News

POST TYPE

INTERVIEW

မြစ်ကြီးနားသတင်းဂျာနယ်မှ ရိုက်နှက်ခံရသူ သတင်းထောက် ဒေါ်မွန်းမွန်းပန်နှင့် တွေ့ဆုံခြင်း
28-Feb-2019

“မင်းရေးထားတဲ့သတင်း မဟုတ်လားဆိုပြီး သတင်းစာနဲ့ သူဌေးက ပါးရိုက်တယ်”

မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကို သခင်စစ်ကုမ္ပဏီမှ ဒါရိုက်တာအပါအဝင် ဝန်ထမ်းများက ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်ခဲ့မှုနှင့်ပတ်သက်၍ ရိုက်နှက်ခံရသူသတင်းထောက် ဒေါ်မွန်းမွန်းပန်ကို The Voice သတင်းစာက ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : မြစ်ကြီးနားဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး အခုလို ရိုက်နှက်ခံရတယ်လို့ သိရတယ်။ ဘယ်လိုဖြစ်တာလဲ။
DMMP : ညီမနာမည် မွန်းမွန်းပန်ပန်ပါ။ မြစ်ကြီးနား ဂျာနယ်က သတင်းထောက်ပါ။ ကျွန်မရေးတဲ့သတင်း။ တစ်သျှူးငှက်ပျောစိုက်နေတယ်ဆိုပြီး ရေးလို့ သခင်စစ်ကုမ္ပဏီက ဖြေရှင်းပေးဖို့ဆိုပြီး မနက် ၉ နာရီလောက်မှာ ဂျာနယ်တိုက်ကို လူငါးယောက်က လာခေါ်တယ်။ ကျွန်မရေးထားတာက တစ်သျှူးငှက်ပျောစိုက်တယ်လို့ မရေးထားဘူးနော်။ လမ်းဖောက်လုပ်တယ်လို့ ရေးထားတာလို့ ပြောပြတယ်။ အဲဒါနဲ့ ကုမ္ပဏီသူဌေးက တွေ့ချင်တယ်လို့ ပြောတယ်။ ဝိုင်းမော်ကို ခဏလိုက်ခဲ့ပေးဖို့ ပြောတယ်။ အလုပ်ရှိနေလို့ ညနေမှ လာခဲ့မယ်လို ပြောလိုက်တယ်။ ဒီလိုနဲ့ သတင်းကိစ္စနဲ့ အပြင်သွားနေတုန်း ကျွန်မကို ဖုန်းခေါ်တယ်။ သူဌေးက ညနေ အလုပ်ရှိလို့ အခုလာဖို့ပြောတယ်။ ကျွန်မက ရုံးကို အသိပေးဖို့ပြန်လာတော့ ခေါ်တဲ့သူ ငါးယောက်လုံး ရုံးမှာရှိနေတယ်။ အယ်ဒီတာက ဒီသတင်းက မှားနေတာလားမေးတော့ ကျွန်မက မမှားဘူးလို့ ပြောတယ်။ အယ်ဒီတာက ဖြေရှင်းချင်ရင် ရုံးမှာပဲ ရှင်းလို့ရမယ် ပြောတယ်။ ကျွန်မကို လာခေါ်တုန်းက အုပ်ချုပ်ရေးမှူးလည်းရှိတယ် ဘာမှ မဖြစ်စေရဘူး အာမခံတယ်။ စကားက ချိုနေတာပဲ။ ဘာမှမဖြစ်စေရဘူးပေါ့။ ဆရာက ဘာမှမဖြစ်ဘူးဆိုရင်လည်း လိုက်သွားပေါ့၊ တစ်ယောက်တည်း အဆင်မပြေလို့ ရုံးက သတင်းထောက် အိုက်ဂျယ်ကိုပါခေါ်ပြီး ကျွန်မတို့ နှစ်ယောက်လိုက်သွားတယ်။ 

