News

POST TYPE

INTERVIEW

စည်ပင်ရွေးကောက်ပွဲဝင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုအောင်ခန့် (Alex Aung Khant) နှင့် တွေ့ဆုံခြင်း
04-Mar-2019
“ကော်မတီဝင်တွေမဲဆွယ်ရင် သိန်း ၂၀၀ အထိ သုံးလို့ရတယ်ပြောပေမယ့် ကျွန်တော့်အနေနဲ့ ဒီလောက်ငွေကြေးသုံးသင့်တယ်လို့ မထင်ပါဘူး”



လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင်အနေနဲ့ ဘယ်မဲဆန္ဒနယ်က ဝင်ပြိုင်မှာလဲ။ ဝင်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကရော။
KAK : ကျွန်တော်က ပန်းဘဲတန်း၊ လသာ၊ ဆိပ်ကမ်း၊ လမ်းမတော်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်၊ တာမွေ စတဲ့မြို့နယ် ၁၂ မြို့နယ် ပါဝင်တဲ့ မဲဆန္ဒနယ်အမှတ် - ၃ ကနေ ကော်မတီဝင်နေရာ အတွက် ဝင်ယှဉ်ပြိုင်မှာပါ။ ဒီမြို့နယ် ၁၂ မြို့နယ်လုံးက မြို့တွင်းမြို့နယ်တွေဖြစ်တဲ့အတွက် ဒါကိုအဓိကထားဆောင်ရွက်ချင်တဲ့ဆန္ဒရှိလို့ပါ။ ကျွန်တော်က လူငယ်လည်း ဖြစ်တယ်။ အသက်က ၂၅ နှစ်ပဲ ရှိသေးတယ်။ ကျွန်တော်သင်ထားတဲ့ပညာက မြို့ပြဖွံ့ဖြိုးရေးနဲ့ဆိုင် တယ်။ အဲဒီအပိုင်းမှာ အမြင်သစ်တွေလိုတယ်။ ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူငယ်တွေရဲ့ အတွေးအမြင် အသစ်တွေနဲ့ ဝင်ကူချင်တာကြောင့် ဒီစည်ပင်ရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်ဖြစ်တာပါ။

Voice : ဒုတိယမြို့တော်ဝန်ကို ပြည်သူကရွေးချယ် တင်မြှောက်တဲ့ကော်မတီဝင်ခြောက်ဦးနဲ့ တိုင်းအစိုးရက ခန့်အပ်ထားတဲ့ကော်မတီဝင်ငါးဦးက မဲခွဲဆုံးဖြတ် ရွေးချယ်မယ်လို့ သိရပါတယ်။ ဒုတိယမြို့တော်ဝန်က လက်ရှိ အာဏာရပါတီက သဘောကျတဲ့သူပဲ ဖြစ်လာမလား။
KAK : ကျွန်တော်တို့ မဲဆန္ဒနယ်ခြောက်ခုကနေ တစ်ယောက်စီတက်မယ်ဆိုရင် ဒုတိယမြို့တော်ဝန်အထိ ဖြစ်နိုင်တဲ့အခွင့်အရေးရှိပါတယ်။ ဒုတိယမြို့တော် ဝန်ဖြစ်တဲ့သူက သူလုပ်နိုင်မယ့် အရည်အချင်းပေါ် မူတည်ပါတယ်။ ပိုလုပ်နိုင်မယ်ဆိုရင် ပိုရလိမ့်မယ်လို့ထင်ပါတယ်။ အခွင့်အရေးတွေလည်း ပိုပေးမယ်ထင်တယ်။ လုပ်နိုင်မယ့်သူကို ပိုပြီးတော့ဖြည့်ဆည်းပေးနိုင်ရင် ရလဒ်တွေပိုကောင်းလာမယ်။ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ဒုတိယမြို့တော်ဝန်ရွေးတာကို အင်အားရှိတယ်လို့ထင်တယ်။ ဒုတိယမြို့တော်ဝန်ရွေးချယ်တဲ့အခါ မြို့တော်ကောင်းဖို့အတွက် အသိပညာ၊ အတတ်ပညာကိုကြည့်မယ်၊ လုပ်နိုင်စွမ်းကိုပဲ ကြည့်မယ်လို့ထင်ပါတယ်။

Voice : ဒီနှစ်စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီး ပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။
KAK : ဒါကတော့ အားလုံးအတွက် စိန်ခေါ်မှုတစ်ခုပေါ့။ ပြည်သူလူထုကတော့ ရွေးချယ်တဲ့အခါ အသိပညာရော၊ အတတ်ပညာရော ဦးစားပေးမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ တခြားမှီခိုမှုတွေ မကြည့်ဘူး။ အရိပ်အာဝါသတွေ မသုံးဘူး။ တစ်သီးပုဂ္ဂလအနေနဲ့ အသိပညာ၊ အတတ်ပညာအားကိုးပြီး ဝင်ပြိုင်တာ။

