News

POST TYPE

INTERVIEW

ဆရာများ၏ ရင်ဖွင့်သံ (လူမှုဘဝဖူလုံမှု)
28-Feb-2019
ဆရာ၊ဆရာမများ၏ လက်ရှိရင်ဆိုင်တွေ့ကြုံနေရသည့် လူမှုဘဝဖူလုံမှု၊ လုံခြုံမှုအခြေအနေများအပေါ် ဆရာများ၏ သဘောထားအမြင်များ၊ တွေ့ရှိချက်များကို ယခုတစ်ပတ်ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“မြန်မာနိုင်ငံက လူမှုဘဝဖူလုံမှုနဲ့ကွာခြားမှုရှိလားဆိုရင် တခြားစီပါပဲ”
ဒေါက်တာသူရဦး (ကထိက၊ ဒဿနိကဗေဒဌာန၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်) 

လူမှုဘဝ ဖူလုံရေးဆိုတာ ဘာလဲဆိုတော့ ဆရာ/ဆရာမတွေရဲ့ အဓိက အလုပ်ဖြစ်တဲ့ သင်ကြားရေး သုတေသနဆောင်ရွက်တဲ့နေရာမှာ လုပ်ငန်းခွင်နှင့် ဆက်စပ်နေတဲ့ လူမှုဘဝ အဆင်ပြေချောမွေ့စေတဲ့ဘဝကို အဓိကပြောလိုတယ်။ လူမှုဘဝဖူလုံရေး မှာဘာတွေ ပါလဲဆိုတော့ စားဝတ်နေရေး အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နေရေးအတွက် သက်ဆိုင်ရာ ရာထူးတာဝန်နဲ့ဆီလျော်တဲ့ ဆရာ၊ ဆရာမ အိမ်ရာ၊ ဝန်ထမ်းအိမ်ရာ ဖြည့်ဆည်းပေးဖို့လိုပါတယ်။ နောက်တစ်ချက်က ဆရာတွေအပြင် ကျောင်းသားတွေ၊ ဝန်ထမ်းတွေကိုပါ ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့လိုတယ်။ ကျောင်းတွေအများစုမှာ ဆေးပေးခန်း၊ ဆရာဝန်ထားပေးတယ်ဆိုတာ စာရွက်ပေါ်မှာပဲ ရှိတာများတယ်။ Nurse လောက်ပဲ ရှိတယ်။ တကယ့်အရေးအကြောင်းဆို မလွယ်ဘူး။ နောက်ပြီး ကျောင်းတွင်းလုံခြုံမှု၊ လုယက်တာတွေ၊ ခိုးတာတွေစတဲ့ ရာဇဝတ်ဆိုင်ရာ ကျူးလွန်မှုတွေ၊ ကာယိန္ဒြေနှောင့်ယှက်မှုတွေကို ကာကွယ်ပေးဖို့၊ နယ်မြေလုံခြုံရေး အပြည့်အဝခန့်အပ်ပြီး စောင့်ရှောက်ပေးဖို့၊ ကျောင်းအုပ်ချုပ်နေတဲ့ အကြီးအကဲတွေ၊ ဝန်ကြီးဌာနတွေ ဆောင်ရွက်ပေးထားဖို့လိုတယ်။ ဆရာ၊ ဆရာမတွေရဲ့ နေ့စဉ်သွားလာနေရတဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ကြို/ပို့ဖယ်ရီစတဲ့ကိစ္စရပ်တွေက အခြေခံလိုအပ်ချက်တွေ သေချာဖြည့်ဆည်းပေးဖို့လည်းလိုတယ်။

