News

POST TYPE

INTERVIEW

တာမွေမြို့နယ် စည်ပင်ဥက္ကဋ္ဌနေရာအတွက် တစ်သီးပုဂ္ဂလယှဉ်ပြိုင်မည့် ဦးသန်းထွန်းနှင့်တွေ့ဆုံခြင်း
05-Mar-2019
“မြို့နယ်ဥက္ကဋ္ဌတစ်ယောက်ကတင်ပြတဲ့အပေါ်မှာ ဘတ်ဂျက်မြန်မြန်ဆန်ဆန်ချပေးမယ်ဆိုရင် ဘယ်အလုပ်ပဲဖြစ်ဖြစ် အောင်မြင်အောင်လုပ်လို့ရပါတယ်”



လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်စည်ပင် သာယာဥက္ကဋ္ဌ ရာထူးအတွက် ဝင်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မြို့နယ်ကနေ ဝင်ပြိုင်မှာလဲ။
UTT : တာမွေမြို့နယ် စည်ပင်ဥက္ကဋ္ဌနေရာအတွက် ဝင်ပြိုင်တာပါ။ ကျွန်တော်က အရင်ကလည်း တာမွေမြို့နယ် စည်ပင်ဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးတော့ မြို့နယ်အတွက်လိုအပ်ချက်တွေကို၊ လက်ရှိဝန်ထမ်းတွေနဲ့ ပြည်သူတွေကြားက လိုအပ်ချက်တွေကို ညှိနှိုင်းပေးချင်တဲ့ဆန္ဒနဲ့ ဝင်ပြိုင်ဖြစ်တာပါ။

Voice : ဒုတိယမြို့တော်ဝန်ကို ပြည်သူကရွေးချယ် တင်မြှောက်တဲ့ကော်မတီဝင်ခြောက်ဦးနဲ့ တိုင်းအစိုးရက ခန့်အပ်ထားတဲ့ကော်မတီဝင်ငါးဦးက မဲခွဲဆုံးဖြတ် ရွေးချယ်မယ်လို့သိရပါတယ်။ ဒုတိယမြို့တော်ဝန်က လက်ရှိ အာဏာရပါတီက သဘောကျတဲ့သူ ဖြစ်လာနိုင်တယ်လို့ ထင်သလား။
UTT : ပါတီပုံရိပ်ထည့်ထားတယ်ဆိုတာက အဲဒါလည်းပါတယ်။ ခြောက်ယောက်နဲ့ငါးယောက် စုစုပေါင်း ၁၁ ယောက်လို့ ပြောပေမယ့် ငါးယောက်က ပုံသေလေ။ ဒီဘက်ခြောက်ယောက်ထဲက တစ်ယောက်ရရင်ကို ခြောက်မဲဖြစ်နေပြီ။ ခြောက်ယောက်ထဲက လက်သင့်ရာကို လုပ်မယ့်ဟေ့ဆိုရင်လည်း မထူးပါဘူး။ အဓိကတော့ ဒုတိယမြို့တော်ဝန်က လက်ရှိ အာဏာရပါတီပုံရိပ်နဲ့ပဲ သွားမယ်ထင်တယ်။ အစ်ကို့ အမြင်အရတော့ အဲဒီလိုပဲ မြင်တယ်။