Voice : ကုမ္ပဏီရောက်တော့ သတင်းနဲ့ ပတ်သက်ပြီး ဘယ်လိုဖြေရှင်းခဲ့သလဲ။ ကုမ္ပဏီဘက်ကရော ဘယ်အချက်တွေ မှားတယ်ပြောလဲ။ 
DMMP : ကျွန်မတို့နှစ်ယောက်ရောက်တော့ တံခါးတွေ အကုန်ပိတ်လိုက်တယ်။ ထိုင်ခိုင်းထားတယ်။ ကျွန်မက ဒီကိုရောက်နေပြီဆိုတဲ့အကြောင်း ရုံးကို ဖုန်းဆက်ပြောတယ်။ အိုက်ဂျယ်က ထိုင်ခုံမှာ ဝင်ထိုင်နေတော့ မင်းကို ဘယ်သူက ထိုင်ခိုင်းလို့လဲဆိုပြီး ကုမ္ပဏီက လူတွေက ပြောတယ်။ ကျွန်မက အိုက်ဂျယ်မထနဲ့ ဒီမှာပဲထိုင်လို့ပြောတယ်။ ဒီသတင်း ဘယ်သူရေးတာလဲမေးတော့ ကျွန်မရေးတာလို့ ပြောတယ်။ ဒါဆို မင်းမဆိုင်ဘူး မင်းထွက်သွားလို့ ပြောတယ်။ အိုက်ဂျယ်က ရပ်နေတာ၊ အင်္ကျီကိုဆွဲပြီး မျက်နှာချင်းဆိုင်အိမ်ကို ခေါ်ပြီး ချုပ်ထားတယ်။ကျွန်မတို့နှစ်ယောက်က အတူတူလာတာ၊ ကျွန်မပါ လိုက်သွားမယ်ပြောတော့ တံခါးပိတ်ထားလိုက်တာ။ ကျွန်မ တံခါးအပြင်ထွက်တဲ့အချိန် လူငါးယောက်က ဝိုင်းဆွဲပြီး တံခါးပြန်ပိတ်တယ်။ ကျွန်မက အဲဒီလို မလုပ်နဲ့ပြောပြီး ရုံးကို ဖုန်းဆက်ပြောပြတယ်။ ကျွန်မဖုန်းကို လုသွားတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ဖုန်းလွတ်ကျသွားတာမှာ ဖုန်းကိုလုပြီး သိမ်းလိုက်တယ်။ မင်းရေးထားတဲ့သတင်း မဟုတ်လားဆိုပြီး သတင်းစာနဲ့ သူဌေးက ပါးရိုက်တယ်။ နားတွေအူပြီး ပါးတွေရဲနေတာ ကျွန်မငိုနေတယ်။ အမှိုက်ပုံနား သွားငိုနေတယ်။ သူဌေးက အမှိုက်ပုံနား မထိုင်နဲ့ အမှိုက်ပုံက ညစ်ပတ်တယ်ပြောတယ်။ အဲဒါနဲ့ ကျွန်မထိုင်ခုံနား သွားထိုင်နေလိုက်တယ်။ သူတို့ ဘာမေးမေး ကျွန်မမဖြေဘူး။ ဖြေမိရင် မှားသွားမှာစိုးလို့ သူတို့အိမ်ထဲ ရောက်နေတာ ကျွန်မကို သတ်လိုက်မှာ စိုးတယ်။ ဘာမှမပြောဘူး။ ငှက်ပျောစိုက်တယ် ရေးထားတာမှ မဟုတ်တာဆိုပြီး ကျွန်မရှင်းပြတယ်။ လမ်းဖောက်လုပ်တယ်လို့ ရေးထားတာလို့ ပြောတာမှာ သူဌေးက နင် ငှက်ပျောစိုက်တယ်လို့ရေးထားတာ ငါ့ကို သိက္ခာချတာ။ ဂျာနယ်တိုက်ကိုလည်း ပြောတယ်။ ဆဲတာမျိုးစုံပါပဲ။