ဒါက ဆရာ၊ ဆရာမတွေအတွက် အာမခံချက် ရှိလား၊ မရှိဘူးလားဆိုရင် လက်ရှိအနေနှင့် နေရာတော်တော်များများမှာ အာမခံချက်နည်းနေပါသေးတယ်။ လူမှုဘဝဖူလုံရေး အစီအစဉ်က လက်ရှိလုပ်နေဆဲ၊ အငြိမ်းစားယူတာတွေအတွက် အာမခံချက် မရှိသေးပါလို့ပဲ ပြောချင်တယ်။ အငြိမ်းစားယူရင်ဆိုတာ မပြောပါနဲ့ဦး။ လက်ရှိလုပ်နေတဲ့သူတွေတောင် အိမ်ငှားနေရတဲ့ ဆရာ၊ ဆရာမတွေ အများကြီးပါ။ လစာရဲ့ တစ်ဝက်ကျော်ကျော်ကို နေဖို့အတွက် သုံးစွဲနေရတော့ စားဝတ်နေရေးအဆင်ပြေလားမပြေလားဆိုတာ အရှင်းကြီးပါပဲ။ ကျွန်တော်တို့ မနှစ်က UTAs တွေရဲ့ အိမ်ရာစစ်တမ်း လုပ်ကြည့်တာ ဆရာ/ဆရာမတွေရဲ့ ၁.၅ ရာခိုင်နှုန်းသာ ကိုယ်ပိုင်အိမ်နဲ့နေပြီး အလုပ်တက်နေတယ်။ ၈၀ ရာခိုင်နှုန်းလောက်က အိမ်ငှားဘဝ ဖြစ်နေတာကို တွေ့ရှိခဲ့ရတယ်။ အိမ်ငှားစရိတ်နေရေးအတွက် လစာကို အဓိကအသုံးပြုနေရတယ်။ ဒါကြောင့် ကျန်တဲ့လူမှု ကိစ္စအခက်အခဲတွေ ဆက်စပ်ပြီး ဖြစ်နေမှာပါ။ 

ဝန်ကြီးဌာနလက်အောက် တက္ကသိုလ်များ အိမ်ရာချထားရေးဆိုရင်လည်း ပွင့်လင်းမြင်သာမှု အရမ်းအားနည်းတယ်။ ခိုင်မာတဲ့မူလည်းမရှိဘူး။ မူအရ ပေးလိုက်တယ်၊ ဒါပေမဲ့ အခန်းရထားတဲ့သူက ပြန်ငှားစားတယ်။ အမှန်တကယ် နေစရာမရှိတဲ့သူက (မူအရ) အမှတ်နည်းလို့ အခန်းမရဘူး။ အခန်းရထားတဲ့သူတွေရဲ့ အခန်းကို ပြန်ငှားနေရတဲ့ဘဝတွေ ဆရာ၊ ဆရာမတွေ အများကြီးပါ။ အာဆီယံနိုင်ငံတွင်းက စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း စတဲ့နိုင်ငံတွေက ဆရာ၊ ဆရာမတွေနဲ့နှိုင်းယှဉ်ရင် မြန်မာနိုင်ငံက လူမှုဘဝဖူလုံမှုနဲ့ ကွာခြားမှုရှိလားဆိုရင် တခြားစီပါပဲ။ အလွန်ကွာခြားပါတယ်။ 

“အခုရနေတဲ့လစာကလည်း ၁ ဒေါ်လာ ၆၅၀ ကျပ်တုန်းက ပေးထားတဲ့လစာ”
ဦးလှိုင်တင့် (အတွင်းရေးမှူး၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဆရာသမဂ္ဂ)

လူမှုဘဝဖူလုံရေးဆိုတာ ဆရာ၊ ဆရာမများရဲ့ အာမခံချက်ရှိသော ဂုဏ်သိက္ခာရှိသော ဘဝနေထိုင်မှုကို ဆိုလိုတာပါ။ ဒါက နိုင်ငံတကာမှာလည်း ပညာရေး ဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ၊ အလုပ်သမားအတွက် နိုင်ငံတော်က တာဝန်ယူပေးရတဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ Social Welfare, Social Protection ပေါ့။ အဲဒီမှာ ဘာတွေပါလဲဆိုရင် လူမှုဖူလုံရေးဆိုင်ရာ အခွင့်အရေးတွေရှိတယ်။ အလုပ်အကိုင်နဲ့ လုပ်ခလစာ အာမခံချက်ရှိမှု၊ အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းမှု၊ အိမ်ရာနေထိုင်မှု စသဖြင့်ရှိတယ်။ ILO ရဲ့ ဂျီနီဗာကွန်ဗင်းရှင်းမှာ တစ်ကမ္ဘာလုံးက အလုပ်ရှင် အလုပ်သမား အစိုးရကိုယ်စားလှယ်တွေ သဘောတူထားပြီးသား။ မြန်မာနိုင်ငံရဲ့ လူမှုဖူလုံရေးဥပဒေကိုကြည့်ရင် အလုပ်သမားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ နိုင်ငံ့ဝန်ထမ်းများအားလုံး ပါသော်ငြားလည်း ခြွင်းချက် ပညာရေးဝန်ထမ်းများ မပါဝင်လို့ ပြောထားတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရေးက ပိုက်ဆံရှာတဲ့ ဌာနမဟုတ်ဘူး၊ သုံးတဲ့ဌာနဖြစ်နေလို့ ဆိုလားပဲ။ အဲဒီကိစ္စ အမျိုးသားလွှတ်တော် အလုပ်သမားရေးရာ ကော်မတီနဲ့ ကျွန်တော်တို့ ဆရာသမဂ္ဂတွေ တွေ့တုန်းက တင်ပြခဲ့တာရှိပါတယ်။