Voice : စည်ပင်ရွေးကောက်ပွဲမှာ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရရင် ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုအချက်တွေ အဓိကထားဆောင်ရွက် ပေးသွားဖို့ရှိလဲ။
KAK : လေကြီးမိုးကြီးနဲ့လာပြီး ဒီဟာကိုချပြမယ်၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုပြီး ကျွန်တော်မလုပ်ဘူး။ ကျွန်တော့်မှာ အသိပညာ၊ အတတ်ပညာရှိတယ်။ ကျွန်တော် ပြည်သူလူထုရဲ့ဆန္ဒကို နားထောင်ချင်တယ်။ အခုလောလောဆယ် လက်ရှိလုပ်နေတဲ့စည်ပင်က လူကြီးတွေရဲ့ အတွေ့အကြုံတွေကိုလည်း နားထောင်ချင်တယ်။ သူတို့ရဲ့ အခက်အခဲတွေကို ကျွန်တော်တတ်ထားတဲ့ပညာတွေနဲ့ ဖြေရှင်းချင်တယ်။ ကော်မတီဝင်အဖြစ် ရွေးချယ်ခံရမယ်ဆိုရင် ရေမြောင်းကိစ္စကို အဓိကထားဆောင်ရွက်သွားပါမယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာအနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ်သက်တမ်းပဲ ရတဲ့အတွက် ရန်ကုန်မြို့ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်လုံလောက်မယ်ထင်သလား။
KAK : သက်တမ်း ၂ နှစ်ကတော့ နည်းပါတယ်။ ဒါပေမဲ့ ဒီအချိန်ဒီကာလမှာ ဝင်ပြိုင်သင့်တယ်ထင်လို့ ပြိုင်ဖြစ်တာပါ။ အခုအချိန်မှာ အစိုးရအနေနဲ့ရော YCDC အနေနဲ့ရော လိုအပ်လို့သာ ရွေးကောက်ပွဲလုပ်တယ်လို့ ထင်ပါတယ်။ အစောပိုင်းကာလမှာ အကောင်းဆုံးဖြစ်နိုင်အောင် လုပ်ပေးမယ်ဆိုရင် ရှေ့လျှောက် ပိုပြီးကောင်းမယ်လို့ထင်တယ်။ အခုလောလောဆယ် အချိန်ရှိသလောက် အကောင်းဆုံးလုပ်ပေးနိုင်မယ်ဆိုရင် တော်တော်ကောင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်မယ် လို့ထင်ပါတယ်။

Voice : မဲဆွယ်ကာလကရောက်ပြီဆိုတော့ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုးယှဉ်ပြိုင်သွားမလဲ။
KAK : မဲဆွယ်ကာလက ဖေဖော်ဝါရီ ၂၈ ကနေ မတ်လ ၂၈ ရက်နေ့အထိ တစ်လပေးထားပေးမယ့် မတ်လ ၂ ရက်နေ့ကမှ ကျွန်တော်က မီဒီယာနဲ့တွေ့တာ ဖြစ်ပါတယ်။ လူငယ်တွေက နေရာပျောက်တာများတယ်။ နေရာမပေးချင်ကြဘူး။ ကျွန်တော်အနေနဲ့ အသိပညာ၊ အတတ်ပညာတွေယူလာတာဖြစ်တဲ့အတွက် ဒီနေရာမှာ ဝင်ပြိုင်တာဖြစ်တဲ့အတွက် လူငယ်တွေပါဝင်ခွင့်ရတဲ့အတွက် အင်အားရှိမယ်လို့ ယုံပါတယ်။ ဒီ ၂ နှစ်အတွင်းမှာ ပြည်သူလူထုအနေနဲ့ မျှော်မှန်းထားတာတွေ ဖြစ်လာမယ်လို့ထင်ပါတယ်။ လူငယ်တွေရဲ့အင်အား၊ အသိပညာ၊ အတတ်ပညာနဲ့ လူကြီးတွေရဲ့အတွေ့ အကြုံနဲ့ ပူးပေါင်းမယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲကို ရန်ကုန်မှာနေ ထိုင်တဲ့သူတွေ စိတ်ဝင်စားအောင် ဘယ်လိုလုပ်သင့်တယ်လို့ ထင်လဲ။ မဲဆွယ်တဲ့အခါမှာရော အခက်အခဲတွေရှိနိုင်မလား။
KAK : ကော်မရှင်အနေနဲ့ ပြည်သူလူထုကို မဲပေးရမယ့်တာဝန်ကို အသိပညာပေးသင့်တယ်လို့ထင်ပါ တယ်။ ပြည်သူလူထုကိုလည်း မဲထည့်ဖို့အတွက် ကူညီထောက်ပံ့ပေးသင့်ပါတယ်။ အများစုကတော့ မဲဆွယ်ကာလမှာတော့ အားလုံးက ပြည်သူလူထုနဲ့တကွပေါ့။ မဲဆွယ်ပြီးသွားရင်တော့ ပြည်သူလူထုနဲ့ မတွက်တော့ ဘူးဆိုတဲ့ဟာတွေ ခဏခဏမြင်ရပါတယ်။ ကျွန်တော့်အနေနဲ့ တစ်သီးပုဂ္ဂလအနေနဲ့ကလည်း ပြည်သူလူထုတစ်ယောက်ပါပဲ။ တစ်သီးပုဂ္ဂလဝင်ပြိုင်ရတာလည်း အားရှိတယ်လို့ထင်တယ်။ အခုလိုဝင်ပြိုင်ရတယ်ဆိုတာ မြို့နယ်ကောင်းဖို့ လုပ်ပေးရတဲ့အတွက် ဂုဏ်ယူပါတယ်။ ပြည်သူလူထုအကြောင်း ဘယ်လောက်သိသလဲဆိုရင် ကျွန်တော့်အနေနဲ့ ရန်ကုန်သားတစ်ယောက်ပါ။ ရန်ကုန်မှာမွေး ရန်ကုန်မြို့မှာကြီးတဲ့အတွက် ဒီမြို့ကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ဆန္ဒရှိပါတယ်။ ကျွန်တော့်အနေနဲ့ စီးပွားရေးအရ ထင်ထင်ရှားရှား လူမဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ စည်ပင်သာယာ မှာဝင်လုပ်ချင်တဲ့ဆန္ဒပဲ ရှိပါတယ်။ လူငယ်တွေပဲဖြစ်ဖြစ်၊ ပညာတတ်တွေပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ရလဒ် တစ်ခုရမယ်လို့ထင်ပါတယ်။ ကော်မတီဝင်တွေမဲဆွယ်ရင် သိန်း ၂၀၀ အထိ သုံးလို့ရတယ် ပြောပေမယ့် ကျွန်တော့်အနေနဲ့ ဒီလောက်ငွေကြေး သုံးသင့်တယ်လို့ မထင်ပါဘူး။ သုံးဖို့လည်း မရှိပါဘူး။ မဲဆွယ်တဲ့အခါမှာ ပြည်သူလူထုအားနဲ့ ကျွန်တော့်ပညာအရည်အချင်းကိုအားကိုးပြီး ရအောင်လုပ်ဖို့ ဆန္ဒရှိပါတယ်။

