News

POST TYPE

INTERVIEW

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားပြုကာ မဲဆန္ဒနယ် ၅ မှနေ၍ စည်ပင်ရွေးကောက်ပွဲဝင်မည့် ဒေါ်နန့်စုရွှေစင်နှင့် တွေ့ဆုံခြင်း
01-Mar-2019
“ဘယ်မှာနေလဲလို့မေးရင် လက်မထောင်ပြီး အင်းစိန်မှာနေတယ်၊ လှိုင်သာယာမှာနေတယ်လို့ ပြောနိုင်တဲ့ မြို့ဖြစ်အောင် ကြိုးစားမယ်”



လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာနယ်ပယ် ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာလဲ။
DNHSS : အစ်မနာမည်က နန့်စုရွှေစင်ပါ။ မဲဆန္ဒနယ် (၅) လှိုင်သာယာမြို့နယ်နဲ့ အင်းစိန်မြို့နယ်မှာ ဝင်ရောက်အရွေးချယ်ခံမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မှာပါ။

Voice : စည်ပင်ရွေးကောက်ပွဲကို ယှဉ်ပြိင်ဖြစ်ခဲ့တာကရော။ 
DNHSS : အမှန်တော့ အစ်မက လှိုင်သာယာမှာနေတာ ၁၉ နှစ်ရှိပြီ။ ဒီဒေသခံပါ။ လှိုင်သာယာမြို့နယ် စတည်ကတည်းက မီးလောင်တဲ့နေရာကလူတွေ၊ ကျူးကျော်တဲ့သူတွေ၊ နောက်ပြီး နာဂစ်မုန်တိုင်းဖြစ်ပြီး ဧရာဝတီတိုင်းကလူတွေက လှိုင်သာယာမှာ ရွှေ့ပြောင်းအခြေချလာကြတယ်။ ယာယီဆိုပြီး နေရာကနေ အတည်ဖြစ်လာတယ်။ ဒီမြို့နယ် စနစ်ကျတဲ့မြို့မဖြစ်သေးဘူး။ လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာ အခုထိ စနစ်တကျမဖြစ်သေးဘူး။ 

Voice : ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရမယ်ဆိုရင် လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်အတွက် ဘယ်ကဏ္ဍကို အပြောင်းအလဲဖြစ်စေချင်လဲ။
DNHSS : လွန်ခဲ့တဲ့ ခြောက်လကျော်လောက်ကတည်းက လှိုင်သာယာနဲ့အင်းစိန်ကို ကွင်းဆင်းလေ့လာခဲ့တယ်။ မထင်မှတ်ဘဲတွေ့ခဲ့တာက လှိုင်သာယာမြို့နယ်လို့ မြို့သေးသေးလေးက ကွန်ကရစ်လမ်းတွေဖြစ်နေပြီ။ ဒါပေမဲ့ လမ်းတွေမှာ ရေမြောင်းမရှိဘူး၊ မိလ္လာမရှိဘူး။ အမှိုက်စွန့်ပစ်တဲ့စနစ်ကအစ လုံးဝစနစ်မကျဘူး ဖြစ်နေတယ်။ ကျန်းမာရေးအပိုင်းက စမယ်ဆိုရင် ရေမြောင်းစနစ်၊ မိလ္လာစနစ်၊ အမှိုက်စွန့်ပစ်စနစ်ကို ပုံမှန်လုပ်ပေးချင်တယ်။ လှိုင်သာယာက အရင်က သစ်ပင်အကြီးကြီးတွေရှိတယ်။ နာဂစ်နောက်ပိုင်းမှာ အပင်လုံးဝမရှိတော့ဘူး။ ခြောက်သွေ့တဲ့မြို့ဖြစ်နေတယ်။ အဲဒါကိုလည်း ပြုပြင်ချင်တယ်။

Voice : ပါတီကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအနေနဲ့ စိန်ခေါ်မှုတွေက ဘာဖြစ်မလဲ။
DNHSS : ပါတီကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ပေမယ့်လည်း စိန်ခေါ်မှုရှိတယ်။ ပြောလို့ရတဲ့ အပိုင်းရှိတယ်။ ပြောလို့မရတဲ့အပိုင်းလည်း ရှိနေတယ်။ ပါတီကရွေးချယ်လို့ ပြည့်စုံတယ်ဆိုတာမရှိဘူး။ တစ်သီးပုဂ္ဂလအနေနဲ့ရွေးချယ်လို့ ကောင်းတာလည်းရှိပါတယ်။ ဒီလောက်တော့ ပြောလို့ရတယ်။ ဒီချိန်မှာက NLD တစ်ခုတည်းတော့မဟုတ်ဘူး။ တခြားပါတီလည်းရှိတယ်။ 