ဆရာ၊ ဆရာမတွေရဲ့ လူမှုဖူလုံရေး လူမှုဘဝလုံခြုံရေးအတွက် အာမခံချက်ကတော့ မရှိသေးဘူးလို့ ပြောရမှာပဲ။ အခြေခံကော အဆင့်မြင့်ကော မရှိဘူး။ နယ်က ဆရာ၊ ဆရာမတွေ နေထိုင်ဖြတ်သန်းရတဲ့ဘဝက ခုချိန်ထိလုံခြုံမှုမရှိပါဘူး။ အခြေခံပညာက ဆရာ၊ ဆရာမတွေဆို ပိုဆိုးတယ်။ ညည ဘယ်အချိန်၊ ဘယ်ကောင် ခြင်ထောင်လာလှန်မလဲလို့ စိုးရိမ်နေရတဲ့ အခြေအနေတွေ အခုထိရှိနေတုန်းလေ။ အဲဒါနဲ့ ပတ်သက်ပြီး အခြေခံပညာရေးဝန်ထမ်းများသမဂ္ဂက စစ်တမ်းကောက်နေတာရှိတယ်။ မေလလောက်ပြီးမယ်ထင်တယ်။ အရေးကြီးဆုံးအချက်က ဆရာ၊ ဆရာမများရဲ့ လုပ်ခလစာမလုံလောက်မှု။ ဒီနေ့ တက္ကသိုလ် ဆရာ၊ ဆရာမအများစု ၈၀ ရာခိုင်နှုန်းနီးပါးသည် ကိုယ်ပိုင်အိမ်နဲ့နေနိုင်သူတွေမဟုတ်ဘူး၊ အငှားဘဝနဲ့ နေ,နေကြရတယ်။ အိမ်ငှားခက လစာရဲ့ ထက်ဝက်ကျော်လောက် ပေးနေကြရတယ်။ အဲဒီရဲ့ နောက်ဆက်တွဲ အကျိုးဆက်က ကျူရှင်ကိစ္စလိုမျိုးနဲ့ မသမာမှုတွေ ဖြစ်လာတယ်။ အဲဒါကိုက ဒီနေ့ပညာရေးကို အဆိုးရွားဆုံးပျက်စီးစေတာပဲ။ 

အငြိမ်းစားယူပြီးပြီဆိုရင်တော့သွားပြီ။ တချို့ညစောင့်၊ တချို့တက္ကစီမောင်း၊ တချို့ကျူရှင်သင်၊ အခုတော့ ကိုယ်ပိုင်ကျောင်းတွေမှာ ဝင်လုပ်ပေါ့။ ဂေါပကလိုလို၊ ဘုရားလူကြီးလိုလို အသက်ဆက်ကြရတာရှိသေး။ လမ်းဘေးမှာ နေစရာမရှိ စားစရာမရှိ ဖြစ်သွားတာလည်းတွေရှိတယ်။ ပါမောက္ခ အငြိမ်းစားကြီးတစ်ယောက်ပေါ့။ ဘဝတစ်ခုလုံး ပညာရေးထဲ မြှုပ်နှံထားခဲ့ရတာ ဘာမှပြန်မရခဲ့ရှာဘူး။ 

