News

POST TYPE

INTERVIEW

ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း
27-Feb-2019
စာမေးပွဲကာလ စားသောက်နေထိုင်မှု

“ကလေးတွေကို ကောင်းတာကျွေးချင်တယ်ဆိုရင် အိမ်မှာချက်ကျွေးပါ”



မာကြာမီ ရက်ပိုင်းအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် စာမေးပွဲကာလအတွင်း အာဟာရပြည့်ဝလန်းဆန်းစွာဖြင့် ကျက်မှတ်ထားသည့် စာများကို ကောင်းမွန်စွာဖြေဆိုနိုင်ရေးအတွက် ကျန်းမာနေရန် အရေးကြီးလှပါသည်။ ထို့အတွက် ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ထိန်းသူများအနေနှင့် ၎င်းတို့ စားသောက်နေထိုင်မှုနှင့်ပတ်သက်၍ ကြိုတင်သတိပြုသင့်သည့်အချက်များကို အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် The Voice Daily က မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စာမေးပွဲမဖြေခင် ဒီလိုရက်ပိုင်းကစပြီး အာဟာရဖြစ်စေမယ့် ဘယ်လိုအစားအသောက်မျိုးကို စားသုံးသင့်ပါသလဲ။
Dr.NNK : အခု ကလေးတွေက စာမေးပွဲနီးနေပြီ ဆိုတော့ စိတ်ဖိအား (Stress) အရမ်းများတဲ့အချိန်ပေါ့။ ဒီလိုမျိုးအခြေအနေတွေမှာ လူကြီးတွေအနေနဲ့ အစားကျွေးမယ်ဆိုရင် တစ်ခါတည်းနဲ့ အများကြီးကျွေးတာမျိုးတွေ မလုပ်သင့်ပါဘူး။ မနက်စာ၊ နေ့လယ်စာ၊ ညစာ ဆိုပြီး ကျွေးမယ့်အစား နည်းနည်းစီနဲ့ ခဏခဏကျွေးသင့်ပါတယ်။ ဒါမှပဲ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်က အမြဲတမ်းရှိနေတော့ စာကျက်ရတာကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးမှာ ဖြစ်တယ်။ ကလေးတွေကို ကျွေးတဲ့အခါမှာဆိုရင် ဗီတာမင်-စီ ကြွယ်ဝတဲ့ အစားအစာတွေ၊ အသီးအနှံတွေ ကျွေးခြင်းအားဖြင့် စိတ်ကို ကြည်လင်လာစေတယ်။ အဲဒီလိုအချိန်မှာ သတိထားရမှာက ချဉ်တဲ့အသီးတွေကို ကလေးတွေ စိတ်လန်းအောင်လို့ ကျွေးတာမှန်ပေမယ့် တချို့က ငံပြာရည်၊ ငရုတ်သီးမှုန့်တွေပါတဲ့ အချဉ်ပေါင်းလိုမျိုးကျွေးရင် ငံပြာရည်က သွေးတိုးစေပြီးတော့ စာကျက်တဲ့နေရာမှာ အနှောင့်အယှက်ပေးနိုင်ပါတယ်။ နောက်တစ်ခု ကျွေးလို့ရတာက ချောကလက်အညို (Dark Chocolate) ပါ။ ၇၀ ရာခိုင်နှုန်း ကိုကိုး (Cocoa) ပါတဲ့ ချောကလက်ကျွေးခြင်းအားဖြင့် စိတ်ကြည်လင်စေပါတယ်။ နောက်ပြီး အသီးအရွက်အစုံကျွေးလို့ရပါတယ်။ ပြီးတော့ ကလေးတွေ မှတ်ဉာဏ်အားကောင်းအောင်လို့ ကြက်ဥတစ်လုံး စားခိုင်းပါတယ်။ စားတဲ့အခါမှာလည်း အကာချည်းပဲ မဟုတ်ဘဲနဲ့ အနှစ်ကိုပါ စားခိုင်းပါတယ်။ နောက်တစ်ခုက ပင်လယ်ငါးပေါ့။ တူနာ၊ ဆော်လမွန် စတာတွေအပြင် ငါးမြင်း၊ ငါးတန်တို့ကလည်း စိတ်ကြည်လင်ပြီး မှတ်ဉာဏ်ကို ပိုကောင်းစေပါတယ်။ နောက်တစ်ခုက အစေ့အဆန်တွေဖြစ်တဲ့ သီဟိုဠ်စေ့၊ နေကြာစေ့လိုမျိုးတွေကို အိပ်ခါနီးရင် စားခိုင်းသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက Stress များနေတော့ အိပ်မပျော်တာတွေဖြစ်တတ်တော့ ဒါမျိုးစားပေးခြင်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတယ်။ နောက်ပြီး အချဉ်ဖောက်ထားတဲ့အစားအစာဖြစ်တဲ့ ဒိန်ချဉ်စားပေးခြင်းက အူလမ်းကြောင်းမှာရှိတဲ့ မကောင်းတဲ့ ဗက်တီးရီးယားတွေကို ဖယ်ရှားပေးတာကြောင့် စိတ်ကိုပိုကြည်လင်စေတယ်။ အိပ်ခါနီးရင်တော့ နွားနို့ပူပူလေးတစ်ခွက် တိုက်သင့်ပါတယ်။ ဒီလိုသောက်ခြင်းက အိပ်တဲ့အခါ ချက်ချင်းအိပ်ပျော်သွားပြီးတော့ မနက်မိုးလင်းနိုးတဲ့အချိန်ကျရင်လည်း လန်းဆန်းစွာနဲ့ ထနိုင်မှာဖြစ်တယ်။

