News

POST TYPE

INTERVIEW

စည်ပင်ရွေးကောက်ပွဲတွင် တာမွေမြို့နယ် စည်ပင်ဥက္ကဋ္ဌနေရာအတွက် တစ်သီးပုဂ္ဂလယှဉ်ပြိုင်မည့် ဦးသန်းဝင်းနှင့် တွေ့ဆုံခြင်း
28-Feb-2019


လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

“မဲပေးမယ့်ရက်ကလည်း MMA ချန်ပီယံ ကိုအောင်လအန်ဆိုင်းပွဲ ရှိနေတယ်။ ပြည်သူတွေက စိတ်ဝင်စားမှု နည်းနေမယ်လို့ ထင်တယ် ”

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ်စည်ပင် သာယာဥက္ကဋ္ဌ ရာထူးအတွက် ဝင်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မြို့နယ်ကနေ ဝင်ပြိုင်မှာလဲ။
UTW : တာမွေမြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနေရာအတွက် ဝင်ပြိုင်မှာပါ။ ရည်ရွယ်ချက်ကတော့ဗျာ ကျွန်တော်တို့မြို့နယ်သူ မြို့နယ်သားတွေ အကျိုးအတွက် မြို့နယ်သာယာလှပရေးအတွက် ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ လုပ်ပေးချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းနဲ့ ဝင်ပြိုင်ဖြစ်တာပါ။

Voice : ဒုတိယမြို့တော်ဝန်ကို ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ကော်မတီဝင်ခြောက်ဦးနဲ့ တိုင်းအစိုးရက ခန့်အပ်ထားတဲ့ ကော်မတီဝင်ငါးဦးက မဲခွဲဆုံးဖြတ်ရွေးချယ်မယ်လို့ သိရပါတယ်။ ဒုတိယ မြို့တော်ဝန်က ပြည်သူတွေ ရွေးချယ်တင်မြှောက်မယ့် ကော်မတီဝင် ခြောက်ဦးထဲက ဖြစ်လာနိုင်ဖွယ်ရှိလား။
UTW : ကျွန်တော်တို့ကတော့ မြို့နယ်အဆင့်ကိုပဲ ဝင်ပြိုင်နိုင်တဲ့ အနေအထားရှိတယ်။ မြို့တော်ဝန်ကျတော့ ဥက္ကဋ္ဌအပါအဝင် ၁၁ ယောက်က ရွေးချယ်ပေးတဲ့သူက ဒုတိယမြို့တော်ဝန်ဖြစ်လာမယ်။ ဒါတွေကျတော့ အရည်အချင်းရှိတဲ့သူကို မှန်မှန်ကန်ကန် ရွေးချယ်လိမ့်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။