အာဆီယံနိုင်ငံတွေနဲ့ကွာလားဆိုတော့ တစ်ချိန်တုန်းက ကိုယ့်အောက်မှာရှိခဲ့တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားတောင် ရှေ့ရောက်နေပြီ။ အိမ်နီးချင်း ထိုင်းကိုပဲကြည့်လေ။ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ကို လေ့လာရေးရောက်တော့ သူတို့လစာ မေးကြည့်မိတယ်။ သူတို့တက္ကသိုလ်က ဆရာ၊ ဆရာမတွေအပါအဝင် ဝန်ထမ်းတစ်ယောက်ရဲ့ လစာက ဘတ် ၃ သောင်းကျော်က စတယ်။ တာဝန်ယူရတဲ့အပေါ်မူတည်ပြီး လစာကွာသွားတယ်။ သူတို့တစ်လအသုံးစရိတ်က ဘတ် ၂ သောင်းလောက်ဆို လုံလောက်တယ်တဲ့။ ကျန်တာစုလို့ရတယ်၊ အဲဒီစုငွေနဲ့ အခန်းဝယ်တယ်၊ ကားဝယ်တယ်။ ဝယ်တဲ့အခါမှာလဲ ဆရာ၊ ဆရာမဆို အခွင့်အလမ်းပိုသာတဲ့ စနစ်တွေရှိတယ်တဲ့။ ကဲ ဒီက ဆရာ၊ ဆရာမတွေရဲ့လစာက အိမ်ငှားစရိတ်နဲ့တင် ကုန်သလောက်ရှိနေပြီ။ နောက် အခုရနေတဲ့လစာကလည်း ၁ ဒေါ်လာ ၆၅၀ ကျပ်တုန်းက ပေးထားတဲ့ လစာ။ အဲဒီတုန်းကတော့ တော်သေးတာပေါ့။ အခု ၁ ဒေါ်လာ ၁၅၀၀ ကျော်။ ၂ ဆကျော်လောက် တက်သွားပြီ။ လစာကတော့ ဒီအတိုင်းပဲ။ ဒီအခြေအနေကိုမှ အမြန်ဆုံး မပြုပြင်ရင် နောက် ၂ နှစ်အတွင်း မြန်မာ့ပညာရေးရဲ့ အလားအလာ ပိုဆိုးဖို့ပဲရှိပါတယ်။ 

“ဘုန်းကြီးကျောင်း ကပ်နေရ၊ ရွာလူကြီးအိမ်ကပ်နေရနဲ့ပါ”
 ဒေါက်တာဇော်မျိုးလှိုင် (ကထိက၊ ရူပဗေဒဌာန၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်)

လူမှုဘဝဖူလုံရေးဆိုတာ လူတစ်ယောက် အသက်ရှင်နေထိုင်ဖို့အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားရေး၊ ဝတ်ရေး၊ နေရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးတို့ကို ပြည့်စုံဖူလုံရေးကိုဆိုလိုတာလို့ နားလည်ထားပါတယ်။ လက်ရှိအနေအထားအရ ဆရာ၊ ဆရာမတွေအတွက် လူမှုဖူလုံရေး အဆင်မပြေပါဘူး။ အထူးသဖြင့် အခြေခံပညာဆရာ၊ ဆရာမတွေမှာ လူမှုဘဝ ပိုမိုအခက်ကြုံနေရပါတယ်။ လက်ရှိက လစာက စားဖို့အတွက်လောက်ပဲ လောက်ငရုံရှိပါတယ်။

နေရေးအတွက်က မိမိလစာနဲ့မဖြစ်နိုင်ပါဘူး။ မိဘအိမ် ကပ်နေရတာများပါတယ်။ သက်ဆိုင်ရာ ပညာရေးတာဝန်ရှိသူများကို အခွင့်သင့်လို့ တင်ပြတိုင်း ဆရာ၊ ဆရာမအင်အားကအရမ်းများလို့ အခြေခံအတွက် စီစဉ်ဖို့မလွယ်တဲ့အကြောင်း ပြောခံရပါတယ်။ လူများလို့ လုပ်မပေးနိုင်ဘူးဆိုတာ အဖြေမှန်မဟုတ်ပါဘူး။ တာဝန်များလို့ လူအများကြီး လိုအပ်တာပါ။ တာဝန်အများကြီးအတွက် ဆရာအများကြီး လိုတာလို့ မှတ်ယူရင် ဒီဆရာ၊ ဆရာမအများကြီးအတွက် မဖြစ်မနေအခြေခံကျောင်းတိုင်းမှာ ဝန်ထမ်း လိုင်းခန်းဆောက်ပေးရပါလိမ့်မယ်။ အဆင့်မြင့် တိုက်ခန်းမျိုးတွေထိ မရနိုင်ပေမယ့် ကျောတစ်ခင်းစာ၊ လူတစ်ကိုယ်စာအတွက်တော့ နေစရာစီစဉ်ပေးသင့်ပါတယ်။