Voice : စည်ပင်သာယာရွေးကောက်ပွဲအပေါ် ပြည်သူတွေစိတ်ဝင်စားမှုကရော ဘယ်လိုရှိလဲ။
DNHSS : ပြည်သူတွေရဲ့ အနေအထားမှာ စိတ်ဝင်စားမှုအားနည်းတယ်။ စည်ပင်သာယာဥပဒေပြောင်းလဲလာတာကလည်း သိပ်မသိကြသေးဘူး။ အဲဒါကြောင့် စိတ်ဝင်စားမှုအားနည်းတယ်။ 

Voice : ပြည်သူတွေ ရွေးချယ်တင်မြှောက်မယ့် ကော်မတီဝင်ခြောက်ဦးထဲက တစ်ဦးဟာ ဒုတိယမြို့တော်ဝန် ဖြစ်လာမယ်ဆိုတော့။
DNHSS : ဒီရွေးကောက်ပွဲမှာ ကော်မတီဝင် ခြောက်နေရာအတွက် ပြိုင်ရမယ်။ ကော်မတီဝင် ခြောက်ယောက်ထဲကမှ ဒုမြို့တော်ဝန်တစ်ယောက်ဖြစ်လာမယ်။ မြို့နယ်တွေမှာဆို ဥက္ကဋ္ဌရှိမယ်၊ အတွင်းရေးမှူး ၊ အဖွဲ့ဝင်-၁၊ အဖွဲ့ဝင်-၂၊ အဖွဲ့ဝင်-၃ ဆိုတာရှိမယ်။ ထူးခြားချက်က မြို့နယ်ဥက္ကဋ္ဌနေရာကို ရွေးချယ်ခံမယ့်သူက ဥက္ကဋ္ဌဖြစ်မယ်။ မြို့နယ်စည်ပင်သာယာရဲ့ EO (အမှုဆောင်) ဖြစ်မယ်။ အတွင်းရေးမှူးနေရာကို အဖွဲ့ဝင်-၁၊ ၂ က ဖြစ်မယ်။ မြို့နယ်ထွေအုပ်က စည်ပင်သာယာကော်မတီ ကော်မတီဝင်-၃ နေရာကို ရမှာပါ။ ပြောင်းလဲလာတဲ့ဖွဲ့စည်းပုံအရ စည်ပင်သာယာနဲ့ မြို့နယ်ထွေအုပ်က တစ်ဂရုတည်းဖြစ်သွားပြီ။ ကြီးမားတဲ့ ပြောင်းလဲမှုပါ။ ဘာကြောင့် ပူးပေါင်းလုပ်ရသလဲဆိုတော့ တချို့မှာ တာဝန်ခံမှု၊ တာဝန်ယူမှု၊ အရေးယူမှုပိုင်းတွေက စည်ပင်သာယာထဲမှာမပါဘဲ ထွေအုပ်အပိုင်းထဲမှာ ပါနေတယ်။ အစ်မတို့က ပြည်သူတစ်ယောက်က ကိစ္စတစ်ခုဖြေရှင်းပေးဖို့ တောင်းဆိုလာရင် စည်ပင်ကလည်း စည်ပင်အပိုင်းမဟုတ်ဘူး၊ ထွေအုပ်ကလည်း ထွေအုပ်အပိုင်းမဟုတ်ဘူးဆိုပြီး ခေါင်းခံမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှု လွှဲရှောင်တဲ့ကိစ္စတွေ အများကြီးဖြစ်ခဲ့တယ်။ ဥပဒေသစ်မှာ ထွေအုပ်နဲ့စည်ပင် ပေါင်းလုပ်တော့ မြို့နယ်ကော်မတီက ဖြေရှင်းပေးရမယ်။ ခရိုင်ဆိုတာ မရှိဘဲ တိုင်းကော်မတီကိုတင်ပေးရမယ် ဒါက ပြောင်းလဲမှုပါ။