Voice : ဟုတ်ကဲ့။ ဘယ်လိုအစားအသောက်မျိုးတွေကို ရှောင်သင့်ပါသလဲ။
Dr.NNK : မိဘတွေက ကလေးတွေကို စာမေးပွဲကာလဆိုရင် ပိုပြီးကောင်းတာတွေကျွေးချင်တယ်။ ဒီတော့ အပြင်ကနေ ဝယ်ကျွေးတာတွေလုပ်ကြတယ်။ အမှန်တကယ်တော့ အဲဒီလိုလုပ်တာတွေက နည်းနည်းလွဲပါတယ်။ အပြင်က ရောင်းတဲ့အစားအသောက်တွေက အချိုမှုန့်တွေ၊ ဆားတွေအများကြီးပါနေတယ်။ အဲဒါတွေကြောင့် ကလေးကိုလေးသွားပြီး ထုံထိုင်းသွားစေတယ်။ သွေးတိုးသလိုမျိုးပေါ့။ ကလေးဖြစ်လို့ သွေးတိုးတာမဟုတ်ရင်တောင်မှ အချိုမှုန့်ပါတဲ့ အစားအစာတွေစားလိုက်တဲ့အခါ ခေါင်းကိုနည်းနည်းမူးစေတယ်။ စာကျက်တဲ့နေရာမှာ ဒါတွေက ပိုအနှောင့်အယှက်ပေးနိုင်တယ်။ အိပ်ငိုက်တာတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ကလေးတွေကို ကောင်းတာကျွေးချင်တယ်ဆိုရင် အိမ်မှာချက်ကျွေးပါ၊ အသီးအနှံတွေကျွေးပါ၊ အပေါ်မှာပြောခဲ့သလို အစားအစာတွေကျွေးမယ်ဆိုရင်တော့ ရပါပြီ။ အချဉ်ပေါင်းတွေ၊ လမ်းဘေးကအစား အသောက်တွေကိုတော့ စာမေးပွဲကာလမှာ သတိထားပြီးတော့ ရှောင်ကျွေးသင့်ပါတယ်။

Voice : ဟုတ်ကဲ့ဆရာ။ တချို့ကလေးတွေကျတော့လည်း စာကျက်တဲ့အခါမှာ လန်းနေအောင်၊ အိပ်မငိုက်အောင် အချိုရည်တွေ၊ ကော်ဖီတွေ သောက်ကြတာရှိပါတယ်။ ဒီလိုသောက်ခြင်းကရော ဘယ်လိုသက်ရောက်မှုမျိုးတွေ ရှိနိုင်ပါသလဲ။
Dr.NNK : တချို့တွေက အားဖြည့်အချိုရည်တွေ သောက်ကြတယ်။ သောက်လိုက်ပြီး စာကျက်နေတုန်းကတော့လန်းတယ်။ သောက်ပြီးသွားတဲ့အချိန်မှာ လူကချက်ချင်း ငေါင်ကျသွားတယ်၊ နုံးသွားတယ်။ အဲဒါကို သတိထားသင့်ပါတယ်။ ကော်ဖီကိုတော့ ပေးသောက်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျရင် အရမ်းကို Stress များပြီးတော့ စိတ်လှုပ်ရှားမှုများနေတဲ့ အချိန်ကျရင် နှလုံးခုန်နှုန်းတွေမြန်တတ်တဲ့သူ၊ ရင်တုန်လွန်းတဲ့ ကလေးတွေကတော့ ကော်ဖီ၊ လက်ဖက်ရည်တွေ မသောက်သင့်ပါဘူး။ ပုံမှန်အတိုင်းလန်းချင်လို့ သောက်မယ်ဆိုရင်တော့ အဲဒီအရွယ်ကလေးတစ်ယောက်အနေနဲ့ကတော့ တစ်ခွက်၊ နှစ်ခွက်လောက် သောက်လို့ရပါတယ်။ Black ကော်ဖီတော့ မသောက်ခိုင်းပါနဲ့။ တချို့ကလေးတွေက စာမေးပွဲကာလမှာဆိုရင် အစားသိပ်မဝင်တော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေသိပ်မရဘူး။ အဲ့ဒီလိုဆိုရင်တော့ ဗီတာမင်-ဘီနဲ့ စီပါတဲ့အားဆေး တစ်ခုခုကိုသောက်လိုက်ရင် လန်းစေပါတယ်။ ဗီတာမင်-ဘီနဲ့ စီတို့ကကျတော့ သောက်တာများရင်လည်း ဆီးထဲက ပြန်ထွက်သွားတဲ့အတွက် အန္တရာယ်မပေးဘူး။ ဒါပေမဲ့ ရေရှည်တော့ စွဲမသောက်သင့်ဘူး။ အခုလိုစာမေးပွဲနီးတဲ့ ရက်ပိုင်းအလိုမှာ သောက်တာတော့ သိပ်ပြဿနာမရှိတော့ဘူး။