Voice : ညီမတို့ အခုလိုဖြစ်နေတော့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ အကူအညီတောင်းဖြစ်လား။ 
DMMP : ကျွန်မကို ဖုန်းပြန်ပေးတယ်၊ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ခိုင်းတယ်။ အုပ်ချုပ်ရေးမှူးက ချင်းတောင်ရောက်နေတယ် ဒီနေ့ မလာနိုင်ဘူးလို့ ပြောတယ်။ အဲဒီမှာ ကျွန်မပိတ်မိတာ တစ်နာရီခွဲလောက် ကြာသွားတယ်။ ကျွန်မနဲ့အတူ လိုက်လာတဲ့ အိုက်ဂျယ်က ကျွန်မတို့နှစ်ယောက် အခုလိုဖြစ်နေတာကို ဓာတ်ပုံရိုက်ထားတယ်။ အဲဒီပုံတွေကို ချက်ဘောက်ကနေ ကျွန်မတို့ဂျာနယ်ကို ပို့လိုက်တယ်။ ရုံးက သတင်း ဝက်ဆိုက်ဘ်မှာ တင်လိုက်တယ်။ အဲဒီအချိန် ကျွန်မတို့ အွန်လိုင်းစာမျက်နှာကို ကြည့်နေတာ တွေ့သွားတယ်။ အဲဒီအချိန်မှာ ဟိုအကောင်တင်လိုက်တာဆိုပြီး အိုက်ဂျယ်ကို ခေါ်ခိုင်းတယ်။ အိုက်ဂျယ်ကို အခုတင်တာ ချက်ချင်းဖျက်ခိုင်းတယ်။ အိုက်ဂျယ်က ကျွန်တော်က ဖျက်လို့မရဘူးဆိုတော့ ရုံးကို ဖုန်းဆက်ပြီး ပြန်ဖျက်ခိုင်းတယ်။ အိုက်ဂျယ် မိဘတွေ လိုက်လာပြီး တောင်းပန်တယ်။ သူ့သားက ဒါတွေကို ဘာမှ မသိသေးဘူး။ ခွင့်လွှတ်ပေးဖို့ တောင်းပန်တယ် မရဘူး။ သူဌေးက သူ့ကုမ္ပဏီဝင်ငွေ တစ်နေ့ကို သိန်း ၅၀ ရှိတယ်။ အဲဒါပေးမှ လွှတ်ပေးမယ် ပြောတယ်။ သူ့မိဘတွေကို ပြန်ခိုင်းတယ်။ ကျွန်မကိုကျတော့ ငါတို့ကုမ္ပဏီက ငှက်ပျောတစ်ပင်တွေ့ရင် နင့်ကို လွှတ်ပေးမယ်။ ဒီမှာပဲနေရမယ်။ အိုက်ဂျယ်ကို ထိုင်ထ အခါတစ်သိန်း လုပ်ခိုင်းထားတယ်။ ကျွန်မသတင်းဌာနက အိုက်ဂျယ်ပို့တဲ့ဓာတ်ပုံ ဖျက်လိုက်တော့မှ ထိုင်ထအခါ ၃၀၀ လောက်လုပ်ပြီး ရပ်ခိုင်းလိုက်တယ်။

Voice : ညီမတို့ သတင်းထောက်နှစ်ယောက် ဘယ်သူ့အကူအညီနဲ့ ပြန်လွတ်လာတာလဲ။ 
DMMP : အုပ်ချုပ်ရေးမှူးရုံးက လူတွေနဲ့ ရဲတွေ၊ ကျွန်မတို့ရုံးက အယ်ဒီတာတွေလိုက်လာပြီး ရုံးမှာ ရှင်းကြမယ်ပြောတယ်။ သူဌေးက ထိုင်ရာက လုံးဝမထဘူး။ လူကြီးတွေက ကျွန်မတို့ကို ခေါ်ထုတ်သွားတယ်။ ရုံးမှာ ရှင်းကြတာ သူဌေးက လုံးဝမလိုက်ဘူး။ သူဌေးကတော့ တရုတ်နိုင်ငံသားလို့တော့ မပြောဘူး။ ကချင်လူမျိုးလို့ပြောတယ်။ 

