News

POST TYPE

INTERVIEW

ဗိုလ်တထောင်မြို့နယ် စည်ပင်ဥက္ကဋ္ဌနေရာအတွက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါ်မိမိအောင်နှင့် တွေ့ဆုံခြင်း
27-Feb-2019


လာမည့်မတ်လ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့တော်စည်ပင်ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသူများအနက် သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် လူသိများထင်ရှားသူ ကိုယ်စားလှယ်လောင်းများနှင့် ဆက်သွယ်မေးမြန်းထားသည်များကို The Voice Daily ပရိသတ်များအတွက် ဖေဖော်ဝါရီလ ၁၁ ရက် တနင်္လာနေ့မှစ၍ သောကြာနေ့အထိ အပတ်စဉ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

“အခုထိကို အနီကိုရွေးမယ် အစိမ်းကိုရွေးမယ်။ တစ်သီးပုဂ္ဂလတွေရှိတာ ပြည်သူတွေမသိသေးဘူး”

Voice : စည်ပင်ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လျှောက်ထားတယ်လို့ သိရပါတယ်။ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်မှာလဲ။
DMMA : ကျွန်မက ဒေါ်မိမိအောင်ပါ။ ဗိုလ်တထောင်မြို့နယ် စည်ပင်ဥက္ကဋ္ဌနေရာအတွက် ဝင်ပြိုင်မှာပါ။ မဲဆန္ဒနယ် ၄ ကနေ ဝင်ပြိုင်မှာပါ။ 

Voice : အကယ်၍ စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဘာတွေလုပ်ပေးချင်သလဲ။
DMMA : ပထမတစ်ကြိမ်လုပ်ခဲ့ပြီးပြီ။ အဖွဲ့ဝင်-၂ နေရာမှာ လုပ်ခဲ့တယ်။ တစ်နှစ်ခြောက်လ လုပ်ခဲ့တယ်။ အဲ့ဒီတုန်းက လုပ်ပေးချင်တာလေးတွေ ကျန်ခဲ့သေးတယ်။ အခုရွေးကောက်ပွဲမှာ ဝင်ပြိုင်ချင်သေးတယ်။ လမ်းဘေးဈေးသည် လျှော့ချတာ၊ ကားပါကင်ကိစ္စတွေ လုပ်ချင်တယ်။ 

Voice : ဒီနှစ်စည်ပင်ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်တဲ့သူတွေအနေနဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိလာနိုင်မလား။ 
DMMA : အခုက မည်သည့်ပါတီမဆို ဝင်ပြိုင်လို့ ရတယ်လို့ ပါလာတယ်။ အရင်က ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ပေါ့။ တကယ်ကို လူမှုရေးလုပ်တဲ့သူတွေ၊ ဘယ်လောက်လုပ်ခဲ့သလဲဆို ၁၀ နှစ်၊ ၁၂ နှစ် လုပ်ခဲ့သူတွေပေါ့။ အစ်မနဲ့လည်း ကိုက်ညီတော့ လုပ်ဖြစ်ခဲ့တယ်။ အစ်မက မြို့နယ်အမျိုးသမီးရေးရာမှာ အတွင်းရေးမှူး ၁၅ နှစ်လုပ်ခဲ့တယ်။ အစ်မနဲ့ ကိုက်ညီလို့ မြို့နယ်လူထုက ရွေးချယ်ခဲ့တယ်။ တကယ်လည်း လုပ်ပေးခဲ့ရတယ်။ ဝန်ထမ်းနဲ့ ပြည်သူကြားထဲမှ လုပ်ရတာ အစ်မအတွက် အဆင်ပြေတယ်။ တချို့ကျ အဆင်မပြေဘူး။ ကျွန်မကတော့ လုပ်ရတဲ့ သက်တမ်းတိုသွားတာပဲ ရှိတယ်။ လုပ်ချင်တာ တော်တော်များများ ကျန်ခဲ့တယ်။ ကိုယ့်ကိုကြိုက်တဲ့သူ တော်တော်များများရှိတယ်။ ပါတီနဲ့ မဆိုင်ဘူးဆိုတာကို သိကြတယ်။ အခုကတော့ အနီကိုပေးမယ်၊ အစိမ်းကို ပေးမယ်ဆိုပြီး ပြဿနာတော့ တက်နေကြတာပဲ။ အခုထိကို အနီကိုရွေးမယ်၊ အစိမ်းကိုရွေးမယ်။ တစ်သီးပုဂ္ဂလတွေရှိတာ ပြည်သူတွေ မသိသေးဘူး။ ပါတီတံဆိပ်ကိုကြည့်ရင်တော့ တစ်မျိုးဖြစ်မလားပေါ့ စိုးရိမ်တယ်။ အစ်မတို့အနေနဲ့က စည်ပင်ဆိုတာ လူမှုရေးလုပ်ရမယ်။ ကိုယ့်ထက် လုပ်နိုင်မယ့်သူကို ပြည်သူက ရွေးသွားလည်း ကိစ္စမရှိပါဘူး။ ကိုယ့်ထက် လုပ်ပေးနိုင်ရင် ကျေနပ်တယ်။ 