Voice : ကလေးတွေအနေနဲ့ အိပ်ချိန်ကရော ဘယ်လိုအချိန်တွေမှာ အိပ်သင့်ပါသလဲ။
Dr.NNK : ပုံမှန်အတိုင်းဆိုရင်တော့ တစ်နေ့ကို ၆ နာရီကနေ ၈ နာရီ အိပ်သင့်တာပေါ့။ စာမေးပွဲဖြေမယ့် ကလေးတစ်ယောက်အတွက် ၈ နာရီအထိအိပ်တော့လည်း စာတွေမပြီးမှာဆိုရင်တော့ ၆ နာရီအိပ်သင့်တယ်။ တစ်နှစ်လုံးကျက်ထားတဲ့စာဖြစ်တဲ့အတွက်ကြောင့် ဒီလိုဆယ်ရက်လောက်လိုတဲ့အခါမှ တစ်နေ့ ၃ နာရီလောက်ပဲအိပ်ပြီး စာကျက်တာမျိုး၊ ည ၂ နာရီလောက်မှအိပ်ပြီး မနက် ၅ နာရီလောက်ထ စာကျက်တာမျိုးကို သိပ်အားမပေးဘူး။ မနက်စောစောထတာ လန်းတဲ့အတွက် အားပေးတယ်။ မနက်စောစောထရင်တော့ ညဘက် ၁၁ နာရီ၊ ၁၂ နာရီလောက်မှာ အိပ်သင့်တယ်။ ဒါမှပဲ စာကမှတ်မိမှာ။ ဒီလိုမဟုတ်ဘဲ ၃ နာရီလောက်ပဲအိပ်ရင် တစ်နှစ်လုံး ဘယ်လောက်ပဲကျက်ထား စာမေးပွဲခန်းရောက်ရင် သိရဲ့သားနဲ့ လုံးဝမမှတ်မိသလို ဖြစ်သွားတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်ဖို့လိုအပ်ပါတယ်။ အနည်းဆုံး ၆ နာရီအိပ်ဖို့ လိုအပ်ပါတယ်။

Voice : ဟုတ်ကဲ့။ အခုက တဖြည်းဖြည်းနဲ့ ပူလာတယ်ဆိုတော့ ကလေးတွေအနေနဲ့ ဘယ်လိုနေထိုင်သင့်ပါသလဲ။
Dr.NNK : ရာသီဥတုက အရမ်းပူလာတော့ သီးစုံဓာတ်ဆားလိုမျိုးသောက်ပေးသင့်တယ်။ ချွေးအရမ်းထွက်နေရင်တော့ သီးစုံဓာတ်ဆားလောက်နဲ့မရတော့ဘူး။ BPI ဓာတ်ဆားသောက်ဖို့လိုတယ်။ ပုံမှန်အခြေအနေမှာဆိုရင်တော့ သံဓာတ်ဖြည့် အချိုရည်၊ သီးစုံဓာတ်ဆားတွေကို အလျဉ်းသင့်သလို သောက်ပေးလို့ရတယ်။