Voice : ဒီနှစ်စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလ ဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေရှိလာနိုင်မလား။
UTW : အခက်အခဲရယ်လို့တော့ မဟုတ်ဘူး။ နိုင်ငံရေးပါတီတွေက ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာ သူတို့တွေရဲ့ ပုံရိပ်ကိုသုံးစွဲလာတယ်။ ကျွန်တော်တို့က တစ်သီးပုဂ္ဂလ ကိုယ့်ဓာတ်ပုံနဲ့ ဝင်ပြိုင်ရတဲ့အတွက် စိန်ခေါ်မှုတစ်ခုလို့တော့ ထင်တယ်။ တစ်ခုရှိတာကတော့ မဲဆန္ဒနယ်ပြည်သူအားလုံးက မဲပေးလာနိုင်ခဲ့ မယ်ဆိုရင် သူနဲ့ကိုယ်နဲ့ အပြိုင်အဆိုင်လို ဖြစ်သွားမှာပေါ့။ တစ်ခုပဲရှိတယ် မဲဆန္ဒနယ်ရှင်တွေ မဲလာပေးဖို့ သက်ဆိုင်ရာရွေးကော်အဖွဲ့တွေက အသိပေးတာတွေ၊ ဗီနိုင်းတွေထောင်ပေးဖို့ လိုတယ်။ အဲဒါမှ မဲဆန္ဒရှင်တွေက မဲလာပေးကြမှာ။ သူတို့မှာ ဂရုရှိတယ်။ အင်အားတောင့်တယ်။ ကျွန်တော်တို့မှာ အင်အားမရှိဘူး။ ဂရုမရှိဘူး။ ပြည်သူတွေ မဲပေးလာဖို့ပဲ အဓိက လိုအပ်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ မြို့နယ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရရင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လိုမျိုးအချက်တွေ အဓိကထား ဆောင်ရွက်ပေးသွားဖို့ရှိလဲ။
UTW : အခုကတော့ မြို့နယ်တိုင်းမှာ ပြည်သူတွေ အဓိကခံစားနေရတာကတော့ ရေစီးရေလာ၊ နောက်ဖေးလမ်းကြားအမှိုက်တွေက စိန်ခေါ်မှုတစ်ရပ်ပေါ့။ ကိုယ်စားလှယ်လောင်းအားလုံးကလည်း ဒါကို ပြောတယ်။ ဒါတွေကို ဘယ်လိုဆောင်ရွက်မလဲဆိုတော့ ကျွန်တော်ကတော့ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ပူးပေါင်းပြီးတော့ လုပ်မယ်။ ကျွန်တော်ကတော့ ပြည်သူကို ဗဟိုပြုတဲ့ပုံစံနဲ့ပဲ သွားချင်တယ်။ ပြည်သူတွေ ပါဝင်လာမယ်ဆိုရင် ဒီလမ်းစဉ်က အောင်မြင်မယ်လို့ ထင်ပါတယ်။ အဓိကတော့ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်လာပြီး ပြိုင်တူတွန်းရင် ရွေ့နိုင်ပါတယ်။

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ်သက်တမ်းသာ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့် အချိန်ကာလ လုံလောက်မယ်ထင်သလား။
UTW : ကျွန်တော့်အမြင်ကတော့ မလုံလောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အထွေထွေ ရွေးကောက်ပွဲကြီး ပြီးသွားရင် စည်ပင်ရွေးကောက်ပွဲကို သုံးလအကြာမှာ လုပ်ပေးရမယ်လို့ ပြဋ္ဌာန်းခဲ့တာရှိတယ်။ ကျွန်တော်တို့က အားလုံးနဲ့ ပူးပေါင်းပြီး ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေကိုချပြချင်တယ်။ အလုပ်နဲ့ပဲ သက်သေပြချင်တယ်။ နိုင်တဲ့ဝန်ကို ထမ်းပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်သွားချင်တယ်။ ဒါပေမဲ့ တာဝန်ထမ်းခွင့်ကာလ နည်းနည်းလေး တိုတောင်းတဲ့အတွက် တော်တော်အရှိန်အဟုန်လေးမြှင့်ပြီး အလုပ်လုပ်မှ ရလိမ့်မယ်။

Voice : စည်ပင်ရွေးကောက်ပွဲအတွက် ရန်ကုန်မှာ နေထိုင်တဲ့သူတွေက ဘာကြောင့် မဲပေးသင့်တာလဲ။
UTW : ဒီလိုလမျိုးကြီး သတ်မှတ်လိုက်တာ နည်းနည်းလေးတော့ စဉ်းစားစရာလေးတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ မတ်လမှာ လုပ်တဲ့အတွက် စာမေးပွဲရှိတယ်။ ပြည်သူတွေက အဲဒီအပေါ်မှာ စိတ်ဝင်စားမှုနည်းတယ်။ နောက်တစ်ခုက ဘာရှိလဲဆိုတော့ မတ်လမှာ အကယ်ဒမီပေးပွဲရှိသေးတယ်။ ကျွန်တော်တို့ မဲပေးမယ့်ရက်ကလည်း MMA လက်ဝှေ့ချန်ပီယံ ကိုအောင်လအန်ဆိုင်း လက်ဝှေ့ထိုးမယ့် ပွဲရှိနေတယ်။ ပြည်သူတွေက စိတ်ဝင်စားမှု နည်းနေမယ်လို့ ထင်တယ်။ အဲဒါကြောင့် သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေရော၊ ရွေးကော်တွေအဖွဲ့တွေကရော မဲပေးဖို့ အသိပေးတာတွေလုပ်ပေးဖို့၊ ဘေဘုတ်တွေ၊ ဗီနိုင်းတွေထောင်ပြီး လုပ်မယ်ဆိုရင် ပြည်သူတွေ စိတ်ဝင်စားလာမယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတုန်းက မဲပေးတာ ၃၃ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ကျွန်တော်တို့ စည်ပင်ရွေးကောက်ပွဲမှာ အဲဒီလောက်တောင် ရှိပါ့မလားဆိုတာ တွေးမိပါတယ်။