Voice : စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တာဝန်ထမ်းဆောင်ခွင့်က ၂ နှစ်သက်တမ်းသာ ထမ်းဆောင်ခွင့်ရတဲ့အတွက် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆောင်ရွက်မယ့် အချိန်ကာလ လုံလောက်မယ်ထင်သလား။ 
DMMA : လမ်းမသန့်ရှင်းတာ၊ မိလ္လာပြဿနာတွေရှိတယ်။ အစ်မတို့မြို့နယ်မှာက နောက်ဖေးလမ်းကြား အမှိုက်ပြဿနာကျန်ခဲ့တယ်။ အဲဒါတွေ ဦးစားပေးလုပ်ချင်တယ်။ ဈေးသည်၊ ကားပါးကင်က တဖြည်းဖြည်းချင်းလုပ်ရမယ်။ ကားပါကင်ကိစ္စ၊ လမ်းဘေးဈေးသည်ကိစ္စ၊ အဓိကတော့ ညအိပ်ဈေးသည်ကိစ္စ၊ အဆောက်အအုံကိစ္စတွေ လုပ်ရမယ်။ အဆောက်အအုံ ပြင်ဆင်ခွင့်တင်တာ တော်တော်ဆိုးဝါးတယ်။ အဲ့ဒါထိန်းရမယ်။

Voice : ယခုလက်ရှိမှာ စည်ပင်ဥပဒေအသစ်ကိုလည်း ပြဋ္ဌာန်းထားပြီးပြီ။ ဆိုတော့ အားနည်းချက်၊ အားသာချက်က ဘာတွေလဲ။
DMMA : ပြစ်ဒဏ်တွေများနေတယ်။ အစ်မတို့ စိုးရိမ်တာက စည်ပင်ဝန်ထမ်းနဲ့ ပြည်သူကြားမှာ အစ်မတို့ ခေါင်းစားမယ့်ကိစ္စပေါ့။ တကယ်လက်တွေ့ ကျင့်သုံးလားဆိုတဲ့အပေါ် မူတည်တယ်။ သတ်မှတ်လိုက်တဲ့ ဥပဒေအပေါ် ဖြေလျှော့လား၊ တကယ်ပဲသုံးလားပေါ့။ လက်တွေ့မှာ ကွဲပြားသွားမယ်ထင်တယ်။