Voice : စာမေးပွဲနီးလာပြီဆိုတော့ ကလေးတွေအနေနဲ့ Stress အနည်းနဲ့အများတော့ ရှိကြတယ်။ ဒီလို Stress တွေ မများအောင်နဲ့ Stress တွေရှိခဲ့ရင် ဘယ်လိုနေထိုင်သင့်ပါသလဲဆရာ။
Dr.NNK : စာမေးပွဲနီးပြီဆိုရင်တော့ Stress များကြတယ်။ အဓိက လုပ်နိုင်တာက တရားထိုင်တာမျိုးပေါ့။ ကလေးက ငယ်သေးလို့ တရားထိုင်တာမျိုးမလုပ် တတ်ဘူးဆိုရင်လည်း လေပြင်းပြင်းရှူတာကို ငါးမိနစ်လောက်လုပ်သင့်ပါတယ်။ ဘာမှမစဉ်းစားဘဲနဲ့ကို လေရှူသွင်း၊ ရှူထုတ်လုပ်ရင် နည်းနည်းလျော့သွားတယ်။ နောက်တစ်ခုက ကလေးတွေရဲ့ လည်ပင်းကို အဝတ်နွေးလေးနဲ့ အုပ်ပေးတာ ပတ်ပေးတာကို ၁၅ မိနစ်လောက်လုပ်ပေးတာမျိုး၊ ကြွက်သားတွေကို နည်းနည်းနှိပ်ပေးတာမျိုးလုပ်ပေးရင် Stress နည်းသွားတယ်။ နောက်တစ်ခုက အခုဖြစ်နေတဲ့အချိန်ကိုပဲ စဉ်းစားစေချင်တယ်။ အရင်က အမှတ်မကောင်းခဲ့တာတွေကို ပြန်မစဉ်းစားဘဲနဲ့ ရှိနေတဲ့ အခြေအနေလေး အတိုင်းပဲနေစေချင်တယ်။ အရင်ဖြစ်ခဲ့တာတွေကို ပြန်စဉ်းစားရင် Stress က ပိုတက်လာတယ်။ နောက်ပြီး စာကို ၃ နာရီလောက် ဆက်တိုက်ကျက်ပြီးရင် ကိုယ်ကြိုက်တဲ့သီချင်းကိုဖွင့်တာ၊ အော်ဆိုတာ တစ်ခုခုလုပ်လိုက်ရင် Stress လျော့တယ်။ စာကို တစ်ထိုင်တည်းမဟုတ်ဘဲ အညောင်းအညာပြေအောင် လမ်းလျှောက်ပြီး ကျက်တာမျိုးတွေလုပ်ပေးသင့်တယ်။ မျက်စိအရမ်းညောင်းလာတဲ့အချိန်ကျရင်တော့ ပြတင်းပေါက်ကတစ်ဆင့် မျက်လုံးကို ဘာမှအာရုံစူးစိုက်မထားဘဲနဲ့ ၃ မိနစ်လောက် မျက်စိတစ် ဆုံးတစ်ချက်ကြည့်လိုက်တာမျိုးလုပ်ရင် မျက်စိညောင်းတာကိုရော၊ Stress ကိုရော သက်သာစေပါတယ်။

Voice : ဟုတ်ကဲ့။ စာမေးပွဲဖြေဆိုမယ့် ကလေးတွေအတွက် ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
Dr.NNK :  ကလေးတွေက တက္ကသိုလ်ဝင်တန်းက အရေးကြီးတယ်။ အမှတ်တွေလည်း အများကြီးရချင်ကြတယ်။ ကျွန်တော့်အနေနဲ့ ပေးချင်တဲ့အကြံဉာဏ်ကတော့ ကလေးမိဘတွေအနေနဲ့ ကလေးတွေ တစ်နှစ်လုံး ကျက်ပြီးသွားတဲ့စာကို ရသင့်သလောက်ရနေပါပြီ။ ဒီအပေါ် အရမ်းဖိအားမပေးပါနဲ့။ အကောင်းဆုံးပုံစံလေးနဲ့ စာကျက်ခိုင်းပါ။ စာကျက်ခိုင်းတဲ့အခါမှာလည်း နားချိန်လေးခဏပေးပါ။ အာဟာရပြည့်ပြည့်ဝ၀ လေးစားခိုင်းပါ။ ဖြစ်စေချင်ဇောနဲ့ အစာတွေအများကြီး ကျွေးတာက ကလေးတွေကို လေးလံစေပါတယ်။ စာမေးပွဲကာလအတွင်း နည်းနည်းနဲ့ ခဏခဏကျွေးပါ။ အပြင်စာတွေမကျွေးပါနဲ့။ အပေါ်ကပြောခဲ့တဲ့ နည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ပြီး စာမေးပွဲမှာ အကောင်းဆုံးဖြေဆိုနိုင်ပါစေ။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။

သီတာဆွေ