News

POST TYPE

INTERVIEW

ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းနှင့် တွေ့ဆုံခြင်း
01-Mar-2019
“အခု ကျွန်တော်ဖြစ်နေတဲ့ကိစ္စသည် နိုင်ငံတော်ငွေကို အများပိုင်ငွေကို အလွဲသုံးစားလုပ်တာလိုမျိုး၊ လာဘ်ပေးလာဘ်ယူလုပ်တာလိုမျိုး မဟုတ်ဘူး”



ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နောက်ဆုံးထား၍ မိမိသဘောဆန္ဒအရ ရာထူးမှနုတ်ထွက်ရန်နှင့် ယင်းသို့မပြုလုပ်ပါက လွှတ်တော်အတွင်း ပြစ်တင်ရှုတ်ချ နုတ်ထွက်စေမည်ဆိုသည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်၏ လက်မှတ်ဖြင့် အကြောင်းကြားစာပေးပို့ခြင်းဟူသည့် ညွှန်ကြားချက်တစ်စောင် ထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဒုဥက္ကဋ္ဌကို ရာထူးကနေ နုတ်ထွက်ပေးဖို့ဆိုပြီး ပါတီကနေ အကြောင်းကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒုဥက္ကဋ္ဌအနေနဲ့ နုတ်ထွက်သွားဖို့ ရှိမလား။
UAT : ကျွန်တော် ပြောနိုင်တာတစ်ခုပြောမယ်။ အဲဒီစာတွေက ကျွန်တော်တို့ဆီ မရောက်ဘူး။ နောက်တစ်ခုကလည်း မီဒီယာကနေ တင်တယ်ဆိုတာကလည်း မီဒီယာက ဘယ်ကရတဲ့စာလဲ ကျွန်တော်မသိဘူး။ ဘယ်က သူတို့ရသလဲ၊ လမ်းဘေးက ကောက်ရသလား။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ စာထဲမှာပါတဲ့ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်ကို မိတ္တူပေးတယ်လို့ပြောတဲ့ ဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်ကို မေးတဲ့နေရာမှာ သူတို့ လုံးဝမသိပါဘူး။ သူတို့ဆီကနေပေးပို့တဲ့ဟာ မဟုတ်ပါဘူးဆိုပြီး သူတို့က ပြောတယ်လေ။ သူတို့နှစ်ယောက်ဆီကမှ အဲဒီလိုပြောတယ်ဆိုတော့ ဒီစာက ဘယ်ကနေ ဘယ်သူ့ဆီကရလို့ ဘယ်လမ်းဘေးကစာကို တွေ့သလဲ၊ တစ်ယောက်ယောက်က အကြံအဖန်လုပ်သလား ဆိုတာကိုတော့ ကျွန်တော် မပြောတတ်တာကို ကျွန်တော်ပြောတာ။ ဘယ်အရင်းအမြစ်ကလာလဲဆိုတာ ကျွန်တော်မသိဘူး။ စာမှာလည်း တံဆိပ်တုံးမပါတာတွေ တကယ့်ဝင်စာနဲ့ ဝင်တာတွေ ဟုတ်သလား။ ဘယ်လိုတွေ သူတို့သတင်းဌာနက အာမခံလို့ တာဝန်ယူနိုင်လို့ တင်တယ်ဆိုတာတော့ ကျွန်တော်တို့ မသိတာပေါ့နော်၊ ဒါလေးတစ်ခုတော့ ကျွန်တော်မသိဘူး။ နောက်တစ်ခု ကျွန်တော်ပြောချင်တာတစ်ခုက ကျွန်တော်တို့က ပါတီနဲ့ ပတ်သက်နှီးနွှယ်နေတဲ့အခါကျတော့ ကျွန်တော်တို့က ပါတီဝင်ဖြစ်နေတဲ့အခါကျတော့လေ တချို့ကိစ္စတွေက ပြောလို့မရသေးတာတွေလည်း ရှိတာပေါ့။ ဒါလေးတွေတော့ နားလည်ပေးကြပါ။ ကျွန်တော်ပြောနိုင်တာလေး တစ်ခုတော့ ပြောချင်တယ်။ အခု ကျွန်တော်ဖြစ်နေတဲ့ကိစ္စသည် နိုင်ငံတော်ငွေကို အများပိုင်ငွေကို အလွဲသုံးစားလုပ်တာလိုမျိုး၊ လာဘ်ပေးလာဘ်ယူလုပ်တာလိုမျိုးမဟုတ်ဘူး လုံးဝပတ်သက်မှု မရှိပါဘူးဆိုတာလေးကတော့ ကျွန်တော်ပြောပါတယ်။

Voice : ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဘက်ကနေ သိရတာကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒုဥက္ကဋ္ဌဘက်ကနေ ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာပဲ နုတ်ထွက်စာတင်လာဖို့ရှိတယ်ဆိုပြီး ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ရော ဒုဥက္ကဋ္ဌအနေနဲ့ ဘာများပြောချင်တာမျိုး ရှိပါသလဲ။
UAT : အဲဒါတော့ ကျွန်တော်မသိပါဘူး။ သူက ပြောတယ်ဆိုရင်တော့ သူ့ကိုပဲ မေးပါခင်ဗျ။ သူပြောတဲ့အပိုင်းကတော့ ကျွန်တော့်ကို မေးလို့မရဘူးလေ။ ဒါကြောင့် သူပြောတဲ့စကားကတော့ သူ့တာဝန်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ပြောတာ မဟုတ်ဘူးလေ။ ကျွန်တော့်အနေနဲ့ ပြောချင်တာလေးတစ်ခုကတော့ ဒီကိစ္စနဲ့ပတ်သက်တာသည် နိုင်ငံတော်ငွေ အများပိုင်ငွေကို အလွဲသုံးစားလုပ်တာမဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူ မဟုတ်ပါဘူး။ အဂတိ မဟုတ်ပါဘူး။ ကျွန်တော်သည် မဲဆန္ဒရှင်များရဲ့ အကျိုးစီးပွားကို ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လုပ်ဆောင်တဲ့နေရာမှာ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်ရတာတွေ ရှိပါတယ်။ ကျွန်တော့်ရဲ့ လွှတ်တော်ရေးရာကော်မတီတွေ ဥပဒေနဲ့အညီ အလုပ်လုပ်နိုင်အောင် ကျွန်တော် အစိုးရနဲ့ ညှိနှိုင်းပေးရတဲ့အပိုင်းတွေ ရှိပါတယ်။ ဒီဟာတွေနဲ့ပတ်သက်ပြီးမှ အမြင်လေးတွေပေါ်မှာ ဖြစ်သွားတဲ့ကိစ္စလေးတွေလို့တော့ ကျွန်တော်ထင်ပါတယ်။ နိုင်ငံတော်ငွေကို အများပိုင်ငွေကို အလွဲသုံးစားလုပ်တာလိုမျိုး၊ လာဘ်ပေးလာဘ်ယူလုပ်တာလိုမျိုး လုံးဝမဟုတ်ဘူးဆိုတာတော့ ကျွန်တော်က ပြောတယ်လို့ ခင်ဗျားတို့ မီဒီယာမှာ ပြောပေးပါ။ ဒီလောက်ပဲ ကျွန်တော်ပြောချင်တယ်။ ကျန်တာတော့ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျန်တာတွေကတော့ ကျွန်တော် ပြောလို့မရလို့ပါ။

ငြိမ်းသူမင်း