ကုန် High Class ခရီးသည်တင်ယာဉ် တိမ်းမှောက်ခဲ့ရာ ရဟန်း ၄ ပါး အပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး ၂၅ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အုန်းရှစ်ကုန်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထိုယာဉ်ပေါ်တွင်ပါလာသည့် ဆက်သွယ်ရေးဝန်ထမ်းတစ်ဦးဖြစ်သူ ဦးလျန်ခန့်တွောင်ထံ The Voice သတင်းစာမှ ဆက်သွယ်မေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : အစ်ကို လက်ရှိဘယ်လို ထိခိုက်ဒဏ်ရာရထားတယ်ဆိုတာကို သိချင်ပါတယ်။
ULKT : ကျွန်တော့်နာမည် ဦးလျန်ခန့်တွောင်လို့ခေါ်ပြီး ကလေးမြို့က ဆက်သွယ်ရေးဝန်ထမ်း(မိုက်ကရိုဝေဗ့်) တစ်ဦးပါ။ အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး သာမန်ပွန်းပဲ့ဒဏ်ရာပဲ ရပါတယ်။

Voice : ရန်ကုန်ကို ဘာကိစ္စနဲ့သွားတာလဲဆိုတာနဲ့ဘယ်ကနေလိုက်ပါစီးနင်းလာတယ်ဆိုတာ ပြောပြပေးပါဦး။
ULKT : ကျွန်တော် ကလေးမြို့ ကားဂိတ်ကနေမနေ့က မွန်းတည့်တစ်နာရီလောက်က လိုက်ပါစီးနင်လာတာဖြစ်ပြီး ကျွန်တော့်ဌာနက စေလွှတ်တဲ့သင်တန်းကို ရန်ကုန်မြို့ဆက်သွယ်ရေး စာတိုက်ကြီးမှာ တက်ဖို့လာခဲ့တာပါ။

Voice : မော်တော်ယာဉ်က အခင်းမဖြစ်ပွားမီ သာမန်ထက်ပိုပြီး ထူးခြားတဲ့အချက်ကလေးတွေရှိခဲ့ရင် ပြောပြပေးပါဦး။
ULKT : ကျွန်တော် ကလေးဂိတ်ကနေတက်လာပြီး ညနေပိုင်းလောက်မှာ ဂန့်ဂေါအထွက်က မွေ့လွယ်ရွာထမင်းဆိုင်တစ်ဆိုင်မှာ
ရပ်နားတုန်း ယာဉ်တာဝန်ရှိသူတွေက ကားဘီးတွေလဲတာ တွေ့ရတယ်။ ကုန်စည်ပစ္စည်းနဲ့ခရီးသည် မတန်တဆတင်တာမျိုးတော့ ကျွန်တော် မမြင်မိဘူး။ ကားက ခုံတန်းလေးလုံးဖြစ်ပြီး အချို့ခုံတွေတောင် လွတ်နေတာမြင်ရတယ်။ ယာဉ်မောင်းနဲ့စပါယ်ယာ လေးဦးပါတာတွေ့ပြီး ယာဉ်မောင်းအလဲအလှယ်လုပ်တာ၊ မလုပ်တာမျိုးသတိမထားမိဘူး။

Voice : ယာဉ်မှောက်ခါနီးအချိန်မှာ အစ်ကို့အနေအထားနဲ့မြင်ကွင်းတွေ အသံတွေကို ပြောပြပါ လား။
ULKT : အခင်းမဖြစ်မီ ကျွန်တော် အိပ်ပျော်နေတယ်။ ဒါပေမဲ့ ကားဘီးပေါက်တယ်လို့ယူဆရတယ်။ ကား ဘယ်၊ ညာ တအား ရိုက်သွားတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခုံပေါ်ကနေလွင့်ကြသွားတယ်။ ဘေးနားမှာလူတွေရဲ့ အော်ဟစ်သံတွေ ကြားနေရပြီ။ ကျွန်တော် ကနဦး စီးနင်းလာတာက ခုံနံပါတ် ၈ ပါ။ ခုံနံပါတ်၂၄ ကလူက နေရာချိန်းချင်တယ်ပြောလို့ နောက်ပိုင်းကခုံမှာ သွားစီးလိုက်တယ်။ ဘေးခုံက မိန်းကလေးတစ်ဦးဖြစ်ပြီး အခုထိတော့ ကျွန်တော်ပြန်မတွေ့မိသေးဘူး။

Voice : ယာဉ်တိမ်းမှောက်ပြီးနောက်မှာ ကယ်ဆယ်ရေးတွေ ဘယ်အချိန်မှာ ရောက်လာကြသလဲဆိုတာ သိချင်ပါတယ်။
ULKT : သူတို့(ကယ်ဆယ်ရေး)ရောက်လာကြတာ အတော်မြန်တယ်လို့ပြောရမယ် ။အခင်းဖြစ်ပြီးချိန် ကျွန်တော် သတိလစ်သလို ဖြစ်ပေမယ့် အပြင်မှာ မှန်ကိုထုနှက်ရိုက်ခွဲနေတာ ကြားရတယ်။ သူတို့ဝင်လာတယ်။ ကျွန်တော့်ကိုလည်း ရဲတပ်ဖွဲ့ကအပြင်ကို ထုတ်ပေးခဲ့ပါတယ်။ ရဲတွေ၊ မီးသတ်တွေသာမက ကယ်ဆယ်ကူညီရေးအဖွဲ့တွေလည်းလာတယ်။

Voice : ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်တွေရဲ့ အခြေနေကိုလည်း ဘာတွေသိထားသလဲ။ 
ULKT : သူတို့ထဲက ဒရိုင်ဘာဖြစ်သူတော့ တိမ်းပါးသွားတယ်လို့ကြားသိရပါတယ်။

Voice : ခုလက်ရှိ ယာဉ်လိုင်းတာဝန်ရှိသူတွေ ရောက်လာပြီးလား။ ဘယ်လိုမျိုး သူတို့ဘက်က ကူညီပေးနေသလဲ။ 
ULKT : သူတို့ ယာဉ်လိုင်းတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာက ကျွန်တော်တို့ကိစ္စအတွက် ညှိနေကြတယ်လို့ပြောတယ်။ ဆိုလိုတာက နည်းနည်းမသက်သာတဲ့ ခရီးသည်တွေကို ရွှေ့ပြောင်းကုသမှုတွေ ပြုလုပ်ကြဖို့ဘာတို့ပေါ့။ နည်းနည်းပွန်းပဲ့ ဒဏ်ရာရသူတွေ သက်သာသူတွေကတော့ အပြင်မှာလမ်းလျှောက်ရင်း စောင့်နေကြတယ်။ ဆက်ခရီးထွက်ဖို့အတွက် သူတို့စီစဉ်ပေးမယ်လို့ ပြောတယ်။ ကျွန်တော့်လိုပဲ ဆေးရုံမတက်ရတဲ့လူ လေး၊ ငါးခြောက်ယောက်လောက် စခန်းရှေ့မှာစောင့်နေကြတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ထပ်ဖြည့်ပြောချင်တာရှိပါသေးသလား။ 
ULKT : မရှိပါဘူး။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

ဇေယျာကို /ဓာတ်ပုံ-ငြိမ်းသူမင်း