နောက်ပြီး ဆရာ၊ ဆရာမဆိုတာ အလှည့်ကျရင် နယ်ထွက်တာဝန်ထမ်းဆောင်ရတာပါ။ ကိုယ်တာဝန်ကျတဲ့နေရာမှာ အစိုးရက စီစဉ်ပေးတဲ့ ဝန်ထမ်းအိမ်ရာ ရမှအဆင်ပြေတာပါ။ တက္ကသိုလ်တွေမှာတောင် တချို့ နယ်ကျောင်းတွေမှာ အခက်အခဲရှိနေပါသေးတယ်။ အခြေခံမှာတော့ အစိုးရကဆောက်ပေးတဲ့ ဝန်ထမ်းလိုင်းခန်းဆိုတာ မကြားဖူးသလောက်ပါ။ ဒေသခံမဟုတ်တဲ့ ဆရာ၊ ဆရာမတွေဆိုရင် တော်တော်အခက်ကြုံနေရတာပါ။ တာဝန်ထမ်းဖို့ ရောက်ရောက်ချင်းနေ့ဆို ဘယ်သွားနေရမှန်းတောင် မသိအောင်အခက်အခဲဖြစ်ကြတာရှိပါတယ်။ ဘုန်းကြီးကျောင်း ကပ်နေရ၊ ရွာလူကြီးအိမ်ကပ်နေရနဲ့ပါ။ နယ်မှာ ငှားစရာအိမ်တောင်မှ ရှိချင်မှရှိတာပါ။ နောက်ပြီးတော့ ကျန်းမာရေး စောင့်ရှောက်ခံရမှုအနေနဲ့တော့ ထူးပြောစရာကိုမရှိပါ။ အလုပ်သမားဥပဒေအရ ဝန်ထမ်းတွေပါ အလုပ်သမားအဖြစ် အကျုံးဝင်ပါတယ်။ အလုပ်သမားတွေရတဲ့ လူမှုဖူလုံရေးဆေးခန်းတွေမှာ အခမဲ့ ကုသခွင့်မျိုးကို ဆရာ၊ ဆရာမတွေ တိတိပပ မရပါဘူး။ 

အာဆီယံနိုင်ငံတွေနဲ့က နှိုင်းယှဉ်လို့ မရလောက်အောင် ကွာပါမယ်။ ဟောင်ကောင်တက္ကသိုလ် လေ့လာရေးခရီးမှာ အာဆီယံက ဆရာများနဲ့ ဆုံခဲ့ရဖူးပါတယ်။ သူတို့က မြန်မာပြည်က ဆရာတွေလစာ မေးပါတယ်။ အဲဒီအချိန်က ပါမောက္ခတစ်ယောက်လစာကို အမေရိကန်ဒေါ်လာပေါက်ဈေးနဲ့ အကြမ်းတွက်ပြလိုက်တယ်။ သူတို့ အရမ်းအံ့အားသင့်သွားသလို တစ်ယောက်က ထအော်တယ်။ WOW! Very Cheapest Professor တဲ့။ လက်ရှိမှာ ဆရာတွေ အလုပ်ထွက်နှုန်း အဆမတန်များလာနေတယ်။ ဒါ လူမှုဘဝဖူလုံမှု အာမခံချက်နည်းတာကြောင့်ဆိုတာ အသေအချာကောက်ချက်ချလို့ရပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေးဟာ သိပ်အရေးကြီးတယ်ဆိုတာ လက်ခံယုံကြည်တယ်ဆိုရင် ဆရာ၊ ဆရာမတွေရဲ့ လူမှုဘဝဖူလုံရေးဟာ အလွန်အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ 

ခိုင်ချယ်ရီထွန်း


  • VIA