Voice : သတင်းသမားတစ်ဦးအနေနဲ့ အခုလို ဆက်ဆံခံရတဲ့အပေါ် ဘာပြောချင်သေးလဲ။
DMMP : ကိုယ်ကလည်း မမှားဘူး။ သတင်းကို သေချာဖတ်ကြည့်ပေါ့။ တကယ်ပဲ ကောင်းစွာ ဖတ်တတ်သူက ငှက်ပျောစိုက်တယ်လို့ ရေးလား မရေးလား သိတာပဲ၊။ ကျွန်မကို ဆွဲလား ရမ်းလား မလုပ်သင့်ဘူး။ အာဏာရှင်ဆန်တယ်။ လက်နက်ကိုင်အဖွဲ့အစည်းလို ဆက်ဆံတယ်။ ကျွန်မကို စစ်သားတစ်ယောက်လို၊ အပြစ်ရှိသူကို အပြစ်ပေးသလို အဲလို ပုံစံမျိုး သတင်းထောက်ကို မလုပ်သင့်ဘူး။ တကယ်လို့ ကျွန်မ မှားတယ်ဆိုရင်တောင် ဂျာနယ်တိုက် ဒါမှမဟုတ် မီဒီယာကောင်စီရှိတယ်။ ရဲစခန်းမှာလည်း ရှင်းလို့ရတယ်။ နေ့ခင်းကြောင်တောင်ကြီး လိမ်ပြီး ခေါ်သွားတယ်။ သတင်းသမားမှ မဟုတ်ဘူး အဲဒီလို မလုပ်သင့်ဘူး။

Voice : အခုလိုဖြစ်ခဲ့တော့ နောက်ပိုင်းမှာ ညီမ တို့နှစ်ယောက် လုံခြုံရေးအတွက် ဘယ်လို စီစဉ်ထားလဲ။ 
DMMP : ကျွန်မတို့ သတင်းထောက်တွေ လုံခြုံမှု မရှိဘူးလို့မြင်တယ်။ ဒီကိစ္စဖြစ်ပြီး အခုနောက်ပိုင်း ဘယ်လိုတွေ ဆက်ဖြစ်လာမလဲမသိသေးဘူး။ ကျွန်မက ခရစ်ယာန်ဘာသာဝင်။ ကျွန်မကို ဘုရားက အကာအကွယ်ပေးမှာပါ။ ဒီနိုင်ငံမှာက လက်နက်ကိုင်အဖွဲ့အစည်းများတယ်။ ပိုက်ဆံရှိတဲ့သူက မောက်မာကြတယ်။ အကုန်လုံးပြောချင်တာမဟုတ်ဘူး။ ဒီနိုင်ငံမှာ လာဘ်ထိုးမှုရှိတော့ ပိုက်ဆံနဲ့လုပ်ချင်တာ လုပ်လို့ရတော့ ကြောက်စရာကောင်းတယ်။ သတိကတော့ ထားရမှာပဲ။ ဘယ်အခြေအနေပဲဖြစ်ဖြစ်ပေါ့။

Voice : ကုမ္ပဏီကို အမှုဖွင့်ထားတယ်ကြားတယ်။ ဘာပုဒ်မတွေနဲ့ အမှုဖွင့်ထားလဲ။ 
DMMP : ရဲစခန်းဘက်က အမှုဖွင့်ထားတယ်။ ကုမ္ပဏီက ဒါရိုက်တာ ဦးဒိန်ဆောင်နဲ့ ဝန်ထမ်း ၅ ဦး ပါတယ်။ အားလုံးခြောက်ယောက်ကို ပုဒ်မငါးခုနဲ့ အမှုဖွင့်ထားတယ်။ ပုဒ်မ ၂၉၄ ၊ ပုဒ်မ ၃၄၁၊ ပုဒ်မ ၃၅၄ ၊ ပုဒ်မ ၃၂၃ ၊ ပုဒ်မ ၁၁၄ နဲ့ အမှုဖွင့်ထားတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကျွန်မဘက်က လုံးဝ မမှားဘူး။ 

Voice : အခုလို ဖြေပေးတာကျေးဇူးပါ။ ဘာများ ထပ်ပြောချင်တာရှိသေးလဲ။
DMMP : ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဌာနဆိုင်ရာတွေရဲ့ အရေးယူမှုပိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် မီဒီယာကောင်စီက တိုက်တွန်းပေးစေချင်တယ်။

ခင်မြတ်မြတ်ဝေ



  • VIA