Voice : အခုလက်ရှိမှာ စည်ပင်ဥပဒေအသစ်ထုတ် ပြန်ထားပြီးပြီ။ ဒါပေမဲ့ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ ဝင်ပြိုင်တဲ့သူတစ်ယောက်အနေနဲ့ အဲဒီအပေါ်မှာ ဘာပြောချင်သလဲ။ 
KAK : အရေးယူတဲ့အခါမှာ ဘယ်လောက်ဖြစ်နိုင်လဲ။ ဘယ်လောက်မဖြစ်နိုင်ဘူးလဲပေါ့။ ဖြစ်နိုင်တဲ့ဟာမှာလည်း သက်ဆိုင်ရာအားလုံး ဘယ်လိုလက်တွဲပြီးအကောင်အထည်ဖော်နိုင်မလဲ။ အရေးယူတဲ့အခါမှာလည်း ဖြစ်နိုင်တဲ့ အသေးလေးတွေကစပြီးတော့ အကြီးကြီးကို ဘယ်လိုဖြည်းဖြည်းသွားမလဲဆိုတဲ့ အစီအစဉ်တွေလိုတာပေါ့။ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးပေါ့။ ပြည်သူလုထုဆန္ဒနဲ့ရော ကိုက်ညီရဲ့လား။ ဥပဒေအရရော လူမှုရေးအရရော ဘယ်လိုနားလည်အောင်ပြောပြနိုင်မလဲ။ ဘယ်လို နားလည်အောင် ဖြေရှင်းနိုင်မလဲ။ ဒါက အဓိကပါပဲ။

Voice : ခင်ဗျားအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
KAK : လူငယ်တစ်ယောက်အနေနဲ့ရော တစ်သီးပုဂ္ဂလအနေနဲ့ရော အားလုံးရအောင်လုပ်ကြပါလို့ ပြောချင်ပါတယ်။ ပြောင်းလဲရမယ့်အချိန်လဲတန်ပြီ။ လူငယ်တွေနဲ့လုပ်မယ့်ဆန္ဒလေးကို ကျွန်တော့်အနေနဲ့ မွေးထုတ်ချင်တယ်။ ဖြစ်နိုင်အောင်လဲလုပ်ပေးဖို့ အဆင်သင့်ပါပဲလို့ ပြောချင်ပါတယ်။
တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ကိုအောင်ခန့်သည် အသက် ၂၅ နှစ်အရွယ်သာရှိသေးပြီး စည်ပင်ရွေးကောက်ပွဲဝင်ပြိုင်သူများအနက် အသက်အငယ်ဆုံးဖြစ်သည်။ ၎င်းသည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Sciences Po Paris (Political Sciences Institute of Paris) မှ မြို့ပြဖွံ့ဖြိုးရေးနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့နှင့် နိုင်ငံရေးသိပ္ပံ ဝိဇ္ဇာ ဘွဲ့တို့ကို ရရှိထားသူဖြစ်သည်။

သက်သျှိုင်းသူ