Voice : အခုလက်ရှိမှာ စည်ပင်ဥပဒေအသစ် ထုတ်ပြန်ထားပြီးပြီ။ ဒါပေမဲ့ အဲဒီဥပဒေသစ်အတိုင်း အရေးယူမှုပိုင်းမှာ အားနည်းနေတယ်လို့ ဝေဖန်နေကြတာတွေရှိတယ်။ ဝင်ပြိုင်တဲ့သူတစ်ယောက်အနေနဲ့ အဲဒီအပေါ်မှာ ဘာပြောချင်သလဲ။ 
UTW : ဥပဒေကတော့ ပညာရှင်တွေက ထုတ်ထား ပြီးသားပဲ။ ထုတ်ထားပြီးသားအပေါ်မှာ အောက်ခြေက လိုက်လံဆောင်ရွက်တဲ့အခါကျတော့ မြေပြင်တွေမှာ ဆင်းရတဲ့ ဝန်ထမ်းတွေက အခက်အခဲတွေက ရှိတယ်။ စားဝတ်နေရေးက မပြည့်စုံတော့ အချို့က ကျူးကျော်ပြီး ဈေးရောင်းနေကြတယ်။ စည်ပင်သာယာက လိုက်လံဖမ်းဆီးလို့ရှိရင် ပြည်သူတွေအတွက် နစ်နာတယ်လို့ ထင်တယ်။ အဲဒီတော့ ပျံကျဈေးသည်တွေ စနစ်တကျဖြစ်အောင် ဘယ်အချိန်က ဘယ်အချိန်အထိဆိုပြီး အချိန်သတ်မှတ်ပြီးသွားမယ်ဆိုရင် တော်တော်လေးအဆင်ပြေမယ်လို့ ထင်တယ်။ အဲဒါမှသာ အရာအားလုံး အောင်မြင်မယ်လို့ ထင်တယ်။

Voice : ခင်ဗျားယှဉ်ပြိုင်တဲ့ မြို့နယ်မှာရော ဘယ်အချက်တွေ အဓိကပြောင်းလဲဖို့ လိုအပ်လဲ။ 
UTW : အဓိကတော့ ဘယ်လိုမျိုးအချက်တွေ ပြောင်းလဲသွားချင်လဲဆိုတော့ ပြည်သူတွေ ခံစားနေရတာက ရေစီးရေလာတို့၊ အမှိုက်တို့၊ ပျံကျဈေးသည်တွေ၊ ကျူးကျော်ဈေးသည်တွေပါ။ နောက်ပြီး ကားပါကင်နဲ့ ပတ်သက်တဲ့ကိစ္စတွေလည်း ရှိတယ်။ အိမ်ရှေ့မှာ ကားရပ်ရတာတွေ၊ မရပ်ရတာတွေ၊ အိမ်ရှေ့ ပိတ်ရပ်တာတွေ အဲဒါတွေကို စနစ်ကျအောင် လုပ်ရမယ်။ အချို့ကျတော့လည်း တိုင်လေးတွေ လုပ်ထားတယ်။ အဲဒါတွေများလာတဲ့အခါ ကားပါကင်နဲ့ပတ်သက်ပြီး ကိုယ်ထိလက်ရောက်လုပ်တာတွေလည်း တွေ့ရတယ်။ ကျွန်တော်ကတော့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ကားပါကင်နေရာကို စနစ်တကျဆောင်ရွက်ပေးမယ်ဆိုရင် ပြဿနာတွေ နည်းသွားမယ်လို့ ထင်ပါတယ်။

သက်သျှိုင်းသူ



  • VIA