Voice : ဒီနှစ်စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီး ပုဂ္ဂလဝင်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ ရှိလာနိုင်မလား။
UTT : စိန်ခေါ်မှုကတော့ ပါတီပုံရိပ်နဲ့ဝင်ပြိုင်တဲ့အတွက် သိတဲ့အတိုင်းပဲ။ ပါတီက အဖွဲ့အစည်းတစ်ခုအနေနဲ့ ရှိတာပေါ့။ အင်အားကလည်း ကိုယ်တို့ထက် တော့သာတယ်။ ငွေကြေးအင်အားလည်း သာကောင်းသာလိမ့်မယ်။ တစ်သီးပုဂ္ဂလကတော့ စေတနာနဲ့ဝင်ပြိုင်တာပေါ့။ ကျွန်တော်ကကျတော့ အရင်တုန်း ကလုပ်ခဲ့တဲ့ ကောင်းတဲ့နာမည်ကို ပြည်သူတွေက လက်ခံတယ်ဆိုရင် ပြည်သူကမဲပေးမှာပါ။ ဒီအပေါ်မှာ ပါတီပုံရိပ်ကိုပဲ ပေးမယ်ဆိုရင် တကယ်တမ်းဆိုရင် သူ တို့သင်ယူနေရတာနဲ့ အချိန်ကုန်တာမျိုးကို သိမယ်ဆိုရင်တော့ အရေးမကြီးပါဘူး။ အဲဒီသဘောကို ပြည်သူတွေကနားလည်မယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။ သူတို့ ပြိုင်ရင်လည်း ပြိုင်ပေါ့။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရရင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်အချက်တွေ အဓိကထားလုပ်ဖို့ရှိလဲ။
UTT : လက်ရှိအုပ်ချုပ်ရေးမှူးအဖွဲ့တွေ၊ လက်ရှိအာဏာရပါတီမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မေးပြီးတော့ လွှတ်တော်မှာ တင်ပြလို့ရတဲ့ကိစ္စကို တင်ပြမယ်။ စည်ပင်ရဲ့ဘတ်ဂျက်နဲ့ လုပ်လို့ရတဲ့ကိစ္စမှာ စည်ပင်ကလူတွေက မြို့နယ်မှာ အပြတ်ဖြတ်ပြီးလုပ်ပေးမယ်။ စည်ပင်ဥပဒေအရ လုပ်လို့ရတာတွေ အကုန်လုပ်ပေးဖို့ရှိပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ် သက်တမ်းသာ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့် အချိန်ကာလလုံလောက်မယ်ထင်သလား။
UTT : အရင်လုပ်ခဲ့တုန်းက တစ်နှစ်နဲ့လေးလ လုပ်ခဲ့တယ်။ လုံလောက်တယ်လို့မဆိုပေမယ့် ပြည်သူကို အများကြီးပံ့ပိုးနိုင်ခဲ့တယ်။ အရေးကြီးတာကတော့ စည်ပင်မှာရှိတဲ့ဘတ်ဂျက်နဲ့ လုပ်ပေးဖို့ပဲအရေးကြီးတယ်။ မြို့နယ်ဥက္ကဋ္ဌတစ်ယောက်ကတင်ပြတဲ့အပေါ်မှာ ဘတ်ဂျက်မြန်မြန်ဆန်ဆန်ချပေးမယ်ဆိုရင် ဘယ်အလုပ်ပဲဖြစ်ဖြစ် အောင်မြင်အောင်လုပ်လို့ရပါတယ်။ ဘတ်ဂျက်က တစ်နှစ်တစ်ခါဖြစ်တော့ ၂ နှစ် သက်တမ်းမှာ နှစ်ကြိမ်လိုမယ်။ ဘယ်လောက်ပဲစေတနာထားပြီး တင်ပြတင်ပြ အပေါ်ကဘတ်ဂျက်မရှိရင် အောက်ကဥက္ကဋ္ဌတွေက အလုပ်လုပ်ဖို့ အားနည်းချက်တော့ရှိမယ်။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာနေထိုင်တဲ့သူတွေက ဘာကြောင့်မဲပေးသင့်တာလဲ။
UTT : စေတနာထားပြီး လုပ်ပေးမယ်ဆိုရင် ကမ်ပိန်းလုပ်လို့ရတယ်။ အဲဒါမှ ပြည်သူတွေက စည်ပင်ရွေးကောက်ပွဲကို စိတ်ဝင်စားမယ်။ ကိုယ်စားလှယ်လောင်းနဲ့ပြည်သူနဲ့ ဘယ်လိုချိတ်ဆက်ပြီး လုပ်ပေးလို့ရတယ်ဆိုတဲ့ အချက်လေးတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ပြည်သူတွေကို ဘာလုပ်ပေးမယ်ဆိုတာ ပြည်သူကသိမှ လေးစားမှာပေါ့။ မီဒီယာကနေ ဇောင်းပေးပြီးလုပ်ပေးမယ်ဆိုရင် ကောင်းပါတယ်။

Voice : အခုလက်ရှိမှာ စည်ပင်ဥပဒေအသစ် ထုတ်ပြန်ထားပြီးပြီ။ ဒါပေမဲ့ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ အားနည်းနေတယ်လို့ ဝေဖန်နေ ကြတာတွေရှိတယ်။ ဝင်ပြိုင်တဲ့သူတစ်ယောက်အနေနဲ့ အဲဒီအပေါ်မှာ ဘာပြောချင်သလဲ။ 
UTT : အရေးယူမှုအားနည်းတယ်ဆိုတာက ဥပဒေပြဋ္ဌာန်းပြီး ဒဏ်ငွေပဲပြင်းပြင်းရိုက်တာ။ ပြည်သူတွေအတွက် ဘယ်လိုပြန်လုပ်ပေးမလဲဆိုတာ မပါဘူး။ ပြည်သူကို ဒဏ်ငွေရိုက်ဖို့လောက်ပဲလုပ်တယ်။ ဒီအပေါ်မှာ လမ်းဘေးဈေးသည်တွေကို ဘယ်နေရာမှာပေးမလဲ၊ နောက်လမ်းကြားတွေမှာ ဘယ်လို မျိုးလုပ်ပေးမလဲဆိုတာ စည်ပင်ရဲ့ အားနည်းချက်တွေ အများကြီးရှိပါတယ်။ အဲဒါတွေကို သဟဇာတဖြစ်အောင်လုပ်မှ ဒီဥပဒေကတည်တံ့မှာပါ။ လူတွေကို ဒဏ်ငွေရိုက်တာတွေလုပ်နေပြီး ပြည်သူအတွက် ဘယ်လိုပြန်လုပ်ပေးမလဲဆိုတာ စည်ပင်က စဉ်းစားပြီးလုပ်ပေးဖို့လိုတယ်။

Voice : ယှဉ်ပြိုင်တဲ့မြို့နယ်မှာရော ဘယ်အချက်တွေ အဓိကပြောင်းလဲဖို့လိုအပ်လဲ။ 
UTT : ပြည်သူတွေကတော့ အရင်စည်ပင်ဥက္ကဋ္ဌ ဖြစ်ခဲ့တုန်းက လုပ်ခဲ့တဲ့အပေါ်မှာလည်း သိပါတယ်။ ပြည်သူ့အကျိုးကိုလုပ်ဖို့ ဝင်ပြိုင်တာဆိုတော့ တကယ်လုပ်ပေးဖို့ပဲလိုပါတယ်။ နိုင်ပြီဆိုရင် အောက်ခြေမလွတ်ဘဲ လုပ်ပေးဖို့ပဲလိုပါတယ်။

သက်သျှိုင်းသူ