Voice : စည်ပင်သာယာရွေးကောက်ပွဲအတွက် ရန်ကုန်မှာနေတဲ့သူတွေ ဘာကြောင့်မဲပေးသင့်သလဲ။ 
DNHSS : ပြည်သူတွေအနေနဲ့ မွေးတဲ့အချိန်က သေဆုံးတဲ့အချိန်ထိ စည်ပင်နဲ့သက်ဆိုင်ပါတယ်။ ဒါကို စိတ်ဝင်စားပြီး ကိုယ်ရွေးချယ်မယ့် ကိုယ်စားလှယ်ကို မဲပေးဖို့လိုတယ်။ စည်ပင်သာယာလုပ်ဆောင်ချက်က အရေးကြီးတယ်။

Voice : လက်ရှိမှာ စည်ပင်သာယာဥပဒေသစ်ထုတ်ပြန်ထားပြီပြီ။ ဒါပေမဲ့ ဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ ဝေဖန်သူတွေလည်းရှိတယ်။ ဒီအပေါ်မှာရော ဘာပြောချင်လဲ။
DNHSS : အစ်မတို့ကတော့ အုပ်ချုပ်သူတွေက ပြည်သူတွေအတွက် အကောင်းဆုံးစဉ်းစားပြီး ပြောင်းလဲရေးဆွဲထားပါ။ ပြည့်စုံတဲ့ဥပဒေဆိုတာ မရှိပါဘူး။ ဥပဒေဆိုတာက နောက်တစ်ချိန် ပြောင်းလဲလာတဲ့ အနေအထားပေါ်မူတည်ပြီး ပြောင်းလဲရမှာပဲ။ လိုအပ်ချက်ကတော့ ရှိရင်ရှိနိုင်မှာပဲ။ အားလုံးက အကောင်းဆုံးဖြစ်အောင် ရင်ဘတ်နဲ့ရေးဆွဲထားကြတာပါ။ အစ်မမြင်တာတော့ ဥပဒေသစ်ရေးဆွဲတဲ့အပိုင်းမှာ အရင်က ဌာနပေါင်း ၂၀ ကျော်ရှိတယ်။ အခု ဌာနခုနစ်ခုရှိတယ်။ အရင်က ဘာဖြစ်ခဲ့ဖြစ်ခဲ့ အခု တပ်သားအသစ်တွေ ဝင်လာပြီ။ အရင်ကထက်စာရင် ပိုပြီးလုပ်ဆောင်နိုင်တဲ့ အဖွဲ့အစည်းဖြစ်လာမှာပါ။

Voice : စည်ပင်သာယာရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရမယ့်သူတွေက သက်တမ်း ၂ နှစ်ပဲရှိတာဆိုတော့ အချိန်လုံလောက်ပါ့မလား။ 
DNHSS : ၂ နှစ်သက်တမ်းမှာ အများနဲ့ပူးပေါင်းလုပ်ဆောင်ရင် နှစ်လဆိုရင်လည်း ကိုယ်လုပ်နိုင်သလောက် လုပ်လို့ရပါတယ်။ ဘာမှမလုပ်ဘဲနေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အများကတော့ ပြောကြတယ်။ ၂ နှစ်သက်တမ်းလေးမှာ ကိုယ်စွမ်းသလောက် ၂ နှစ်နဲ့ညီမျှသလောက်ကို ရွှေ့နိုင်ပါတယ်။

Voice : အစ်မအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာများ ရှိသေးလဲ။
DNHSS : ဒီမြို့နယ်မှာနေထိုင်တဲ့ ပြည်သူတွေမပါဘဲနဲ့ ဘာကိုမှ ပြောင်းလဲလို့မရပါဘူး။ လှိုင်သာယာနဲ့ အင်းစိန် နှစ်မြို့နယ်စလုံး စိမ်းလန်းပြီး နေပျော်တဲ့ မြို့တော်ဖြစ်ချင်တယ်။ တစ်ချိန်ကျရင် ဘယ်မှာနေလဲလို့မေးရင် လက်မထောင်ပြီး အင်းစိန်မှာနေတယ်၊ လှိုင်သာယာမှာနေတယ်လို့ ပြောနိုင်တဲ့မြို့ဖြစ်အောင် ကြိုးစားမယ်။ လှိုင်သာယာမှာ လူများတယ်။ ပြဿနာတွေရှုပ်ထွေးတဲ့မြို့လို့ ပြောကြတယ်။ အစ်မကတော့ အဲဒီလိုမမြင်ဘူး။ လူအများဆုံးက ကြီးမားတဲ့ပြောင်းလဲမှုအတွက် အင်အားအကြီးဆုံးဖြစ်ပါတယ်။

ခင်မြတ်မြတ်ဝေ