Voice : စည်ပင်ရွေးကောက်ပွဲအပေါ်မှာ ပြည်သူတွေ စိတ်ဝင်စားမှုကရော ဘယ်လိုရှိသလဲ။
DMMA : အခုက ပြည်သူတွေက ဒီလူတွေ ပြိုင်ကြမယ်။ သူတို့ကို ဘာလုပ်ပေးမလဲဆိုတာကို မသိသေးဘူး။ ဒီလူတွေ ဘာလို့စည်ပင်ရွေးကောက်ပွဲ ဝင်တာလဲဆိုတာ မသိဘူး။ ပြီးခဲ့တဲ့သက်တမ်းက တစ်နှစ်ခြောက်လဆိုတော့ သက်တမ်းတိုသွားတယ်။ အရမ်းကြီးထင်ထင်ပေါ်ပေါ် လုပ်ဖို့ မရှိသေးဘူး။ တချို့ ကော်မတီဝင်ဆို လေ့လာနေတယ်။ ဘတ်ဂျက်တွေ ဆွဲနေတယ်။ ကိုယ်လိုချင်တာကို စည်ပင်က မြို့နယ် တာဝန်ခံတွေနဲ့ ညှိနေတုန်းရှိသေးတယ်။ ရပ်သွားတော့ တချို့က မသိလိုက်ဘူး။ တချို့ကလည်း ကော်မတီဝင်တွေကို လစာ စားသွားတယ်၊ အလုပ် မလုပ်ဘူးလို့မြင်တယ်။ စည်ပင်သာယာသည် အလုပ်လုပ်ပေးမယ်လို့ မထင်သေးဘူး။ သူတို့ စိတ်ဝင်စားတာက ကြားဖြတ်ရွေးကောက်ပွဲပြီးတာကလည်း ဘယ်လောက်မှ မကြာသေးဘူးဆိုတော့ မကွဲပြားဘူး ဖြစ်နေတယ်။ အစ်မတို့ဖြစ်စေချင်တာက စည်ပင်ကို စည်ပင်လို့ မြင်စေချင်တယ်။ ရွေးကောက်ပွဲကို ရွေးကောက်ပွဲလို့ မြင်တယ်။ အစိုးရအဖွဲ့မဟုတ်ဘူး။ ကိုယ့်ရဲ့ မြို့နယ်၊ ခရိုင်အတွက် လုပ်နေတယ်ဆိုတာကို မမြင်သေးဘူး။ စည်ပင်သာယာဆို တက်လာရင် လစာ စားမယ်၊ ရာထူးတွေယူပြီး ထိုင်နေမယ်လို့ပဲ မြင်နေကြတာ။ 

Voice : မဲဆွယ်ကာလရောက်ဖို့ ရက်ပိုင်းပဲလိုတော့တာဆိုတော့ ဘာတွေပြင်ဆင်ထားပြီးပြီလဲ။ 
DMMA : ခေတ်အခြေအနေအရ အရင်က ပါတီနိုင်ငံရေးကိစ္စ ကင်းရှင်းရမယ်။ အခုက ပါတီတွေ ဝင်လာတယ်။ အစ်မမြို့နယ်က လူကိုဦးစားပေး ရွေးချယ်ဖို့များတယ်။ ပါတီ Logo လည်း သိပ်ပြီး မစိုးရိမ်ဘူး။ အစ်မမြို့နယ်က မမိမိအောင် ဝင်မပြိုင်ဘူး နော်ဆိုပြီး အစ်မ မပါမှာကို စိုးရိမ်ကြတယ်။ မဲဆွယ် ကာလကျရင် လက်ကမ်းစာစောင်ဝေမယ်။ ပြည်သူတွေနဲ့ တွေ့ပြီး စကားပြောမယ် ဒီလောက်ပါပဲ။ စည်ပင်သာယာတွဲပြီး ကျန်းမားရေးဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး အမျိုးသမီးရေးရာ ကိစ္စတွေ လုပ်ခဲ့တာဆိုတော့ အစ်မအတွက် အခက်အခဲမရှိဘူး။ 

Voice : စည်ပင်ရွေးကောက်ပွဲ အနိုင်ရတဲ့သူက ၂ နှစ်သက်တမ်းပဲရှိတော့ အချိန်လုံလောက်ပါမလား။ 
DMMA : ၂ နှစ်တာ သက်တမ်းရွေးချယ်ခံရရင် ဟိုတစ်ခါလိုဖြစ်မလားပေါ့။ အစ်မက ရှေ့မှာလည်း လုပ်ခဲ့တာရှိတော့ ရုံးပေါ်ရောက်တာနဲ့ ဘယ်ကဏ္ဍကို စလုပ်ရမလဲဆိုတာ သဘောပေါက်နေပြီ။ ထိရောက်မှု ရှိမယ်မြင်တယ်။ အစ်မတို့လက်ထက်က စည်ပင်သာယာ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လုပ်ပိုင်ခွင့် ဘယ်လိုပေးမယ်ပြောပေမယ့် တကယ်ကို ထိထိရောက်ရောက် လုပ်ပိုင်ခွင့် မပေးခဲ့တာ ရှိခဲ့တယ်။ ပြည်သူတွေ စိတ်ချမယုံကြည်ဘူးပေါ့။

ခင်မြတ်မြတ်ဝေ



  • VIA